🔥 ရေပန်းစားသောအကြောင်းအရာ

ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးလိုက်ပါနဲ့!

ခြင်ကိုက်ခံရတာများ ဘာဆန်းနေလို့လည်း အရေပြားပေါ်မှာ အနီရောင်အဖုလေးလောက်ဖြစ်တာ သနပ်ခါးရေကျဲလေး အုံလိုက်ရင် ရက်ပိုင်းဆို သက်သာသွားမှာပဲလို့ တွေးနေတာလား မေမေဖေဖေတို့ရေ။ တကယ်ကတော့ ခြင်ကိုက်တာက အရေပြားပေါ်က ခြင်ကိုက်ဖု သေးသေးလေး ဆိုတာထက်ပိုပြီး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ရှိပါတယ်။


ခြင်ကိုက်တာကြောင့် ကလေးကို အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ ခြင်ကိုက်တာကြောင့် ကလေးကို အသက်အန္တရာယ်ဖြစ်စေနိုင်သလို အသက်မဆုံးရှုံးခဲ့ရင်တောင် တစ်သက်လုံး မသန်စွမ်းတဲ့ အနေအထားဖြစ်စေနိုင်တဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်စေနိုင်ပါတယ်။


ဂျပန် ဦးနှောက်ရောင်ရောဂါဟာ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။


ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ရာသက်ပန် အသိဉာဏ်ချို့ယွင်းတာ၊ စကားမပြောနိုင်တာ၊ မလှုပ်ရှားနိုင်တာ၊ တက်တာ၊ ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ အာရုံကြော ထိခိုက် ပျက်စီးတာတွေကို ခံစားရစေနိုင်ပါတယ်။


ဒီရောဂါက တစ်ကြိမ်တစ်ခါလောက်ပဲ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်မိရုံနဲ့ ကူးစက်ခံစားရနိုင်တာပါ။ အရေပြားပေါ်မှာက ခြင်ကိုက်လို့ ဖြစ်တဲ့ ခြင်ကိုက်ဖုလေးပဲ ဆိုပေမယ့် ခြင်ကိုက်တဲ့နေရာကနေ ခြင်က ကိုယ်ထဲကို ပို့လွှတ်လိုက်တဲ့ ရောဂါပိုးကတော့ ကလေးကို အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်ပါတယ်။ ဒါကြောင့် ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ဘေဘီလေးတွေကို ခြင်ကိုက်မခံရအောင် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။


ခြင်ကိုက်မခံရအောင် ဂရုစိုက်ရင်ကို လုံလောက်ပြီလား!


ကလေးကို ခြင်ကိုက် မခံရအောင် အပြင် ကာကွယ်ဆေး ထိုးနှံပေးပြီး ဘေဘီလေးကို ဒီကြောက်စရာကောင်းတဲ့ ရောဂါဘေးကနေ ကာကွယ်နိုင်ပါတယ်။ ဂျပန် ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးက Japanese encephalitis virus လို့ခေါ်တဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ကာကွယ်ပေးပါတယ်။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကို ရောဂါမဖြစ်အောင် ခုခံ တိုက်ထုတ်ဖို့ ကူညီပေးပါတယ်။ ဘေဘီလေး အသက် ၉ လ ဆိုတာနဲ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စထိုးပေးလို့ရပါပြီ။ primary immunization (ကနဦး ကာကွယ်ဆေး)အနေနဲ့ အသက် ၉ လမှာ တစ်ကြိမ် ထိုးပေးရပါမယ်။ ဘေဘီလေးကို ထပ်ဆောင်းကာကွယ်ဆေး (booster dose) ထိုးချင်ရင် နောက်တစ်နှစ်၊ နှစ်နှစ်လောက်နေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။


ဒါကြောင့် ဘေဘီလေးကို ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးချင်တယ်ဆိုရင် ခြင်ကိုက်မခံရအောင် ကာကွယ်ပေးတာနဲ့အတူ လုံလောက်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံထားပေးဖို့ပါ။


ကဲ…….. ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့မတွေးဖို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိပြီဟုတ်။ ခြင်မကိုက်စေနဲ့လို့ ပြောတာကို နားမငြီးဘဲ ဘေဘီလေးကို ခြင်ကိုက် မခံရအောင် သေချာလေး ဂရုစိုက်ပေးလို့ ကာကွယ်ဆေးတွေလည်း မှန်မှန်ထိုးပေးကြစို့နော်။


#HelloMomandBaby #Parenting #BabyCare #ShortArticle

ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးလိုက်ပါနဲ့!ခြင်ကိုက်တာကို ခပ်ပေါ့ပေါ့ မတွေးလိုက်ပါနဲ့!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်