ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ဗိုက်ကြောပြတ်ရာတွေကို သက်သာစေဖို့ ဘာလုပ်ကြမယ် စိတ်ကူးလဲ မေမေတို့!
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ အရင်တုန်းကနဲ့ မတူတော့ဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းရော အပြင်မှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီထဲမှာ ဗိုက်ကြောပြတ် တာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗိုက်ကြောပြတ် တာက ဘာဖြစ်လဲဆိုတော့ ဘာမှတော့ မဖြစ်ပါဘူး။ အမေရော ကလေးအတွက်ပါ အန္တရာယ်မရှိပါဘူး။
ဘာကြောင့် ကိုယ်ဝန်ဆောင်တွေ ဗိုက်ကြောပြတ် ရတာလဲ။
အကြောပြတ်ရာ ဆိုတာက အရေပြားအောက်လွှာက ပြဲသွားတာကြောင့် ဖြစ်လာတဲ့ အမာရွတ်လေးတွေပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် ကိုယ်အလေးချိန်တက်လာပြီး ဗိုက်လည်း ပူလာတာကြောင့် ဗိုက်ကြောပြတ်လာတာပါ။ ကိုယ်ဝန်ပတ် ၁၃ပတ်ကနေ ၂၁ပတ်ကြားလောက်ဆိုရင် ဗိုက်ကြောတွေ စပြတ်လာပါပြီ။ ဗိုက်ကြောပြတ်တာနဲ့ ပတ်သတ်လို့ စိတ်ဓာတ်မကျပါနဲ့။ ကိုယ်ဝန်ဆောင်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ဗိုက်ကြောပြတ် တတ်ပါတယ်။
အကြောပြတ်ရာတွေကို သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှ ဗိုက်ကြောပြတ်ရာတွေ ပေါ်လာပြီ ဆိုတာနဲ့ အောက်က နည်းလမ်းတွေ သုံးလို့ ရပါပြီ။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ် အနှစ်ကို ယူပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပြီး အသာအယာ နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။ ဒါကို နေ့တိုင်းနီးပါး လုပ်ပေးနိုင်ရင် တဖြည်းဖြည်း မှိန်သွားမှာပါ။
သံပုရာသီးနဲ့ သခွားသီး
သံပုရာသီးရဲ့ အက်စစ်ဓာတ်က အမာရွတ်တွေကို မှေးမှိန်စေတဲ့ သတ္တိရှိပါတယ်။ သခွားသီး ကတော့ အရေပြားကို အေးမြစေပါတယ်။ ဒါကြောင့် သံပုရာရည်နဲ့ သခွားသီးအရည်ကို ဆတူရောပြီး အကြောပြတ်တဲ့ နေရာကို လိမ်းပေးပါ။ ၁၀မိနစ်လောက်နေရင် ရေနွေးနွေးလေးနဲ့ ဆေးချပါ။
ဗာဒံစေ့နဲ့ အုန်းဆီ
ဗာဒံစေ့ရဲ့ အဆီဖြစ်ဖြစ်၊ အမှုန့်ဖြစ်ဖြစ်ကို အုန်းဆီနဲ့ ဆတူရောလိုက်ပါ။ အကြောပြတ်တဲ့ နေရာကို စိမ့်ဝင်အောင် လိမ်းပြီး ခဏကြာရင် ရေဆေးချပါ။ သဘာဝပစ္စည်းတွေ ဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။
ကြက်ဆူဆီ
ကြက်ဆူဆီက အကြောပြတ်ကို သက်သာစေတဲ့အပြင် အရေပြားကို အားဖြည့်ပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်။ အရေပြားကို နူးညံ့စေပြီး ရေရှည်လိမ်းမယ်ဆိုရင် မှိန်သွားမှာပါ။
အပေါ်မှာ ပြောထားတဲ့ နည်းလမ်းတွေက သဘာဝနည်းလမ်းတွေပဲ မို့လို့ ကိုယ်ဝန်ဆောင်တွေ စိတ်ချ လက်ချ သုံးလို့ရပါတယ်။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် ရေရှည်လိမ်းမယ်ဆိုရင် သိသာတဲ့ ရလဒ်ရမှာပါ။
#HelloMomandBaby #Pargnancy #MomCare #ShortArticle