ဘေဘီလေးတို့ကို မိခင်နို့ချို ပြည့်ပြည့်ဝဝ တိုက်ကျွေးနိုင်စေဖို့
ဘေဘီလေးကို မိခင်နို့ချို ပြည့်ပြည့်ဝဝတိုက်ကျွေးချင်တဲ့ မေမေ့ရဲ့ ဆန္ဒလေးပြည့်ဝစေဖို့ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မေမေတို့အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးနိုင်ဖို့ အစားများများစားဖို့လိုသလို အစားအစာ တစ်ခုချင်းစီတိုင်းကိုလည်း သေချာဂရုစိုက်ဖို့လိုပါမယ်။
မေမေတို့အနေနဲ့ ဘေဘီလေးကို နို့ချိုပြည့်ပြည့်ဝဝတိုက်ကျွေးဖို့အတွက် တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀၀ ကနေ ၃၀၀၀၀ လောက်လိုအပ်မှာပါ။ ဒီလိုအပ်ချက် ပမာဏကို ပြည့်ဝစေဖို့ဆိုရင် အစာတွေကို ပုံမှန်ထက် များများစားဖို့ လိုမှာပါ။ ဒါပေမယ့် အစားအစာတိုင်းကိုတော့ မဟုတ်ပါဘူး။ နို့တိုက်ချိန်မှာ အခုပြောပြမယ့် အစားအစာလေးတွေကိုတော့ ရှောင်ဖို့ လိုပါမယ်။ ဘာတွေများဖြစ်မလဲ …..
🔵 ပင်လယ်စာ
ငါးက ပရိုတင်းကြွယ်ဝသလို omega-3 fatty acids လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် နို့တိုက်မေမေတွေနဲ့ သင့်တော်တယ်ဆိုပေမယ့် ပြဒါးများတဲ့ ငါးတွေကတော့ မစားတာ အကောင်းဆုံးပါ။ အကြောင်းကတော့ ပြဒါးဓာတ်က ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တာကြောင့်ပါ။
🔵 နွားနို့
ဘေဘီလေးတွေမှာ နွားနို့နဲ့ဓာတ်မတည့်တာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်နေရတယ်ဆိုရင် နွားနို့ကို မသောက်တာက အဆင်အပြေဆုံးပါ။ ကလေး ၁ နှစ်ကျော်လောက်မှ သောက်ဖို့ အကြံပြုပါရစေ။
🔵 အယ်လ်ကိုဟော
မိခင်နို့ထဲမှာ အယ်လ်ကိုဟောပါဝင်မှုက ဘေဘီလေးကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ နို့တိုက် မေမေတစ်ယောက်အနေနဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို လုံးဝရှောင်တာ အကောင်းဆုံးပါ။
🔵 ကဖင်း
ကဖင်းက တအားများလာရင်တော့ ကလေးရဲ့ အိပ်စက်မှုကနေစလို့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုပါထိခိုက်စေနိုင်တာကြောင့် နို့တိုက်နေရတယ်ဆိုရင် ကဖင်းပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ အားဖြည့်အချိုရည်တွေ၊ ကိုလာစတာတွေကို ရှောင်ဖို့လိုပါမယ်။
🔵 ပူဒီနံ
ပူဒီနံက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် နို့တိုက်မိခင်နဲ့တော့ ပူဒီနံအများကြီးစားမိတာက နို့ထွက်မှုကို နည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်နေရတယ်ဆိုရင် ပူဒီနံကို လျှော့စားသင့်ပါတယ်။
🔵 ဇီယာရွက်
ချောင်းဆိုးတာကို သက်သာစေပြီး အသက်ရှုလမ်းကြောင်းကို ကျန်းမာစေတဲ့ ဇီယာရွက်ကို အလွန်အကျွံအသုံးပြုမိတာက နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့်ပါ။
🔵ဂေါ်ဖီရွက်
နို့ထွက်အောင် ဟင်းခါးသောက်ရမယ်ဆိုပေမယ့် အလွယ်တကူ ဂေါ်ဖီရွက်ကို ဟင်းချိုချက်သောက်တာမျိုး မလုပ်ပါနဲ့။ ဂေါ်ဖီက တစ်နေ့ကို နှစ်ကြိမ်နဲ့အထက် စားမိရင် မိခင်နို့ထွက်ရှိမှု ပမာဏကို ထိခိုက်စေနိုင်ပါတယ်။
ဒါတွေအပြင် ကြက်သွန်နီ၊ ကိုက်လန်စတာတွေကိုလည်း နို့တိုက်မေမေအနေနဲ့ အရမ်းအများကြီးမစားသင့်ပါဘူး။
#HelloMomandBaby #ShortArticle