🔥 ရေပန်းစားသောအကြောင်းအရာ

စူပါမေမေ တစ်ယောက်ဖြစ်စေဖို့

ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ စူပါမေမေ ရှိပါတယ်။ ဒီတော့ ကိုယ့်အသက်တမျှ ချစ်ခင်ရတဲ့ သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်မယ့် စူပါမေမေဖြစ်စေဖို့ဆိုရင်

(၁) အခြားသူတွေနဲ့ နှိုင်းယှဉ်မှုကို ရပ်ပါ – လူတိုင်းရဲ့ လုပ်နိုင်စွမ်း၊ ကြုံတွေ့ရတဲ့ အခြေအနေတွေက မတူပါဘူး။ ဒီတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာကို အကောင်းဆုံးလုပ်ပါ။ စိတ်ပင်ပန်း မခံပါနဲ့ စိတ်ကို သက်သောင့်သက်သာထားလို့ ကိုယ်ဖြတ်သန်းရမယ့် မိခင်ဘဝကို အကောင်းဆုံး ကျော်ဖြတ်ဖို့ပဲ အာရုံစိုက်ပါ။

(၂) ပြန်လည် သုံးသပ်ပါ – ကိုယ်ပိုင် မှတ်စုစာအုပ် တစ်အုပ်ထားလို့ တစ်ပတ်တာ အလုပ်တွေကို ဘာတွေကတော့ အိမ်အလုပ်၊ ဘာတွေက ရုံးအလုပ်၊ ဘာတွေက လူမှုရေးကိစ္စတွေဆိုတာကို သေချာလေး ခွဲခြားမှတ်ပါ။ ဒီထဲကမှ ဘာတွေကို ဆက်လုပ်သင့်တယ်။ ဘာတွေကို ဆက်မလုပ်သင့်ဘူးလဲ ဆိုတာကို သေချာခွဲခြားမှတ်ပါ။ ဒီလိုလုပ်တာက ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ အချိန်ပိုလေးတွေ ထွက်လာနိုင်ပါတယ်။

(၃) လွှတ်ချတတ်ပါစေ – မေမေဆိုတာက တာဝန်တွေများတယ် ဆိုပေမယ့် အားလုံးကို လုပ်ဆောင်နိုင်ဖို့မလွယ်ဘူး။ မေမေဆိုတာကလည်း လူသားတွေထဲက လူသားတစ်ယောက် ဖြစ်တာကြောင့် လုပ်ဆောင်နိုင်တဲ့ အင်အားက အကန့်အသတ်ရှိတယ်ဆိုတာကို လက်ခံ တတ်ဖို့လိုပါမယ်။ မဖြစ်နိုင်တဲ့ အခြေအနေတွေကို လက်ခံပြီး လွှတ်ချသင့်တာကို လွှတ်ချရပါမယ်။ မေမေဆိုတဲ့ ခရီးရှည်ကြီးကို လျှောက်ဖို့အတွက် မနိုင်ဝန်ကို မထမ်းဖို့ ပြောပါရစေ။

(၄) အမှားလုပ်မိနိုင်တယ် ဆိုတာကို လက်ခံတတ်ပါစေ – မိဘက သားသမီးတွေရဲ့ စံပြဖြစ်ရမှာဆိုပေမယ့် အမှားလုံးဝမရှိအောင် ဂရုစိုက်ရမယ် မဆိုပါဘူး။ မေမေကလည်း ပြဿနာတွေကို၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရတဲ့အခါ မှားတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ တွေ့ကြုံရတဲ့ အခြေအနေတွေများလာတဲ့အခါ အတွေ့အကြုံတွေများလာပြီး ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းလာနိုင်မှာပါ။

(၅) အနားယူပါ – မေမေတွေရဲ့ တာဝန်က ပိတ်ရက်မရှိဘူးဆိုပေမယ့် တစ်သက်တာလုံးမှာ အကောင်းဆုံး ထမ်းဆောင်ရမယ့် မေမေ့တာဝန်ကို ကျေပွန်ဖို့ လိုအပ်တဲ့ ပြည့်ဝတဲ့ အနားယူမှုကို ဖန်တီးပါ။ တစ်ပတ်မှာ တစ်ရက်လောက်တော့ ကောင်းကောင်း အနားယူပေးပါ။

(၆) စဉ်းစားတွေးခေါ်မှု ပုံစံပြောင်းပါ – တစ်ခါတလေမှာ ကိုယ့်ရဲ့ ရန်သူက ကိုယ်တိုင်ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်ရတာလည်း ကိုယ့်အတွေးကြောင့်ပါ။ သားသားမီးမီးတို့ရဲ့ ဂုဏ်ယူရတဲ့ မေမေဖြစ်ချင်တာကြောင့် သင်ယူမှုတွေ ဆက်လုပ်မယ်၊ လုပ်ငန်းခွင်မှာ တိုးတက်မှုရအောင် ကြိုးစားတဲ့အခါ အချိန်အပိုင်းအခြားတစ်ခုလောက် သားသားမီးမီးတို့ကို မိဘ (ဘိုးဘိုးဘွားဘွားတို့) နဲ့ ထားသွားရတာ၊ ကလေးထိန်းနဲ့ ထားသွားရတာမျိုးရှိနိုင်ပါတယ်။ ဒါတွေကို အပြစ်ရှိတယ်လို့ မယူဆစေချင်ပါဘူး။

(၇) လိုအပ်ရင် အကူအညီယူဖို့ ဝန်မလေးပါနဲ့ – မေမေဆိုတာကလည်း အပေါ်မှာ ပြောခဲ့သလို သာမန်လူသားတစ်ဦးပါ။ မွေးဖွားလာကတည်း မေမေတစ်ယောက်ရဲ့ တာဝန်တွေကို မလုပ်တတ်ခဲ့ပါဘူး။ ပြုစုယုယခံ သားသမီးတစ်ယောက်အနေနဲ့ မွေးဖွားလာတာပါ။ ဒါကြောင့် အချို့သော မေမေတာဝန်တွေကို မလုပ်ဆောင်နိုင်တာမျိုး၊ မသိနားမလည်တာမျိုး ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်ထက် အတွေ့အကြုံရှိသူတွေဆီကနေ အကူအညီတောင်းရမှာကို ဝန်မလေးပါနဲ့လို့ ပြောပါရစေ။ မတတ်နိုင်တဲ့အရာတွေကို အကူအညီယူဖို့ မတွန့်ဆုတ်နေပါနဲ့။

(၈) ကလေးကို အချိန်ပေးပါ – ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ၊ လိုအပ်တာလေးတွေကို ဂရုစိုက်ပြင်ဆင်ပေးတာ၊ ခံစားချက်တွေကို မျှဝေပေးတာကလည်း စူပါမေမေတိုင်း လုပ်ဆောင်သင့်တဲ့ အလေ့အထကောင်း တစ်ခုပါ။ ဒါမှ မေမေနဲ့ သားသားမီးမီးတို့ကြား ချစ်ခင်မှုတွေ တိုးပွားပြီး ကျန်းမာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပျိုးထောင်နိုင်မှာပါ။

ကိုယ့်ဘဝတိုးတက်ဖို့လည်း ကြိုးစားရင်း သားသားမီးမီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ပျိုးထောင်တဲ့ တာဝန်ကိုလည်း မလစ်ဟင်းစေတဲ့ စူပါမေမေတွေဖြစ်ကြပါစေ။

စူပါမေမေ တစ်ယောက်ဖြစ်စေဖို့စူပါမေမေ တစ်ယောက်ဖြစ်စေဖို့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်