backup og meta

Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ


Ye Zon Aung မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Black Panther ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာ ကို ဘယ်လိုကာကွယ်မလဲ

    Black Panther ရုပ်ရှင်ဇာတ်ကားထဲက အဓိက သရုပ်ဆောင်မင်းသား ချက်ဒ်ဝစ် ဘို့စ်မန်ဟာ အူမကြီးကင်ဆာ ရောဂါကြောင့် အသက် ၄၃ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သူသေဆုံးကြောင်း ကြေညာချက်ကို ဘို့စ်မန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နစ်ကီ ဖီယိုရာဗန်တီက အတည်ပြုလိုက်ပါပြီ။

    ၂၀၁၆ ခုနှစ်ကတည်းက အဆင့် ၃ အူမကြီးကင်ဆာဝေဒနာကို ခံစားနေခဲ့ရတဲ့ ချက်ဒ်ဝစ်ဟာ ဒီရောဂါကို တွန်းလှန်ရင်း MCU ရုပ်ရှင်တွေနဲ့ တခြားထိပ်တန်းရုပ်ရှင်တွေကို လက်ခံရိုက်ကူးသွားခဲ့သူပါ။

    ချက်ဒ်ဝစ်ကို အသက်ဆုံးရှုံးစေခဲ့တဲ့ အူမကြီးကင်ဆာဝေဒနာဟာ အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း အူမကြီးကင်ဆာဝေဒနာသည် ၂ သန်းတိုးပွားနေပြီး သေဆုံးသူ ၁ သန်းဝန်းကျင်ရှိပါတယ်။ အဖြစ်များတဲ့ ကင်ဆာဝေဒနာတွေထဲက တစ်ခုပါ။

    အူမကြီးကင်ဆာဆိုတာ ဘာလဲ

    အူမကြီးမှာ Colon နဲ့ Rectum ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ တင်ပါးဆုံအထက်ပိုင်းမှာရှိတဲ့ အစိတ်အပိုင်းကို Colon လို့ခေါ်ပြီးတော့ တင်ပါးဆုံအောက်ပိုင်းမှာရှိတဲ့ အူမကြီးရဲ့နှောင်းပိုင်း ၁၅ စင်တီမီတာလောက်က Rectum (အစာဟောင်းအိမ်) ပါ။ ဒီနေရာဟာ ကျဉ်းမြောင်းလွန်းတာကြောင့် ကင်ဆာဖြစ်လာတဲ့အခါမှာ ဘေးပတ်ဝန်းကျင်က အခြားသော အင်္ဂါအစိတ်အပိုင်းတွေဆီကို ကင်ဆာဆဲလ်ပျံ့နှံ့တတ်ပါတယ်။

    အူမကြီးကင်ဆာဖြစ်တဲ့အခါ အူလမ်းကြောင်းပိတ်တာ၊ ဝမ်းထဲသွေးပါတာ၊ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကာလရှည်ကြာ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားတဲ့ အကြိမ်ရေ ပြောင်းလဲလာတာ၊ ကာလရှည်ကြာ ဗိုက်အောင့်ဗိုက်နာတာနဲ့ ဝမ်းဗိုက်မှာ အလုံးအကျိတ် စမ်းမိတာတွေလိုမျိုး လက္ခဏာတွေလည်း ပြသပါတယ်။

    အကြမ်းဖျဉ်းအားဖြင့် အူမကြီးကင်ဆာဟာ အသက် ၄၅နှစ် အထက်တွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး အသက် ၂၀ အောက်အရွယ်တွေမှာ ဖြစ်လာခဲ့ရင်တော့ ဒါဟာ မျိုးရိုးလိုက်တတ်တဲ့အူမကြီးကင်ဆာအမျိုးအစား ဖြစ်နိုင်ခြေများပါတယ်။

    အူမကြီးကင်ဆာကို ကာကွယ်ပါ

    အူမကြီးကင်ဆာရောဂါဟာ ကာကွယ်လို့ရနိုင်တဲ့ ရောဂါအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးလိုက်တဲ့ အူမကြီးကင်ဆာအမျိုးအစားမဟုတ်ဘူးဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ပဲ ရောဂါဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။

  • အူမကြီးကင်ဆာရှိမရှိ စစ်ဆေးပါ။
  • ပုံမှန်စစ်ဆေးတာက အူမကြီးကင်ဆာကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ အထူးသဖြင့် မျိုးရိုးရှိတဲ့ သူတွေပေါ့။စစ်ဆေးရာမှာ ဆရာဝန်အကူအညီနဲ့ စအိုကနေ လက်ချောင်းထည့်ပြီး စစ်ဆေးတာ၊ Sigmoidoscope သို့မဟုတ် Colonoscope မှန်ပြောင်းကြည့်ပြီး စစ်ဆေးတာနဲ့ ဘေရီယမ်အသုံးပြု ဓာတ်မှန်ရိုက် (Barium enema X-ray) ပြီးစစ်ဆေးတာတွေပဲဖြစ်ပါတယ်။ စစ်ဆေးမှုတွေကို ၅ နှစ်တစ်ကြိမ် ဒါမှမဟုတ် ၁၀ နှစ်တစ်ကြိမ် ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

    အသားတွေနဲ့ အသင့်စားအစားအစာတွေ၊ အဆီကြော်စာတွေကို စားသုံးခြင်းကို ရှောင်ရှားပြီး အသီး၊ အရွက်နဲ့ အနှံတွေစားပေးတာက ကင်ဆာကို ကောင်းကောင်းကာကွယ်နိုင်စေပါလိမ့်မယ်။ သစ်သီးဝလံတွေထဲမှာပါဝင်တဲ့ ဗီတာမင်၊ သက်စောင့်ဓာတ်၊ အမျှင်ဓာတ်နဲ့ Antioxidants တွေက အူမကြီးကင်ဆာအပါအဝင် ကင်ဆာအမျိုးအစား အများအပြားဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

    • အရက်သောက်သုံးမှုကို ရပ်တန့်ပါ။

    ကင်ဆာဖြစ်စေရတဲ့အကြောင်းအရင်းတွေထဲမှာ အရက်က အဓိက အချက်တစ်ခုဖြစ်ပါတယ်။ ပုံမှန်သောက်သုံးနေသူဆိုရင် ပမာဏကို လျှော့ချဖို့ လိုအပ်မှာဖြစ်သလို တတ်နိုင်ရင် ဖြတ်တောက်လိုက်တာက အကောင်းဆုံးနည်းလမ်းပါ။

  • ဆေးလိပ်လုံးဝဖြတ်ပါ။
  • ဆေးလိပ်က အဆုတ်၊ အူမကြီး၊ လည်ချောင်းစတဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေမှာ ကင်ဆာဖြစ်အောင် ဒုက္ခပေးနိုင်ပါတယ်။ ဆေးလိပ်ကို မဖြစ်မနေဖြတ်ဖို့ လိုအပ်ပြီး ဆေးလိပ်သောက်သုံးနေသရွေ့ ဘယ်ကင်ဆာမဆိုဖြစ်နိုင်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာက အသက်ရှည်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တာက သင့်ကျန်းမာရေးအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမှာပါ။

  • ဗီတာမင် D ကြွယ်ဝပါစေ။
  • လေ့လာချက်တွေအရ  သွေးတွင်းမှာ ဗီတာမင် D ပမာဏ ၂၀ ng/ml အောက်ရောက်နေမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်ရာရောက်ပါတယ်လို့ ဆိုပါတယ်။ သွေးတွင်း ဗီတာမင် D ပမာဏ ၃၀ ng/ml နဲ့အထက်မှာရှိနေမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ခြေကို အများကြီးလျှော့ချနိုင်ပါလိမ့်မယ်။ တစ်နေ့ကို ဗီတာမင် D ပမာဏ ၂၀၀၀ IU လောက်မှီဝဲပေးဖို့လိုအပ်မှာဖြစ်ပြီးတော့ ဆာလ်မွန်ငါး၊ ဆာဒင်းငါး၊ နို့၊ လိမ္မော်ရည်နဲ့ ပုဇွန်ဆိတ်တွေကနေတဆင့် အဆိုပါပမာဏကို ဖြည့်ဆည်းနိုင်ပါတယ်။ ဖြည့်စွက်အားဆေးကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

    • ကိုယ်အလေးချိန်ထိန်းသိမ်းပါ။

    ကိုယ်အလေးချိန်ကို မှန်နေအောင် ထိန်းသိမ်းပါ။ ကိုယ်အလေးချိန် အတက်အကျ မြန်တာမျိုး၊ ဝလွန်းတာမျိုးတွေက ခန္ဓာကိုယ်မကျန်းမာဖြစ်စေဖို့ တွန်းအားပေးပါတယ်။ အထူးသဖြင့် အဝလွန်ခြင်းဟာ ကင်ဆာဝေဒနာတွေနဲ့ ဆက်စပ်နေတာမို့ပါ။

    ဒီနည်းလမ်းတွေဟာ ရိုးရှင်းလှပေမယ့် အူမကြီးကင်ဆာဝေဒနာကို ကာကွယ်ရေးမှာ အကျိုးအပြုဆုံးနည်းလမ်းတွေဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement