backup og meta

ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


23/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့

    ကင်ဆာဆဲလ်တွေ က အချိန်ကြာလာတာနဲ့အမျှ ဘေးက တစ်ရှူးတွေ၊ အဝေးက အင်္ဂါအစိတ်အပိုင်းတွေဆီကို ပွားသွားတတ်ပါတယ်။ ဒါကိုက ကင်ဆာရဲ့ ဝိသေသတစ်ခုပါ။ ဆဲလ်တွေ အဆမတန်ပွားပြီး ကြီးလာတာ၊ ဘေးနားက တစ်ရှူးတွေကို ထိုးဖောက်တာ၊ သွေး၊ ပြန်ရည်ကနေတဆင့် အဝေးက ကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားတာကြောင့် ကင်ဆာဆဲလ်တွေက ကြာလေပွားလေပါပဲ။

    ဒီမှာမှ တချို့ကင်ဆာတွေက နဂိုတည်းက အပွားမြန်တဲ့ ကင်ဆာတွေ ရှိသလို အပွားနှေးတဲ့ ကင်ဆာ (ဥပမာ ဆီးကျိတ်ကင်ဆာ)တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်ဆာာရဲ့ သဘောကတော့ မကုသဘူးဆိုရင်  ကြာလေပွားလေဖြစ်ပြီး အဆင့်တွေ တက်လာနိုင်ပါတယ်။

    ကင်ဆာဆဲလ်တွေ ကို အပွားနှေးအောင် လုပ်လို့ရပါသလား။

    ကင်ဆာဆဲလ်တွေကို အပွားနှေးအောင် special diet တွေ၊ cancer diet တွေ ဆိုပြီး ပြောကြပေမယ့် ဒါတွေမှာ ထူးထူးခြားခြား အစားအစာတွေ ပါတာတော့ မဟုတ်ပါဘူး။ ပုံမှန်ဆရာဝန်တွေပြောနေကျ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ၊ ဆောင်ရန် ရှောင်ရန်တွေပဲ ဖြစ်ပါတယ်။  ဆိုလိုတာက ဒီအစားအစာတွေကို စားလို့ ကင်ဆာဆဲလ်တွေ ပွားတာ နှေးကောင်း နှေးကောင်း နှေးနိုင်ပေမယ့် ဒါတွေကိုပဲ စိတ်ချထားလို့ မရပါဘူး။

    အားဆေးတွေလည်း ဒီလိုပါပဲ။ လိုမှသောက်ရင်ရပါပြီ။ အစားမစားဘဲ အားဆေးတွေကိုချည်း အားကိုးတာကလည်း အလုပ်မဖြစ်ပြန်ပါဘူး။

    ဒီတော့ ကင်ဆာဆဲလ်တွေကို ပျောက်ကင်းစေတဲ့၊ အပွားနှေးစေတဲ့ အစားအစာတွေ၊ အားဆေးတွရယ်လို့ သီးခြား မရှိပါဘူး။ နေ့စဉ်စားတဲ့အစားအစာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ရွေးချယ်စားတာ၊ ကျန်းမာရေးနဲ့ အညီ နေထိုင်တာကသာ အကောင်းဆုံး ဖြစ်ပါတယ်။

    ဒါ့ပြင် တစ်ဖက်မှာလည်း သင့်တော်တဲ့ ကင်ဆာကုထုံးတွေကို ခံယူနေရမှာလည်း ဖြစ်ပါတယ်။

    ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့ ဘာတွေ လိုက်နာသင့်သလဲ။

    ကင်ဆာဆဲလ်တွေ အပွားနှေး တစ်နည်းအားဖြင့် ကင်ဆာရောဂါကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။

    • စိတ်ဖိစီးမှု သက်သာအောင် နေပါ။

    ကင်ဆာလို့ သိလိုက်ရရင်  သူသူကိုယ်ကိုယ် စိတ်ညစ်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီလို စိတ်ညစ်ရုံနဲ့တော့ ပြဿနာက ပြေလည်သွားတာမဟုတ်တဲ့အတွက်  အမြန်ဆုံး ရုန်းထနိုင်အောင် ကြိုးစားပါ။ စိတ်ညစ်မယ့်အစား လက်တွေ့ကျတဲ့ ကုထုံးတွေ၊ ကင်ဆာရောဂါ ကုသရာမှာ အထောက်အကူဖြစ်တဲ့ နေထိုင်စားသောက်ပုံတွေကို ပြောင်းလဲပစ်ပါ။

    စိတ်ဖိစီးတဲ့အခါ အစားမဝင်ပါဘူး။ ဒီတော့ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို မရပါဘူး။ အားနည်းတဲ့ ခန္ဓာကိုယ်က ကင်ဆာရောဂါကို တိုက်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါ့ပြင် စိတ်ဖိစီးတာက ကိုယ်တွင်းက ကောင်းတဲ့ ဆဲလ်တွေကို ဓာတ်တိုးပျက်စီးစေပါတယ်။ ဒါက ကင်ဆာဆဲလ်တွေကို ပိုပွားစေပါတယ်။

    စိတ်ဖိစီးမှု သက်သာဖို့ ကိုယ်စိတ်ပျော်စေမယ့် အရာလေးတွေ လုပ်ပါ။ အမြဲ အိပ်ရာထဲမှာပဲ လှဲနေစရာ မလိုပါဘူး။ အလုပ်လုပ်လို့ ရပါတယ်။ ရုံးသွား၊ ကျောင်းသွားလို့ ရပါတယ်။

    တစ်ရက်ကို ၇-၈ နာရီလောက်အိပ်ပါ။ အိပ်ရေးဝတာက စိတ်ခံစားချက်ကို ကောင်းစေသလို ကိုယ်အလေးချိန် မတက်အောင်လည်း ထိန်းပေးနိုင်ပါတယ်။

    -ပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဖွင့်ရက်ဖြစ်ဖြစ် အိပ်ချိန် ထချိန်မှန်ပါစေ။

    -အိပ်ခန်းကို အိပ်ပျော်လွယ်မယ့် အပြင်အဆင်မျိုး (ဥပမာ မှောင်နေအောင် ထားတာ၊ အေးနေအောင်ထားတာ) ပြင်ဆင်ထားပါ။

    -အိပ်ခါနီး ဖုန်းသုံးတာ၊ တီဗွီကြည့်တာ ရှောင်ပါ။

    -အိပ်ခါနီး ကော်ဖီ၊ အရက်၊ သကြားပါတာတွေ မစားပါနဲ့။

    • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    လေ့ကျင့်ခန်း လုပ်တာက ကင်ဆာကြောင့်၊ ကုထုံးကြောင့်  နုံးတာတွေကို သက်သာစေပါတယ်။ အဝမလွန်အောင် တားဆီးပေးပါတယ်။ ကြွက်သားတွေ သန်စွမမ်းပြီး အားရှိစေပါတယ်။ သိပ်ကို ပင်ပန်းလွန်းတဲ့ရက်က လွဲပြီး တစ်ရက်ကို မိနစ် ၂၀၊ နာရီဝက်လောက် လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ

    -ကိုယ့်အတွက် သက်သောင့်သက်သာနဲ့ ပုံမှန်လုပ်နိုင်တာာမျိုးကို ရွေးချယ်ပါ။

    -ရံဖန်ရံဖါ အေရိုးဗစ်လိုမျိုး ခပ်မြန်မြန်လုပ်ရတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးပါ။

    -ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။

    အထိုင်မများပါစေနဲ့။ တစ်နာရီထိုင်ပြီးတိုင်း မကြာခဏ လမ်းထလျှောက်ပါ။

    -တစ်ထိုင်တည်းနဲ့ နာရီဝက်မလုပ်နိုင်ဘူးဆိုရင်  တစ်ခါလုပ် ၁၀မိနစ်နဲ့ ၃ခါလောက် ခွဲလုပ်ပါ။

    ကင်ဆာဆဲလ်တွေ အပွားနှေးစေဖို့

    • အစားအသောက်ဂရုစိုက်ပါ။

    ကင်ဆာရောဂါအတွက်  အစားအသောက်က အရေးကြီးပါတယ်။ ကင်ဆာအတွက် special dietတွေ၊ မလိုအပ်ဘဲ အားဆေးတွေ  သောက်မယ့်အစား နေ့စဉ်အစားအစာတွေကို အာဟာရပြည့်အောင် ရွေးချယ်စားသောက်ပါ။

    -အသီးအရွက်များများ စားပါ။ အရင်က မစားရင် အခုစစားပါတော့ ။ တစ်ရက်ကို အသီးအရွက်ရောင်စုံ ၂မျိုး၊ ၃မျိုးလောက် စားပါ။ တစ်ခါစားရင် တရုတ်ပန်းကန်လုံး ၁လုံးစာနဲ့ တစ်ရက်ကို ၅ခါလောက် ဝင်အောင်စားပါ။

    အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ။ အစေ့အဆန်တွေ၊ ပဲတွေကို ဆိုလိုတာပါ။

    -ပရိုဘိုင်အိုတစ်၊ ပရီဘိုင်အိုတစ် ကြွယ်ဝတာတွေ စားပေးပါ။ အလွယ်ရနိုင်တာတွေ ဆိုရင် ဒိန်ချဉ် (အချိုလျှော့)၊ ကင်ချီ၊ မီဆိုဟင်းချို၊ ကီဖာ၊ ကြက်သွန်ဖြူအစိမ်း၊ ကြက်သွန်နီ အစိမ်း ဒါမှမဟုတ် ချက်ထားတာ၊ ကြက်သွန်မြိတ် စတာတွေပဲ ဖြစ်ပါတယ်။ ကင်ဆာကုထုံး ခံယူနေတဲ့သူတွေက ဝမ်းလျှောတတ်ကြပါတယ်။ ပရိုဘိုင်အိုတစ်တွေက အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းလျှောတာကို သက်သာစေပါတယ်။

    -အသားလျှော့စားပါ။ အထူးသဖြင့် အနီရောင်အသားနဲ့ ကလီဇာတွေပါ။ တစ်ပတ်ကို ၂ခါလောက်ပဲ စားပေးပါ။ အသားအစားနည်းလို့ ပရိုတင်းချို့တဲ့မှာစိုးရင် အသီးအရွက်တွေကရတဲ့ ပရိုတင်းနဲ့ ကြက်သား၊ ငါးနဲ့ ဥအမျိုးမျိုးကို စားပေးနိုင်ပါတယ်။

    -ပြုပြင်ထားတဲ့ အသားတွေ (ဥပမာ ဝက်အူချောင်း၊ ဟော့ဒေါ့)၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။

    -အိုမီဂါ သရီးဖက်တီးအက်စစ် ကြွယ်ဝတာတွေကို စားပေးပါ။ အလွယ်ရနိုင်တာတွေကတော့ အစေ့အဆန်တွေ၊ ချီယာစေ့၊ နှမ်းကြတ်စေ့၊ ထောပတ်သီး စတာတွေပဲ ဖြစ်ပါတယ်။

    -ချိုလွန်းတဲ့အစားအစာတွေ၊ အအေးတွေ၊ ဆိုဒါတွေကို မသောက်ပါနဲ့။

    -ဘာမှန်းမသိတဲ့ အရွက်တွေ၊ အခေါက်တွေ၊ အရင်က စားနေကျ မဟုတ်တာတွေကို မစားဖို့လည်း လိုပါတယ်။ သဘာဝက ရတယ်ဆိုပေမယ့် ဓာတ်ခွဲခန်းမှာ သေချာ မသန့်စင်ထားရင် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တတ်ပါတယ်။

    ဒါက စားသင့်တဲ့ အစားအစာတွေပါ။ စားရမယ့်ပုံစံကတော့

    -နည်းနည်းနဲ့ ခဏခဏ စားပါ။ ပန်းကန်သေးသေး၊ ခွက်သေးသေးနဲ့ပဲ စားပါ။ ဗိုက်ပြည့်ရုံလောက်ပဲ စားပါ။

    -ညဘက်တွေ၊ အစာစားချိန် မဟုတ်တဲ့အချိန်တွေမှာ ဆာလာရင် ရေတဝသောက်ကြည့်ပါ။ ရေဆာရင်လည်း ဗိုက်ဆာသလို ခံစားရပါတယ်။

    -သကြားဖြူ၊ ပေါင်မုန့်ဖြူ၊ ဆန်ဖြူ စတာတွေကို လျှော့စားပါ။ ဖြူအောင် ဖွပ်ထားတဲ့အတွက် အာဟာရဓာတ်တွေ နည်းတာကြောင့်ပါ။

    -ကင်ဆာဖြစ်ရင် ထမင်းမစားရဘူးဆိုတာ မဟုတ်ပါ။ ထမင်းမစားရင် ကင်ဆာဆဲလ်တွေ  ငတ်ပြီး သေသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေက သူတို့ သုံးစရာမရှိရင် သာမန်ဆဲလ်တွေဆီက လုယူသုံးတာမို့လို့ မစားရင် လူနာပဲ အားနည်းလာပါလိမ့်မယ်။ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏရအောင်တော့ စားပေးရပါမယ်။ အဝမလွန်ရင် ရပါပြီ။

    -အားဆေးတွေကတော့ ဆရာဝန်မညွှန်ဘဲ မသောက်တာ ကောင်းပါတယ်။ ဆေးထက် သဘာဝအစားအစာက ပိုကောင်းပါတယ်။

    အရက်နဲ့ ဆေးလိပ်ကတော့ မသောက်တာ ပိုကောင်းပါတယ်။

    အနှစ်ချုပ်

    ကင်ဆာဆဲလ်တွေ ကို မပွားအောင် တားဖို့ အထူးနည်းလမ်းတွေ၊ အစားအစာတွေ၊ အားဆေးတွေ ဆိုတာ မရှိပါဘူး။ နေ့စဉ်ဘဝမှာပဲ ကျန်းမာတဲ့ အလေ့အကျင့်တွေ ရအောင် မွေးမြူပါ။ ကိုယ်နဲ့ မတည့်တာတွေကို ရှောင်ပါ။ ဒါကသာ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    23/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement