အဆုတ်ဟာ ရေမြှုပ်လို ဖောင်းပွတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားရင်တော့ အဆုတ်ထဲမှာ အကျိတ်တွေဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်လာပါတယ်။
ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ခံစားလာရပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနေတယ်လို့ သတ်မှတ်ပြီးတာနဲ့ ကုသမှုအတွက် နောက်တဆင့်ကို စဉ်းစားရပါပြီ။ အဆုတ်မှာ စတင်ဖြစ်ပွားတယ်ဆိုပေမယ့် ထိရောက်စွာ မကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။
အဆုတ်ကင်ဆာကုသနည်းတွေထဲက တမျိုးကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အဆုတ်ထဲက အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစား၊ တခြားနေရာများကို ပျံ့နှံ့မှု ရှိမရှိ စတာတွေပေါ် မူတည်ပြီး စဉ်းစားပါတယ်။ စောစီးစွာ သိရှိပြီး အဆုတ်ကင်ဆာအကျိတ်တွေကို ခွဲစိတ်ကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ကာကွယ်နိုင်ပါတယ်။ ခွဲစိတ်ကုသနည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အပိုင်းလိုက်ခွဲစိတ်ခြင်း (Lobectomy)
လူ့ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခုရှိပြီး အပိုင်းအားဖြင့် ငါးပိုင်းရှိပါတယ်။ ညာဘက်အဆုတ်မှာ သုံးပိုင်းပါဝင်ပြီး ဘယ်ဘက်အဆုတ်မှာ နှစ်ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကင်ဆာအကျိတ်ကို အပိုင်းတခုခုမှာ စတင်ပျံ့နှံ့တာကို တွေ့ရတာနဲ့ သက်ဆိုင်ရာအပိုင်းကို ခွဲစိတ်ဖယ်ရှားပြီး ကုသရတတ်ပါတယ်။
အဆုတ်တခြမ်းလုံး ခွဲစိတ်ကုသခြင်း (Pneumonectomy)
တခါတရံမှာ ဘယ် ဒါမှမဟုတ် ညာ အဆုတ်တခြမ်းလုံးကို ခွဲစိတ်ရတတ်ပါတယ်။ ကင်ဆာအကျိတ်များဟာ အပိုင်းနှစ်ပိုင်းထက်ပိုပြီး ပျံ့နှံ့လာတဲ့အခါ အဆုတ်တခြမ်းလုံးကို ဖယ်ထုတ်ရတတ်ပါတယ်။ ဒါမှသာ အဆုတ်ကနေ အနီးဝန်းကျင်ကို ပျံ့နှံ့မသွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့ အဆင်မပြေပါဘူး။ အဆုတ်ရဲ့တစ်သျှူးများအခြေအနေကို စစ်ဆေးရပါတယ်။ ကျန်ခဲ့တဲ့ အဆုတ်နဲ့ အသက်ရှူခြင်းကို ကောင်းစွာ ဆက်လက်လုပ်ဆောင်နိုင်မှုရှိမရှိ သိနိုင်ဖို့ ဖြစ်ပါတယ်။
အစိတ်အပိုင်းအလိုက်ခွဲစိတ်ဖယ်ရှားခြင်း
အဆုတ်ကင်ဆာခွဲစိတ်ခြင်းရဲ့ နည်းလမ်းတခုကတော့ အဆုတ်ထဲက ကင်ဆာတစ်ရှူးများကိုပဲ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အကျိတ်များသေးငယ်ပြီး တခြားနေရာတွေကို ပျံ့နှံ့ထားခြင်းမရှိရင် ဒီနည်းလမ်းဟာ အဆင်ပြေပါတယ်။
ခွဲစိတ်ခြင်းအတွက် ဘယ်လိုပြင်ဆင်မလဲ
လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ခွဲစိတ်ကုသမှုဟာ အကြီးစားခွဲစိတ်မှုဖြစ်တာမို့ လူနာဟာ ခွဲစိတ်ခြင်းကို ခံနိုင်ရည်ရှိမရှိ စစ်ဆေးရပါမယ်။ ပြင်ဆင်ချိန်မှာ ခွဲစိတ်ဆရာဝန်ကိုရော၊ မေ့ဆေးဆရာဝန်ကိုပါ မိမိသောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို ပြောပြရပါမယ်။ မခွဲစိတ်ခင် အနည်းဆုံး ၈နာရီခန့် ကြိုတင်ပြီး အစာမစား ရေမသောက်ဘဲ နေရပါတယ်။
ဆေးလိပ်သောက်တတ်သူဆိုရင် တလခန့်ကြိုပြီး ဆေးလိပ်ဖြတ်ထားရပါမယ်။ ခွဲစိတ်ပြီးဒဏ်ရာမြန်မြန်ကျက်အောင် ဖြစ်ပါတယ်။ တကယ်တော့ အဆုတ်မှာ ကင်ဆာ ဒါမှမဟုတ် တခြားရောဂါတမျိုးမျိုးရှိတာနဲ့ ဆေးလိပ်ကိုဖြတ်ထားသင့်ပါတယ်။
ဖြစ်နိုင်ခြေအန္တရာယ်များ
အကြီးစားခွဲစိတ်ကုသမှုဖြစ်တာမို့ ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ကြုံနိုင်ပါတယ်။ မေ့ဆေးအန္တရာယ်လည်း ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအနေနဲ့ လူနာဟာ ခွဲစိတ်ကုသမှသာ ကင်ဆာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မယ့် အခြေအနေဖြစ်တာကြောင့်၊ အကျိုးကျေးဇူးဟာ ဘေးထွက်ဆိုးကျိုးထက် သာလွန်နေတာကြောင့် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။
ခွဲစိတ်ပြီးနောက်ပိုင်း
ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ပြီးလူနာတွေထားတဲ့ အခန်းမှာထားပါလိမ့်မယ်။ အခြေအနေတည်ငြိမ်တဲ့အခါ ပုံမှန်အခန်းကို ရွှေ့ပြောင်းပါလိမ့်မယ်။ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရပါလိမ့်မယ်။ လူကောင်းနီးပါး ပြန်ဖြစ်ဖို့ဆိုရင် လနဲ့ချီကြာနိုင်ပါတယ်။ အထူးသဖြင့် ရင်ဘတ်တဝိုက်မှာ နာကျင်နေတတ်ပါတယ်။ ခွဲစိတ်ပြီးခါစ လအနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မပြုလုပ်ရပါဘူး။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မပျက်မကွက် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။
လိုအပ်ရင် ခွဲစိတ်ကုသခြင်းအပြင် ကင်ဆာဆဲလ်တွေကို အပြီးတိုင်ဖျက်ဆီးနိုင်ဖို့ ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း စတဲ့ကုသမှုတွေ ဆက်လက်ခံယူရတတ်ပါတယ်။
[embed-health-tool-bmi]