ရောဂါလက္ခဏာများ
များသောအားဖြင့် အူမကြီးကင်ဆာရှိသူတွေမှာ ဝမ်းအလေ့အကျင့် ပြောင်းလဲတဲ့လက္ခဏာများ (ကာလရှည်ကြာ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း၊ ဝမ်းသွားသည့် အကြိမ်ရေ ပြောင်းလဲခြင်း) ဖြစ်ပေါ်တတ်ပါတယ်။ ဝမ်းထဲသွေးပါခြင်းဟာလည်း အူမကြီးကင်ဆာအဖြစ် သံသယရှိသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့အတွက် ဆရာဝန်ဆီ မဖြစ်မနေ သွားရောက်ပြသင့်ပါတယ်။
အူမကြီးကင်ဆာရဲ့ အခြားလက္ခဏာတွေကတော့ ကာလရှည်ကြာ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းဗိုက်မှာ အလုံးအကျိတ် စမ်းမိခြင်းတို့ပဲ ဖြစ်ပါတယ်။
ရောဂါရှာဖွေအတည်ပြုနိုင်သည့် နည်းလမ်းများ
အစာဟောင်းအိမ်ကင်ဆာ ဟုတ်မဟုတ် စစ်ဆေးနိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ စအိုကတဆင့် အစာဟောင်းအိမ်ထဲ လက်ချောင်းထိုးထည့်ပြီး စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို ဆရာဝန်ကိုယ်တိုင် ဆေးခန်းမှာတင် အလွယ်တကူပြုလုပ်နိုင်ပြီး လူနာအတွက် အနည်းငယ်နေရခက်နိုင်ပေမယ့် အချိန် ၅မိနစ်ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းအသုံးပြုခြင်းအားဖြင့် အစာဟောင်းအိမ်ရဲ့ အဆုံးပိုင်း ၅စင်တီမီတာမှ ၈စင်တီမီတာ အတွင်းမှာရှိတဲ့ ကင်ဆာများကိုသာ စမ်းသပ်သိရှိနိုင်မှာ ဖြစ်ပါတယ်။
စအိုကနေ လက်ချောင်းထည့်ပြီး စမ်းသပ်ဖို့ လက်လှမ်းမမီနိုင်တဲ့နေရာက ကင်ဆာတွေကိုတော့ sigmoidoscope သို့မဟုတ် colonoscope မှန်ပြောင်းကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။ အစာဟောင်းအိမ်ကတဆင့် အူမကြီးထဲကို ကင်မရာတပ်ဆင်ထားတဲ့ ဖိုက်ဘာပြွန်များထည့်ပြီး စစ်ဆေးကြည့်ရှုနိုင်တဲ့အပြင် ဓါတ်ခွဲစစ်ဆေးဖို့ အသားစပါ တခါတည်းယူနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကို ဆရာဝန်ကိုယ်တိုင် ဆေးခန်းမှာတင် ထုံဆေးပေးပြီး မိနစ် ၃၀အတွင်း ပြုလုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။