backup og meta

အဆီကျိတ်တစ်ခု ထွက်လာပြီဆို ရိုးရိုး အဆီကျိတ်နဲ့ ကင်ဆာ အကျိတ်ဘယ်လိုခွဲကြမလဲ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီကျိတ်တစ်ခု ထွက်လာပြီဆို ရိုးရိုး အဆီကျိတ်နဲ့ ကင်ဆာ အကျိတ်ဘယ်လိုခွဲကြမလဲ။ ။

    ကိုယ်ပေါ်မှာ အဖုအကျိတ်တစ်ခုထွက်လာတယ်၊ အသက်ကလေးကလည်း ၅၀ နားကပ်နေပြီဆို လူတိုင်းကြောက်ပြီး ပြေးမြင်ကြတာ ကင်ဆာရောဂါပါ။ ကင်ဆာအကျိတ်လားပေါ့ ။ နာလည်းမနာဘူးဆို ပိုဆိုးသွားပြီး။ ကင်ဆာဆို မနာဘူးလို့ပြောတာတွေကြားဖူးကြတာကိုး။

    တကယ်တော့ အရေပြားပေါ်မှာထွက်လာတဲ့ အလုံးတွေက အများအားဖြင့် အဆီကျိတ်တွေဖြစ်တာများပါတယ်။ အဆီကျိတ်အများစုဟာ ကင်ဆာကျိတ်မဟုတ်ပါဘူး။ ခွဲထုတ်လိုက်ရင်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာ ကင်ဆာအဆီကျိတ် ဆိုတာလည်းရှိပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ အဆီကျိတ်တစ်ခုပေါ်လာရင် ကင်ဆာ ဟုတ်၊ မဟုတ် ဘယ်လိုခွဲမလဲ ။ ။

    LIPOMA ( ရိုးရိုးအဆီကျိတ်)

    Lipoma ဆိုတာဘာလဲ။ ။

    Lipoma ဆိုတာ ကိုယ်ပေါ်မှာ အရွယ်မရွေးပေါ်လာတတ်တဲ့ အဆီကျိတ်တစ်လုံးဖြစ်ပြီး ကင်ဆာအကျိတ် မဟုတ်ပါ။ ။ ကင်ဆာကိုပြောင်းနိုင်ခြေလည်း မရှိသလောက်နည်းပါတယ်။

    ဘယ်သူတွေမှာ ပိုဖြစ်လဲ ။ ။

    အသက် ၄၀ ကနေ ၅၀ ရောက်နေတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။

    ဘာကြောင့်ဖြစ်ရတာလဲ ။ ။

    အဆီကျိတ်ဖြစ်ရတဲ့ အကြောင်းကို သေချာမသိကြတာများပါတယ်။ ဖြစ်နိုင်တာကတော့ မျိုးရိုးထဲမှာ အဆီကျိတ်ဖြစ်တဲ့သူရှိရင် ကိုယ်လည်း အဆီကျိတ်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့တဲ့အလုပ်ကိုလုပ်နေရတဲ့သူတွေ နဲ့ ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိတဲ့သူတွေမှာ အဆီကျိတ်က ပိုဖြစ်နိုင်ပါတယ်။

    ဘယ်နေရာတွေမှာ အဖြစ်များလဲ ။ ။

    အများဆုံး တွေ့ရတဲ့နေရာတွေကတော့ ကျောအပေါ်ဘက်၊ ပခုံး၊ လက်မောင်းနဲ့၊ တင်ပါးနဲ့ ပေါင်အပေါ်ပိုင်းမှာ တွေ့ရပါတယ်။

    ခြေထောက်တို့ ခြေသလုံးတို့မှာ တော့ အတွေ့ရနည်းပါတယ်။

    ဘယ်လို လက္ခဏာတွေရှိလဲ ။

    စမ်းလိုက်ရင် အလုံးလေးက ပျော့ပျော့လေးဖြစ်နေမယ်။ အရေပြားအောက်လေးတင်ဖြစ်လို့ နေရာရွေ့လို့လည်းရတယ်။ နာလည်းမနာဘူး။

    တစ်ချို့ တစ်ရှူးအောက်တွေထဲရောက်နေတဲ့ အဆီကျိတ်တွေကတော့ အောက်ထဲရောက်နေတဲ့အတွက်ကြောင့် မသိသာဘဲ အရမ်းကြီးလာမှ သတိထားမိတတ်ကြပါတယ်။ တစ်ရှူးအောက်ထဲရောက်နေတာကြောင့် နေရာရွေ့လို့ သိပ်မရဘဲ ကင်ဆာ အဆီကျိတ်နဲ့ မှားတတ်ကြပါတယ်။

    ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး သိနိုင်သလဲ ။

    • ဖြစ်နေတဲ့ နေရာကို ဓါတ်မှန်ရိုက်မယ်။
    • စီတီ စကင်မ်ဖတ်မယ်
    • MRI နဲ့ ပုံရိပ်ဖမ်းမယ်
    • အသားစယူပြီး ကင်ဆာ ဟုတ်မဟုတ်စစ်ဆေးမယ်။

    ကုသပုံ။ ။

    အလုံးသေးရင် ဒီတိုင်းထားလိုက်ပြီး အလုံးကြီးရင်တော့ ခွဲထုတ်လိုက်ရုံပါပဲ။

    LIPOSARCOMA (ကင် ဆာ အဆီကျိတ်)

    Liposarcoma ဆိုတာဘာလဲ။ ။

    Liposarcoma ဆိုတာ ကင်ဆာ အဆီကျိတ်တစ်မျိုးဖြစ်ပါတယ်။

    ဘယ်သူတွေမှာ ပိုဖြစ်လဲ ။ ။

    အရွယ်မရွေးဖြစ်လေ့ရှိတဲ့ ကင်ဆာ အဆီကျိတ်တစ်ခုပါ။

    ဘာကြောင့်ဖြစ်ရတာလဲ ။ ။

    ကင်ဆာ အဆီကျိတ်ကတော့ အဆီဆဲလ်တွေရဲ့ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်တစ်ခုခုရှိပြီး ဆဲလ်တွေ အများကြီး ပွားကုန်လို့ ကင်ဆာဖြစ်ရတာဖြစ်ပါတယ်။

    တစ်ချို့ အဆီကျိတ်တွေက ကြီးထွားမှုနှေးပြီး တစ်နေရာတည်းမှာပဲဖြစ်သလို တစ်ချို့အကျိတ်တွေကကျတော့ မြန်မြန် ပြန့်လွယ်တတ်ကြပါတယ်။

    ဘယ်နေရာတွေမှာ အဖြစ်များလဲ ။ ။

    ကိုယ်ခန္ဓာ နေရာတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခြေသလုံးနဲ့ ဗိုက်တို့မှာ အဖြစ်များပါတယ်။

    ဘယ်လို လက္ခဏာတွေရှိလဲ ။

    ပေါ်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေက ကွဲပြားပါတယ်။

    လက်မောင်းနဲ့ ခြေထောက်မှာဖြစ်တဲ့ ကင်ဆာ အဆီကျိတ်ကြောင့် ခြေထောက်နာမယ်၊ ဖြစ်နေတဲ့ ခြေထောက်က အားမသန်ဘဲ အားနည်းနေမယ်။

    ဗိုက်မှာပေါ်တဲ့ ကင်ဆာအဆီကျိတ်ကြောင့် ဗိုက်နာမယ်၊ ဗိုက်မှာ အလုံးစမ်းမိပြီး အစားစားရင်လည်း မြန်မြန်ပြည့်လွယ်တယ်၊ ဝမ်းလည်းချုပ်ပြီး သွေးစတွေကို ဝမ်းထဲမှာတွေ့ရတတ်တယ်။

    တစ်ခြားကင်ဆာ ရဲ့ လက္ခဏာတွေဖြစ်တဲ့ လူကနုန်းနေမယ်။ အစားစားချင်စိတ်ပျောက်နေပြီး ကိုယ်အလေးချိန်လည်း ကျဆင်းနေလိမ့်မယ် ။

    ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး သိနိုင်သလဲ ။

    • ဖြစ်နေတဲ့ နေရာကို ဓါတ်မှန်ရိုက်မယ်။
    • CT စကင်မ်ဖတ်မယ်
    • MRI နဲ့ ပုံရိပ်ဖမ်းမယ်
    • အသားစယူပြီး ကင်ဆာ ဟုတ်မဟုတ်စစ်ဆေးမယ်။
    • Tumor maker လို့ခေါ်တဲ့ ကင်ဆာဖြစ်ရင် တက်နေတဲ့ ဟော်မုန်းတွေကို စစ်ကြည့်မယ်။

    ကုသပုံ။ ။

    ကင်ဆာဆဲလ်ေတွကို တတ်နိုင်သလောက် ခွဲစိတ်ပြီး ဖယ်ရှားမယ်။ ကင်ဆာဆေးသွင်းမယ်။ ဓါတ်ကင်မယ်။

    ဒါတွေကတော့ ကိုယ်ပေါ်မှာ အလုံးပေါ်လာတိုင်း ရိုးရိုးအဆီကျိတ်လေးလာ၊ ကင်ဆာ အဆီကျိတ်လားခွဲနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ရေးထားတာဖြစ်ပါတယ်။ ပေါ်လာတဲ့ အလုံးတိုင်းလည်း ကင်ဆာ မဟုတ်သလို မနာတဲ့ အလုံးအကျိတ်တိုင်းလည်း ကင်ဆာ မဟုတ်ပါဘူး။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement