home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

သွေးကြောနံရံပုံမမှန်ခြင်း နှင့် လေဖြတ်ခြင်း

သွေးကြောနံရံပုံမမှန်ခြင်း နှင့် လေဖြတ်ခြင်း

လေဖြတ်ခြင်းဆိုတာ လူအများနဲ့ ရင်းနှီးပြီးသား ဝေါဟာရတစ်ခုဖြစ်ပြီး လေဖြတ်ခြင်းနဲ့ ပတ်သက်လို့ အတော်များများ ကြားဖူးနားဝရှိပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတဲ့ ဝေါဟာရကိုတော့ ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်။ Fibromuscular dysplasia ဟာ လူသိနည်းတဲ့ရောဂါဖြစ်ပေမယ့် လေဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း အံ့သြဖွယ်တွေ့ရှိရတဲ့အတွက် ၎င်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Fibromuscular dysplasia (သွေးကြောနံရံပုံမမှန်ခြင်း) ဆိုတာ ဘာလဲ

Fibromuscular dysplasia ဆိုတာ ရောင်ရမ်းခြင်းကို မဖြစ်စေတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ခန္ဓါကိုယ်အနှံ့ သွေးလှည့်ပတ်ပို့ဆောင်ပေးတဲ့ အသေးစားနဲ့ အလတ်စား သွေးကြောတွေရဲ့နံရံ ဖွံဖြိုးမှုပုံမမှန်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ သွေးကြောနံရံတွေရဲ့ ဆဲလ်ဖွံ့ဖြိုးမှု ပုံမမှန်တဲ့အတွက် အဆိုပါသွေးကြောတွေကို ပုံမှန်ထက် ကျဉ်းသွား/ ကျယ်သွားစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်ပျက်ပြားစေမှာ ဖြစ်ပါတယ်။

ဒီရောဂါဟာ လည်ပင်းတဝိုက်က သွေးကြောတွေ၊ ဦးနှောက်နဲ့ ကျောက်ကပ်သွေးကြောတွေမှာ ပိုအဖြစ်များပါတယ်။ လက်၊ ခြေထောက်၊ နှလုံးနဲ့ ဝမ်းဗိုက်ဆီသွားတဲ့ သွေးကြောတွေမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။

ဒီရောဂါဟာ လူသိနည်းပေမယ့် ရှားပါးတဲ့ရောဂါတော့ မဟုတ်ပါဘူး။ အသက် ၂၅နှစ်နဲ့ ၅၀ကြား အရွယ်တွေမှာ အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါဖြစ်ရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် မျိုးရိုးဗီဇ၊ ရုပ်ပိုင်းနဲ့ ဟော်မုန်းဆိုင်ရာ အကြောင်းရင်းတွေကြောင့် ဖြစ်ရတယ်လို့ အချို့သောတွေ့ရှိချက်တွေက ဆိုထားပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး သက်သေအထောက်အထား ခိုင်ခိုင်မာမာပြနိုင်ဖို့ နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

သွေးကြောနံရံပုံမမှန်ခြင်းဟာ လေဖြတ်ခြင်းနဲ့ ဘယ်လိုဆက်စပ်နေသလဲ

ဒီရောဂါဟာ carotid artery လို့ အမည်ရတဲ့ လည်ပင်းကတဆင့် ဦးနှောက်ဆီသွေးပို့ဆောင်ပေးတဲ့ သွေးလွှတ်ကြောကြီးတွေမှာ အဖြစ်များပါတယ်။ ဒီသွေးလွှတ်ကြောကြီးတွေရဲ့နံရံ ပုံမမှန်မှုကြောင့် ဦးနှောက်ဆီ သွေးရောက်ရှိမှု လျော့နည်းပိတ်ဆို့ရာကတဆင့် လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အချို့လူနာတွေမှာ လက္ခဏာတစ်စုံတစ်ရာ မပြတတ်ပေမယ့် အချို့လူနာတွေမှာတော့ သွေးဖိအားများခြင်း၊ မူးဝေခြင်း၊ နာတာရှည်ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ မျက်နှာထုံနေခြင်း၊ နားထဲတစီစီမြည်ခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း စတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။

ဒီရောဂါကြောင့် သွေးကြောနံရံပေါက်ခဲ့ရင် ဦးနှောက်တွင်းသွေးယိုစီးမှု ဖြစ်လာနိုင်ပါတယ်။ ဒါဟာလည်း လေဖြတ်ခြင်းကိုဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

သွေးကြောနံရံပုံမမှန်သည့်ရောဂါကို ကုသခြင်းအားဖြင့် လေဖြတ်ခြင်းမှ ကာကွယ်ပါ

ယေဘုယျအားဖြင့်တော့ သွေးကြောနံရံပုံမမှန်တဲ့ရောဂါကို ကာကွယ်လို့မရနိုင်သလို ဒီရောဂါအတွက် စံထားကုသမှုအစီအစဉ်ရယ်လို့လည်း သတ်သတ်မှတ်မှတ် မရှိပါဘူး။ ရောဂါဖြစ်နေတဲ့ သွေးလွှတ်ကြော၊ ရောဂါလက္ခဏာ၊ ပြင်းထန်မှုနဲ့ ပျံ့နှံ့မှုအပေါ်မူတည်ပြီး ကုသမှုပေးရတာ ဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာရှိတဲ့ ဘယ်သွေးကြောမှာမဆို ဒီရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိတာနဲ့တပြိုင်နက် လူနာရဲ့ carotid artery ကို မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။

သွေးကြောနံရံပုံမမှန်ခြင်းအတွက် ကုသမှုနည်းလမ်းတစ်ခုကတော့ သွေးကြောထဲ ဘောလုံးထည့်သွင်းခြင်း (percutaneous ballon angioplasty) ဖြစ်ပါတယ်။ ပြွန်ငယ်တစ်ခုကတဆင့် ရောဂါဖြစ်နေတဲ့ သွေးကြောထဲ ဘောလုံးငယ်တစ်ခု ထည့်သွင်းပြီး သွေးကြောပွင့်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ Carotid artery သွေးကြောနံရံ ပုံမမှန်ခြင်းကို ဒီနည်းလမ်းနဲ့ အကျိုးရှိစွာ ကုသနိုင်ပါတယ်။ ဒီကုသမှုနည်းလမ်းကို ရောဂါလက္ခဏာပြနေတဲ့ လူနာတွေအတွက်သာ အသုံးပြုနိုင်ပါတယ်။

သွေးကြောအနည်းငယ်သာကျဉ်းတဲ့ လူနာတွေအနေနဲ့ သွေးခဲပိတ်ခြင်းမှ ကာကွယ်ဖို့ အက်စပရင်ခေါ် သွေးကျဲဆေးကို နေ့စဉ်သောက်သုံးနိုင်ပါတယ်။ အက်စပရင်ဟာ ဒီရောဂါကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာနဲ့ လည်ပင်းနာခြင်းတို့ကိုပါ သက်သာစေပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်တတ်သူတစ်ဦးဖြစ်ပြီး သင့်မှာ သွေးကြောနံရံပုံမမှန်တဲ့ရောဂါရှိမယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကြောင့် ဒီရောဂါပိုဆိုးလာနိုင်တဲ့အတွက် ဆေးလိပ်ဖြတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

တခါတရံမှာ ဒီရောဂါကြောင့် သွေးကြောဖောင်းရာကတဆင့် ဦးနှောက်ထဲသွေးယိုနိုင်တဲ့အန္တရာယ် ရှိတဲ့အတွက် ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

သွေးကြောနံရံပုံမမှန်ခြင်းဟာ လူသိနည်းတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် လေဖြတ်ခြင်းကဲ့သို့ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ရောဂါရှိကြောင်း စောစောအဖြေရှာသိရှိခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
  1. Fibromuscular Dysplasia Information Page. https://www.ninds.nih.gov/Disorders/All-Disorders/Fibromuscular-Dysplasia-Information-Page. Accessed May 2, 2017.
  2. Varennes L, Tahon F, Kastler A, et al. Fibromuscular dysplasia: what the radiologist should know: a pictorial review. Insights into Imaging. 2015;6(3):295-307. doi:10.1007/s13244-015-0382-4.
  3. Plouin P-F, Perdu J, La Batide-Alanore A, Boutouyrie P, Gimenez-Roqueplo A-P, Jeunemaitre X. Fibromuscular dysplasia. Orphanet Journal of Rare Diseases. 2007;2:28. doi:10.1186/1750-1172-2-28.
  4. My Experience with Fibromuscular Dysplasia and Stroke. http://www.fmdsa.org/dynamic/files/CLDSept07.pdf. Accessed May 2, 2017.
  5. Fibromuscular dysplasia FMD. https://strokefoundation.org.au/About-Stroke/Preventing-stroke/Stroke-risk-factors/Fibromuscular-dysplasia-FMD. Accessed May 2, 2017.

6. Fibromuscular dysplasia. http://www.mayoclinic.org/diseases-conditions/fibromuscular-dysplasia/home/ovc-20202077. Accessed May 2, 2017.

 

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။