home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လေဖြတ်ခြင်းဟုတ်မဟုတ် ဆရာဝန်က ဘယ်လိုစစ်ဆေးအတည်ပြုသလဲ

လေဖြတ်ခြင်းဟုတ်မဟုတ် ဆရာဝန်က ဘယ်လိုစစ်ဆေးအတည်ပြုသလဲ

လေဖြတ်ခြင်းဟာ အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ လေဖြတ်တဲ့လက္ခဏာတွေကြောင့် ဆေးရုံတက်ရတဲ့အခါ သက်ဆိုင်ရာဆရာဝန်တွေက သင့်ကျန်းမာရေးအခြေအနေကို သိရှိဖို့၊ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ကိုယ်အင်္ဂါမသန်မစွမ်းဖြစ်မှုကို လျော့ချဖို့ လိုအပ်တဲ့စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း နှင့် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးခြင်း

သက်ဆိုင်ရာဆရာဝန်အနေနဲ့ သင့်မှာ လတ်တလောဖြစ်နေတဲ့ ရောဂါလက္ခဏာတွေအကြောင်း၊၊ ဒီလက္ခဏာတွေ စဖြစ်ချိန်နဲ့ ဘယ်လိုကုသမှုတွေ ခံယူထားတယ်ဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။

လေဖြတ်နိုင်ချေကိုမြင့်စေတဲ့ အကြောင်းအရင်းတွေဖြစ်တဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆေးလိပ်သောက်ခြင်း၊ မိသားစုထဲမှာ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ ဖြစ်ဖူးခြင်းရှိမရှိ စတဲ့အချက်တွေအပြင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း အသေးစိတ်မေးမြန်းမှာ ဖြစ်ပါတယ်။

ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုအဖြစ် သွေးဖိအား၊ စိတ်ပိုင်းဆိုင်ရာ နိုးကြားမှု၊ ဟန်ချက်ထိန်းနိုင်မှု၊ ခန္ဓါကိုယ်အစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်နိုင်မှု စတာတွေကို တိုင်းတာစစ်ဆေးသွားမှာဖြစ်ပြီး မျက်နှာ၊ ခြေ၊ လက်များ အားနည်းခြင်း ရှိမရှိ၊ လမ်းလျှောက်၊ စကားပြောရာမှာ ခက်ခဲခြင်း ရှိမရှိ၊ အမြင်အာရုံပြောင်းလဲခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သင့်လည်ပင်းမှာရှိတဲ့ carotid artery ခေါ် သွေးကြောမကြီးပေါ် နားကြပ်နဲ့နားထောင်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

သွေးစစ်ဆေးမှုများ

လေဖြတ်တဲ့လက္ခဏာရှိသူ လူနာတွေမှာ သွေးခဲနှုန်း၊ သွေးဥမွှားအရေအတွက်၊ သွေးတွင်းသကြားဓါတ်ပမာဏ၊ သွေးတွင်းရှိဓါတုပစ္စည်းများ၊ ပိုးဝင်ခြင်း စတာတွေကို သိရဖို့ သွေးစစ်ဆေးမှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။

သွေးတွင်းသကြားဓါတ်ပမာဏ ကျဆင်းခြင်းက လေဖြတ်တဲ့လက္ခဏာတွေ ဖြစ်စေနိုင်သလို သွေးဥမွှားအရေအတွက် ပုံမမှန်ခြင်းကလည်း ဦးနှောက်တွင်း သွေးယိုခြင်း သို့မဟုတ် သွေးခဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

CT scan

CT scan လို့ လူသိများတဲ့ ကွန်ပျူတာအသုံးပြု ပုံဖော်စက်ဟာ ဦးနှောက်အတွင်းပိုင်းက ပုံရိပ်တွေကို အသေးစိတ်ပုံဖော်ပေးပါတယ်။ လူနာကို နာကျင်မှုတစုံတစရာ မဖြစ်စေဘဲ ဓါတ်မှန်ပေါင်းများစွာ ရိုက်ယူနိုင်ပြီး ဦးနှောက်တွင်းရှိ အကျိတ်၊ သွေးယိုမှု၊ ဦးနှောက်ဆဲလ်များ ထိခိုက်ပျက်စီးမှုတို့အပြင် လေဖြတ်တဲ့လက္ခဏာ ဖြစ်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကိုပါ တွေ့မြင်နိုင်ပါတယ်။

MRI

ဒါကတော့ သံလိုက်နဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်ပုံဖော်ကြည့်နိုင်တဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ MRIကရတဲ့ ပုံရိပ်တွေဟာ CT scanကရတဲ့ ပုံရိပ်တွေထက် ပိုရှင်းလင်းပြတ်သားပြီး ပိုအသေးစိတ်ကျသလို ဦးနှောက်တစ်ရှူးတွေရဲ့ ပြောင်းလဲမှုနဲ့ လေဖြတ်တဲ့လက္ခဏာတွေကိုပါ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

ကွန်ပျူတာအသုံးပြုပြီး သွေးကြောပုံဖော်စစ်ဆေးခြင်း (Computed tomographic angiography)

သင့်ရဲ့သွေးလွှတ်ကြောထဲ အထူးပြုလုပ်ထားတဲ့ ရောင်ခြယ်ပစ္စည်းတစ်ခု ထိုးပေးပြီး သင့်သွေးကြောတွေမှာ ပြဿနာရှိမရှိ ပုံဖော်စစ်ဆေးမှာ ဖြစ်ပါတယ်။

သံလိုက်လှိုင်းအသုံးပြုပြီး သွေးကြောပုံဖော်စစ်ဆေးခြင်း (Magnetic resonance angiography)

အကြီးစား ဦးနှောက်သွေးကြောတွေကို ပုံဖော်စစ်ဆေးတဲ့ နည်းပညာဖြစ်ပြီး ဦးနှောက်တွင်း သွေးလှည့်ပတ်မှုအခြေအနေနဲ့ သွေးကြောပိတ်ဆို့ခြင်း ရှိမရှိ သိရှိနိုင်မှာ ဖြစ်ပါတယ်။

Carotid ultrasound

လူနာကို မနာကျင်စေဘဲ အသံလွန်လှိုင်းတွေရဲ့ အကူအညီနဲ့ လည်ပင်းကတဆင့် ဦးနှောက်ဆီ သွေးပို့ဆောင်ပေးတဲ့ carotid artery တွေရဲ့ အတွင်းဘက်ပုံရိပ်တွေကို ပုံဖော်စစ်ဆေးခြင်း ဖြစ်ပါတယ်။ ၎င်းသွေးကြောတွေထဲ သွေးခဲဖြစ်ပေါ်မှုရှိမရှိ၊ သွေးသွားလာမှု ပိတ်ဆို့ခြင်းရှိမရှိ သိနိုင်မှာဖြစ်ပါတယ်။

ဦးနှောက်သွေးကြော ပုံဖော်စစ်ဆေးခြင်း (Cerebral angiogram)

ဒီစစ်ဆေးမှုမှာတော့ အထက်မှာပြောခဲ့တဲ့ carotid artery ထဲ ပါးလွှာပျော့ပျောင်းတဲ့ ပြွန်ငယ်တစ်ခုကို ဦးနှောက်တွင်းရောက်သည်အထိ ထည့်သွင်းပြီး အဲဒီပြွန်ငယ်ကတဆင့် အထူးပြုလုပ်ထားတဲ့ အရောင်ခြယ်ပစ္စည်းတစ်မျိုးကို သွေးကြောထဲ ထိုးပေးမှာ ဖြစ်ပါတယ်။ ဒီအရောင်ခြယ်ပစ္စည်းရဲ့ အကူအညီနဲ့ လည်ပင်းနဲ့ ဦးနှောက်ထဲက သွေးကြောတွေရဲ့ အခြေအနေကို ပုံကြီးချဲ့ပြီး အသေးစိတ်မြင်နိုင်မှာ ဖြစ်ပါတယ်။

Echo

Echo လို့ လူသိများတဲ့ ဒီစစ်ဆေးမှုကတော့ လူနာကို မနာမကျင်စေဘဲ အသံလှိုင်းတွေကတဆင့် နှလုံးရဲ့ပုံရိပ်တွေကို ဖမ်းယူပေးတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။ နှလုံးအရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အလုပ်လုပ်နိုင်စွမ်းကို သိနိုင်သလို ဦးနှောက်သွေးကြောမှာ သွားပိတ်ဆို့ပြီး လေဖြတ်စေနိုင်တဲ့ သွေးခဲများရှိမရှိကိုပါ ရှာဖွေနိုင်ပါတယ်။

ဒီစစ်ဆေးမှုမှာ ဆရာဝန်က အထူးကိရိယာတစ်ခု တပ်ဆင်ထားတဲ့ ပြွန်ပါးပါးလေးတစ်ချောင်းကို သင့်လည်ချောင်းကတဆင့် အစာရေမျိုထဲရောက်အောင် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အစာရေမျိုဟာ နှလုံးရဲ့အနောက်မှာ တည်ရှိတဲ့အတွက် echo ရိုက်တဲ့အခါ နှလုံးရဲ့ ပြတ်သားတဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်ပါတယ်။

ECG

ECG ဟာ လူအတော်များများနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား စစ်ဆေးမှုတစ်ခုဖြစ်ပြီး နှလုံးရဲ့ လျှပ်စစ်လှိုင်းလှုပ်ရှားမှုကို မှတ်တမ်းတင်ပေးခြင်းအားဖြင့် ရောဂါရှာဖွေရာမှာ အထောက်အကူပြုပါတယ်။ နှလုံးခုန်နှုန်း၊ နှလုံးခုန်စည်းချက်၊ လျှပ်စစ်အချက်ပြလှိုင်းတွေရဲ့အားကို ဖော်ပြတဲ့ ကိရိယာဖြစ်ပြီး နှလုံးခုန်စည်းချက် ပရမ်းပတာဖြစ်ခြင်း၊ ယခင်က နှလုံးတိုက်ခိုက်ခံရဖူးခြင်း စတဲ့ နှလုံးကျန်းမာရေးပြဿနာတွေကို ဒီစစ်ဆေးမှုကတဆင့် သိရှိနိုင်ပါတယ်။

လေဖြတ်ခြင်းဟုတ်မဟုတ်ကို ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးမှုများ၊ သွေးစစ်ဆေးမှုများကတဆင့် အဖြေရှာအတည်ပြုနိုင်ပါတယ်။ အဆိုပါစစ်ဆေးမှုတွေဟာ လေဖြတ်ဝေဒနာ အမျိုးအစား၊ လေဖြတ်ရတဲ့ အကြောင်းအရင်းနဲ့ လေဖြတ်ခြင်းကြောင့် ထိခိုက်သွားတဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ရှာဖွေဖော်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့် သံသယရှိစရာ လက္ခဏာတစ်ခုခု ပေါ်လာတာနဲ့တပြိုင်နက် အရေးပေါ်ကုသမှု အမြန်ဆုံးခံယူခြင်းအားဖြင့် ဦးနှောက်ထိခိုက်ပျက်စီးနိုင်တဲ့ အန္တရာယ်ကို လျော့ချနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။