backup og meta

GCS 3 ဆိုတာ ဘာလဲ..ခေါင်းဒဏ်ရာမှာ GCS ကိုဘာလို့သိသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

GCS 3 ဆိုတာ ဘာလဲ..ခေါင်းဒဏ်ရာမှာ GCS ကိုဘာလို့သိသင့်လဲ

GCS 3ဆိုတာက သာမန်လူတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ စကားလုံးပါ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတဲ့ သူတစ်ယောက်ကို GCSစစ်ဆေးလိုက်တဲ့အခါ 3ပဲရတယ်ဆိုတာ ဘာပြောတာလဲ။ 0 မဟုတ်ဘူးဆိုတော့ အခြေအနေမဆိုးဘူးလား။ ဒါတွေကို နားလည်ဖို့ဆိုရင် GCS 3 ကို မပြောခင် GCSဆိုတာ ဘာလဲက စပြောရပါလိမ့်မယ်။

GCS ဆိုတာ ဘာလဲ။

GCSရဲ့ အရှည်ကောက်က The Glasgow Coma Scale ပါ။ ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ လူတစ်ယောက်မှာ သတိရတဲ့ အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ဦးနှောက်ထိတာ ဘယ်လောက်ဆိုးသလဲဆိုတာ စစ်ဆေးတာပါ။ ဒီစစ်ဆေးချက်က လုပ်ရတာလည်း လွယ်တယ်။ စိတ်လည်း ချရတယ်။ ရမှတ်နဲ့ ဦးနှောက်ထိခိုက်တာနဲ့ကို ဆက်စပ်ပြီး တွေးခေါ်လို့ ရပါတယ်။

ဦးနှောက်ထိခိုက်မှု အပြီးမှာ GCSကို လိုသလို စစ်ဆေးနေတာက လူနာရဲ့ အခြေအနေကို ခန့်မှန်းလို့ရစေပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဌာနတွေ၊ အရေးပေါ်ဌာနတွေနဲ့ အထူးကြပ်မတ်ကုသဆောင်တွေမှာ အများဆုံး သုံးကြပါတယ်။ စက်တွေ၊ သွေးဖောက်စရာတွေ ဘာမှမလိုဘဲ ဒီတိုင်း အလွယ်တကူ စမ်းသပ်လို့ရတဲ့ နည်းလမ်းတစ်ခုပါ။

GCS 3ဆိုတာ ဘာလဲ။

GCS မှာ ဘာတွေကို စစ်ဆေးပါသလဲ။

မျက်လုံးဖွင့်နိုင်သလား။ Eye Opening (E)

  • ၄ = အလိုအလျောက်ဖွင့်ရင်
  • ၃ = အသံကြားလို့ ဖွင့်ကြည့်ရင်
  • ၂ = ထိလို့ ဖိလို့ ဖွင့်ကြည့်ရင်
  • ၁ = လုံးဝမဖွင့်ရင်
  • NT = not testable (စမ်းလို့မရ)

စကားပြောနိုင်သလား။ Verbal Response (V)

  • ၅ = သာမန်လူတစ်ယောက်လို ပြောနိုင်ရင်
  • ၄ = တောင်စဉ်ရေမရ လျှောက်ပြောရင်
  • 3 = စကားလုံးလောက်ပဲ ပြောနိုင်ရင်
  • ၂ = အသံပဲ ထွက်တယ်၊ စကားမပြောနိုင်ရင်
  • ၁ = ဘာမှမပြောနိုင်ရင်
  • NT = not testable (စမ်းလို့မရ)

လှုပ်ရှားနိုင်သလား။ Motor Response (M)

  • ၆ = ပြောတဲ့အတိုင်း လုပ်ပြနိုင်ရင်
  • ၅=နာတဲ့နေရာ၊ ထိတဲ့နေရာကို ပြနိုင်ရင်
  • ၄ = ပုံမှန်အတိုင်း ခြေလက်ကွေးနိုင်ရင်
  • ၃ = ပုံမှန်မဟုတ်တဲ့ ခြေလက်ကွေးပြရင်
  • ၂ = ဆန့်ဆန့်ကြီး ဖြစ်နေရင်
  • ၁ = လုံးဝမလှုပ်နိုင်ရင်
  • NT = not testable (စမ်းလို့မရ)
  • မျက်လုံးပွင့်သလားမှာ ၄မှတ်၊ စကားပြောသလားမှာ ၅မှတ်၊ လှုပ်နိုင်သလားမှာ ၆မှတ် စုစုပေါင်း GCS၁၅မှတ်ရှိပါတယ်။ ၁၅က အများဆုံးပါ။ ၃က အနည်းဆုံးပါ။ လုံးဝဘာမှမတုံ့ပြန်ဘူးဆိုရင်တောင် တစ်ခု ၁မှတ်နဲ့ ၃မှတ်ရပါတယ်။ ဒါကြောင့် GCS 3 ဆိုတာ အနည်းဆုံးပါ။ အသက်ပဲ ရှိပြီး ဘာမှမတုံ့ပြန်နိုင်တဲ့ အခြေအနေကို ဆိုလိုတာပါ။

    GCS ကို ဘယ်လို အသုံးချနိုင်သလဲ။

    လူနာတစ်ယောက်ရဲ့ GCSရမှတ်တွေကို ကိုမာစစ်ဆေးမှု စာရွက်မှာ မှတ်တမ်းတင်ထားရပါတယ်။ ဒါမှ တစ်ခါစမ်းလိုက်တိုင်းမှာ လူနာအခြေအနေက ပိုကောင်းလာသလား၊ ပိုဆိုးလာသလားဆိုတာကို သိနိုင်မှာပါ။ လူနာအခြေအနေကို သိမှ လိုအပ်တဲ့ ကုသမှုတွေကို ဆက်ပေးနိုင်မှာပါ။

    GCSတွေက တစ်ခုချင်း အမှတ်ရော၊ ရမှတ်ပေါင်းရော အရေးကြီးပါတယ်။ ဒါကြောင့် မှတ်တမ်းတင်တဲ့အခါ E2V4M6 ဒါမှမဟုတ် E2V4M6 = 12 ဆိုပြီး မှတ်ကြပါတယ်။ ပိုပြီးစနစ်ကျအောင် GCS 12 = E2 V4 M6 at 4:32PM ဆိုပြီး အချိန်နဲ့ တွဲမှတ်လေ့ရှိပါတယ်။

    ဦးနှောက်ဒဏ်ရာက တစ်မျိုးနဲ့ တစ်မျိုး၊ လူနာတစ်ယောက်နဲ့ တစ်ယောက် မတူဘူးဆိုပေမယ့် GCSပေါ်မူတည်ပြီး ပြင်းထန်မှုကို ဒီလို သတ်မှတ်လို့ရပါတယ်။

    GCS  ၈မှတ်နဲ့ ၈မှတ်အောက် – ပြင်းထန်

    GCS ၉-၁၂ – သိပ်မပြင်းထန်

    GCS ၁၃-၁၅ – မပြင်းထန်

    ဦးနှောက်ထိတာ သိပ်မပြင်းဘူးဆိုရင် လူနာက လက္ခဏာတွေ ပြကောင်း ပြနေနိုင်ပေမယ့် ကွန်ပျူတာဓာတ်မှန်သံလိုက်ဓာတ်မှန်တွေ ရိုက်ကြည့်ရင် ဦးနှောက်ပျက်စီးတာ တွေ့ချင်မှ တွေ့မှာပါ။

    သိပ်မပြင်းထန် ဒါမှမဟုတ် ပြင်းထန်ဒဏ်ရာဆိုရင်တော့ လူနာက ဆင်ခြင်တွေးတောတာတွေ၊ အမူအကျင့်တွေ ပြောင်းလဲတာတွေပါ ဖြစ်လာနိုင်ပါတယ်။

    GCS 3ဆိုတာ ဘာလဲ။

    GCSစစ်ဆေးတာကို ထိခိုက်နိုင်တဲ့ အချက်တွေ

    လူနာက မူးယစ်ဆေးသုံးထားမယ်၊ အရက်တွေ အလွန်အကျွံသောက်ထားမယ်၊ ရှော့ဖြစ်နေမယ်၊ သွေးတွင်းအောက်ဆီဂျင် ကျနေမယ် စတဲ့အချက်တွေက  လူနာရဲ့ အသိတရားကို ထိခိုက်စေနိုင်တဲ့အတွက် GCSစစ်ဆေးတာကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

    နောက်တစ်ချက်က လူနာက အသက်ရှူပိုက်ထည့်ထားရင် စကားပြောလို့ မရတဲ့အတွက် စကားပြောနိုင်လားဆိုတာကို စစ်ဆေးလို့ မရပါဘူး။ မျက်လုံးဖွင့်သလားနဲ့ လှုပ်ရှားနိုင်သလားဆိုတာကိုပဲ စစ်ဆေးလို့ရပါတယ်။ ရမှတ်မှာ Tဆိုတာလေး ပေါင်းထည့်ရေးပါတယ်။ Intubation လုပ်ထားတယ်ဆိုတဲ့ သဘောပါ။ ဒီလို လူနာတွေမျာ စကားပြောသလားဆိုတဲ့ ၅မှတ်ကို ဖယ်လိုက်တဲ့အတွက် အမြင့်ဆုံး 10Tနဲ့ အနိမ့်ဆုံး 2T ရမှတ်ရနိုင်ပါတယ်။

    GCSကို ကလေးတွေမှာ သုံးလေ့မရှိပါဘူး။ အထူးသဖြင့် ငယ်လွန်းပြီး စကားကောင်းကောင်း မပြောတတ်တဲ့ ကလေးတွေမှာပါ။ သုံးမယ်ဆိုရင် လူကြီးတွေမှာ သုံးတဲ့ GCSကို နည်းနည်းလေး ပြောင်းပြီး သုံးလို့တော့ ရပါတယ်။ The Pediatric Glasgow Coma Scale, or PGCS လို့ ခေါ်ပါတယ်။ လူကြီးတွေနဲ့ ရမှတ် သတ်မှတ်ချက်က တူတူပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement