brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Amyotrophic Lateral Sclerosis

အဓိပ္ပါယ်ဖွင့်ဆိုချက်

Amyotrophic Lateral Sclerosis ကဘာလဲ။

Amyotrophic Lateral Sclerosis ဆိုတာ ဦးနှောက်ရှိ လှုပ်ရှားမှုနှင့်ဆိုင်တဲ့ အာရုံကြောဆဲလ် များ တဖြည်းဖြည်းပျက်စီးလာတဲ့ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Lou Gehrig’s disease လို့လည်းခေါ်ပါတယ်။ ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကိုတော့ မသိသေးပါဘူး။ အချို့ ဟာမျိုးရိုးလိုက်ပါတယ်။ ခြေ\လက် ရှိ ကြွက်သားများ သူ့အလိုလို ဇာတ်တိုက် လှုပ်လာခြင်း\ အားနည်းလာခြင်း၊ သို့မဟုတ် စကားပြော လေးလံလာခြင်း တို့နဲ့ အစပြုပါတယ်။ နောက်ဆုံးမှာတော့ သွားလာလှုပ်ရှားခြင်း၊ စကားပြောခြင်း၊ စားသောက်ခြင်း၊ အသက်ရှူခြင်း စတဲ့ ကိစ္စရပ်တွေမှာ အသုံးပြုရတဲ့ ကြွက်သားများကိုပါ ထိခိုက်လာပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးမရှိပါဘူး။ နောက်ဆုံး အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ပါတယ်။

Amyotrophic Lateral Sclerosis က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Amyotrophic Lateral Sclerosis ရဲ့လက္ခဏာတွေကဘာတွေလဲ

Amyotrophic Lateral Sclerosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

-လမ်းလျှောက်ရာတွင် သို့မဟုတ် နေ့စဉ်လှုပ်ရှားသွားလာမှုများ ခက်ခဲလာခြင်း

-ချော်လဲခြင်း၊ ခြေခေါက်သွားတတ်ခြင်း

-ခြေထောက်များ လေးလံ အားနည်းခြင်း

-လက်များ အားနည်းခြင်း

-စကားပြော လေးလံလာခြင်း သို့မဟုတ် အစာ\ရေ\တံတွေးမျိုချရ ခက်လာခြင်း

-ခေါင်း\ခန္တာကိုယ် ကို ပုံကျ ထောင်မတ်အောင် ထိန်းရခက်ခဲလာခြင်း

ဒီရောဂါဟာ ခြေထောက်နဲ့ လက်တွေမှာ အစပြုတတ်ပါတယ်။ ပြီးနောက် ခန္တကိုယ် အခြားအစိတ်အပိုင်းများကို ပြန့်သွားပါတယ်။ ရောဂါအခြေအနေ ပိုဆိုးလာတာနဲ့ အမျှ အာရုံကြော cells တွေပျက်စီးလာပြီး ကြွက်သားများလည်း ပိုအားနည်းလာပါမယ်။ နောက်ဆုံး အစာဝါးရသော၊ မျိုချရသော၊ စကားပြောရသော၊ အသက်ရှူရသော ကြွက်သားများပါ ထိခိုက်လာပါတော့တယ်။ သို့သော် ဆီးအိမ်၊ဝမ်းအိမ် ထိန်းချုပ်မှု၊ အာရုံခံစားမှုနဲ့ စဉ်းစားတွေးခေါ်မှုကိုတော့ မထိခိုက်ချေ။ ထို့ကြောင့် မိသားစု၊ သူငယ်ချင်းများနဲ့ ပုံမှန်ပြောဆိုဆက်ဆံနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Amyotrophic Lateral Sclerosis ကိုဘာတွေကဖြစ်စေသလဲ

ဒီရောဂါရဲ့ ၅% မှ ၁၀% ဟာ မျိုးရိုးလိုက်တာတွေ့ရပါတယ်။ ကျန်ရာခိုင်နှုန်းများ ရဲ့ဖြစ်ပွားမှုအကြောင်းရင်းတွေကိုတော့ အတိအကျ မသိရချေ။ သုတေသနပညာရှင်များကတော့ ဖြစ်ပွားမှုအကြောင်းရင်းတွေကိုရှာဖွေနေပါတယ်။

-မျိုးရိုးဗီဇ Gene ပြောင်းလဲမှုတွေက အဓိကကျတာ တွေ့ရပါတယ်။

-ဒီရောဂါရှိတဲ့သူတွေမှာ ဦးနှောက်ထဲရှိ Glutamate လို့ခေါ်တဲ့ Messenger ဓါတ်တစ်မျိုးမြင့်တက်နေတာ တွေ့ရပါတယ်။ အဲ့ဓါတ်မြင့်မားမှုဟာ အချို့သော အာရုံကြော cells များကို အန္တရာယ်ဖြစ်စေပါတယ်။

-တစ်ခါတစ်ရံ အချို့သောသူတွေမှာ မိမိ ခုခံအားစနစ်က မိမိ ခန္တာကိုယ်ရှိ ဆဲလ် များကိုတိုက်ခိုက်ဖျက်ဆီး တတ်တဲ့ ရောဂါမျိုးရှိတတ်ပါတယ်။ ဖျက်ဆီးခံရသော cells များထဲ အာရုံကြော ဆဲလ် များပါသွားနိုင်ပါတယ်။

– အာရုံကြော ဆဲလ်များအတွင်းတွင် ပုံမှန်မဟုတ်တဲ့ အသားဓါတ်များ စုပြုံလာခြင်းကြောင့်လည်း ဆဲလ် များပျက်ဆီးတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Amyotrophic Lateral Sclerosis ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

Amyotrophic Lateral Sclerosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-မျိုရိုးလိုက်ခြင်း- ၅% မှ ၁၀% ဟာ မျိုးရိုးလိုက်တာတွေ့ရပါတယ်။ မျိုရိုးထဲ ဒီရောဂါရှိရင် သားသမီးတွေမှာ ဖြစ်နိုင်ချေ ၅၀% ရှိပါတယ်။

-အသက်အရွယ်- အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေ ပိုတိုးလာပါတယ်။ အသက် ၄၀ နဲ့ ၆၀ ကြားကပိုဖြစ်တာတွေ့ရပါတယ်။

-လိင်အမျိုးအစား- အသက် ၆၅ နှစ်မတိုင်ခင်မှာတော့ အမျိုးသားတွေမှာ ပိုဖြစ်တတ်တာတွေ့ရပြီး အသက် ၇၀ ကျော်ရင်တော့ တန်းတူ ဖြစ်နိုင်ချေရှိလာပါတယ်။

-မျိုးရိုးဗီဇ-ဒီရောဂါဖြစ်သူတွေကို လေ့လာကြည့်ရာ သူတို့ရဲ့ မျိုးရိုးဗီဇ Gene ပုံပြောင်းလဲမှုများ ဆင်တူနေတာတွေ့ရပါတယ်။

-ဆေးလိပ်သောက်ခြင်း- ဆေးလိပ်သောက်ခြင်းဟာလည်း ရောဂါဖြစ်ပွားမှုကို အားပေးပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ ဆေးလိပ်သောက်ရင် ရောဂါအခြေအနေ ပိုဆိုးတာ တွေ့ရပါတယ်။

-ပတ်ဝန်းကျင်မှ အခြားသော အဆိပ်အတောက်များ ထိတွေ့မှု ဟာလည်း ရောဂါဖြစ်ပွားမှုကို မြင့်တက်စေပါတယ်။

-စစ်မှုထမ်းခြင်း- လတ်တလော လေ့လာတွေ့ရှိချက်များအရ စစ်မှုထမ်းနေသူများမှာ ဒီရောဂါဖြစ်ပွားနိုင်ချေ ပိုများတာတွေ့ရပါတယ်။ ဘာကြောင့်လဲကိုတော့ အဖြေမတွေ့သေးပါဘူး။ ဖြစ်နိုင်ချေရှိတာကတော့ သတ္တု၊ ဓါတု ဓါတ်များ ထိတွေ့မှု၊ ထိခိုက်ဒါဏ်ရာများ နဲ့ ရောဂါပိုးအချို့တို့နဲ့ ဆက်စပ်မှုရှိမယ်လို့ ယူဆရပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့ Amyotrophic Lateral Sclerosis မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Amyotrophic Lateral Sclerosis ကို ဘယ်လိုအတည်ပြုပါသလဲ

အခြားသော အာရုံကြောဆိုင်ရာ ရောဂါများနဲ့ ဆင်တူသောကြောင့် ရောဂါအစောပိုင်းမှာ အဖြေရှာအတည်ပြုဖို့ ခက်ပါတယ်။ သို့သော် အခြားသော အာရုံကြောဆိုင်ရာ ရောဂါများကို ဖယ်ထုတ်နိုင်ဖို့ အောက်ပါ စမ်းသပ်မှုများ လုပ်နိုင်ပါတယ်။

-Electromyogram(EMG)- သင့်ရဲ့ ကြွက်သားတွေထဲကို အရေပြားမှ တစ်ဆင့် အပ်များထိုးသွင်းပြီး ကြွက်သားကျုံ့ရင်သော်လည်းကောင်း၊ နားနေရင်သော်လည်းကောင်း၊ ဖြစ်ပေါ်လာတဲ့ လျှပ်စီးမှုလေးတွေကို လေ့လာခြင်းဖြစ်ပါတယ်။ ထိုသို့ဖြင့် Amyotrophic lateral sclerosis ဟုတ်မဟုတ် အဖြေရှာအတည်ပြုရာမှာ အထောက်အကူပြုပါတယ်။ ဒီစမ်းသပ်မှုဟာ လေ့ကျင့်ခန်း ကုထုံးကိုလည်းအထောက်အကူပြုပါတယ်။

-Nerve conduction study- သင့်အာရုံကြောများမှ ခန္တာကိုယ်ရှိ ကြွက်သားများသို့ ထုတ်လွှတ်သည့် Impulse များကိုလေ့လာခြင်းဖြင့် မည်သည့် အာရုံကြော သို့မဟုတ် ကြွက်သားပျက်စီးနေသည်ကို ရှာနိုင်ပါသည်။

-Magnetic resonance imaging (MRI)- အင်အားမြင့်တဲ့ သံလိုက်ဓါတ်များကို သုံးပြီး ဦးနှောက်နဲ့ ကျောရိုးမ ကိုအသေးစိတ် လေ့လာခြင်းဖြင့် အလုံးအကျိတ်များ၊ အရွတ်ပြားကျွံခြင်းများ စသည်တို့ထိ တွေ့ရှိနိုင်ပါတယ်။

-သွေးနှင့် ဆီးစစ်ခြင်းများ

-Spinal tap(lumbar puncture)-လိုအပ်ပါက ကြောရိုးတွင်းရှိ အရည်အနည်းငယ်ကို ခါးရိုးမှတစ်ဆင့် အပ်ဖြင့် ထုတ်ယူစစ်ဆေးခြင်းပြုလုပ်နိုင်ပါတယ်။

-ကြွက်သား အသားစ နမူနာယူခြင်း- အခြားသော ကြွက်သားရောဂါများနှင့် ခွဲခြားရန် ကြွက်သား အသားစ နမူနာယူ၍ စစ်ဆေးမှုများပြုလုပ်ရနိုင်ပါသည်။

Amyotrophic Lateral Sclerosis ကို ဘယ်လိုကုသပါသလဲ

ရောဂါကြောင့်ပျက်စီးပြီးသား အစိတ်အပိုင်းများ ကိုအကောင်းပကတိဖြစ်အောင် ပြန်ကုနိုင်ခြင်းမရှိပါ။ သို့သော် ရောဂါပိုမဆိုးစေရန်၊ ရောဂါရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ ကိုကာကွယ်ရန် နှင့် သက်တောင့်သက်သာ နေထိုင်နိုင်ရန်တော့ ဆေးများအသုံးပြုနိုင်ပါတယ်။

-Riluzole(Rilutek)- FDA အစားအသောက်နဲ့ ဆေးဝါးထိန်းချုပ်စစ်ဆေးရေးမှ ဒီရောဂါတွက် ခွင့်ပြုထားသော တစ်ခုတည်းသော ဆေးပဲဖြစ်ပါတယ်။ ဒီဆေးဟာ ဦးနှောက်ထဲရှိ Glutamate ဓါတ်ကိုလျော့ချ ခြင်းဖြင့် ရောဂါပိုမဆိုးအောင် ကာကွယ်ပေးပါတယ်။ သို့သော် မူးဝေခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ အသည်းလုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေတော့ ဖြစ်နိုင်ပါတယ်။

-ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ သက်သာတဲ့ ဆေးများလည်းသောက်သုံးနိုင်ပါတယ်။

-ရောဂါလက္ခဏာတွေကတော့

-ကြွက်တက်ခြင်း

-ကြွက်သားများ တောင့်တင်းနေခြင်း

-ဝမ်းချုပ်ခြင်း

-ပင်ပန်းနွမ်းနယ်ခြင်း

-သွားရည်၊သလိပ် နှင့် ချွဲများ အလွန်အမင်းထွက်ခြင်း

-နာကျင်ကိုက်ခဲခြင်း

-စိတ်ဓါတ်ကျခြင်း

-အိပ်မပျော်ခြင်း

-ရုတ်တရက် ထ ရယ်ခြင်း၊ငိုခြင်း

ကုထုံးများ

– အသက်ရှူကြွက်သားများ ကိုအထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း၊

-ခန္တကိုယ် အထောက်အကူပြု အသေးစား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း- ထိုနည်းဖြင့် နှလုံးနှင့် အခြား ကြွက်သားများ ကြံ့ခိုင်အောင်ပြုလုပ်ခြင်း

-Physical therapist နဲ့အတူ wheelchair, walker , brace တို့ကိုအသုံးပြု၍ လှုပ်ရှားသွားလာခြင်း

-သင့်တော်သော အကြောဖြေလျော့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

-Occupational therapy- မိမိဘာသာမိမိ နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်နိုင်ရန် Occupational therapist မှကူညီ လေ့ကျင့်ပေးခြင်း။ Occupational therapist သည် သင့်အိမ်တွင်း သင် အန္တာရာယ်ကင်းစွာ လှုပ်ရှားသွားလာ နိုင်စေရန်ကူညီပေးပါလိမ့်မည်။

-Speech therapy- ဝေဒနာရှင်များမှာ ရောဂါအခြေအနေ ပိုဆိုးလာတာနဲ့အမျှ စကားပြော ကြွက်သားများ ပိုမို ပျက်စီး ထိခိုက်လာပြီး စကားပြောတာ အခက်အခဲဖြစ်လာပါတယ်။ Speech therapist က အဆင်ပြေနားလည်လွယ်မယ့် စကားပြောနည်းလမ်းများ ကိုသင်ကြားပေးပါလိမ့်မယ်။

-အာဟာရ ထောက်ပံ့မှု- မျိုချရလွယ်သော၊ အာဟာရပြည့်သော အစားအစာများကို ရွေးချယ်စားသုံးခိုင်းပါလိမ့်မယ်။ ရောဂါရင့်လာရင်တော့ ပိုက်ပျော့တစ်ခုကို အားကိုးပြီး အစာစားရနိုင်ပါတယ်။

-စိတ်ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှု -Social worker တစ်ဦးက သင့်ရဲ့ငွေရေးကြေးရေး ၊ အာမခံ နဲ့ သင့်တွက်လိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူခြင်း စတဲ့ ကိစ္စတွေကို ကူညီ ဖြေရှင်းပေးပါလိမ့်မယ်။ သင်နဲ့သင့် မိသားစုတွက် စိတ်ပိုင်းဆိုင်ရာအားပေး ကူညီမှုများလည်းပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက amyotrophic lateral sclerosis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် amyotrophic lateral sclerosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-မိမိကိုယ်မိမိ အချိန်ယူခြင်း

-မျှော်လင့်ချက်ထားခြင်း- မျှော်လင့်ချက်ထားပြီး အကောင်းကိုသာတွေးကာ ရှင်သန်နေထိုင်ခြင်းဖြင့် ၃နှစ်မှ ၅နှစ်ထိ ပိုမို အသက်ရှည်နေနိုင်တာတွေ့ရပါတယ်။

-အထောက်အပံ့ပေးသော အဖွဲ့အစည်းများ နှင့် ဆက်သွယ်ခြင်း

-မိမိနှင့်အလားတူ ဝေဒနာရှင်များ နှင့် ဆက်သွယ် စကားပြောခြင်း

-အနာဂါတ် တွင်ခံယူမယ့် ဆေးကုသမှုများ ကိုကြိုတင်စီစဉ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။