backup og meta

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ဦးခေါင်းနဲ့ ဇက်ကြောတစ်ဖက်တည်းကနေ တဆစ်ဆစ်နာကျင်ပြီး ကိုက်ခဲသလို ခံစားရတဲ့ အခြေအနေပါ။ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းပြင်းထန်တဲ့ အခြေအနေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာက ကြီးကောင်ဝင်ချိန်မှာ စပြီး ခံစားရတာ များပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသား ၁၅ ဦးမှာ ၁ ဦးနှုန်း အဖြစ်များပါတယ်။ ဒီတစ်ခေါက်တော့ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဖြစ်နေတာလား

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အခြေခံအကျဆုံး လက္ခဏာကတော့ ခေါင်းကိုက်တာပါ။ ခေါင်းတစ်ခြမ်းတည်းက ကိုက်နေပြီး လှုပ်လိုက်တိုင်း၊ ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်လိုက်တိုင်းမှာ ခေါင်းကိုက်တာက ပိုဆိုးလာတတ်ပါတယ်။

အခြားသော လက္ခဏာတွေ အနေနဲ့

  • ဇက်ကြောတွေ တောင့်တင်းနေတာ ( များသောအားဖြင့် တစ်ဖက်တည်း)
  • ဖျားချင်သလိုလို ဖြစ်တာ
  • ဖျားနေတာ
  • အသံတွေကြားရရင် ၊ အလင်းရောင်စူးရင် ခေါင်းကိုက်တာက ပိုဆိုးလာတာ
  • ချွေးတွေပြန်တာ
  • အာရုံစိုက်ဖို့ ခက်တာ
  • အရမ်း ပူသလို အရမ်း အေးသလို ခံစားရတာ
  • ဗိုက်ထဲက အောင့်တာ
  • ဝမ်းပျက်တာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ မိုက်ဂရင်းက ခေါင်းကိုက်တာမျိုး လုံးဝ မရှိဘဲ အခြားလက္ခဏာတွေကိုပဲ ခံစားရတာမျိုး ရှိနိုင်ပါတယ်။

ဒီခေါင်းတစ်ခြမ်းကိုက်တဲ့ လက္ခဏာတွေက ၄ နာရီကနေ ၃ ရက်လောက်အထိ ကြာမြင့်တာမျိုး ရှိနိုင်ပါတယ်။  အရမ်းကို ပင်ပင်ပန်းပန်း ခံစားရနိုင်ပါတယ်။

ခေါင်းတစ်ခြမ်း ကိုက်တာက တော်တော်လေး နေရခက်သလို အရမ်းလည်း ပင်ပန်းတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအနေနဲ့ အခုပြောပြမယ့် အချက်လေးတွေကို သေချာလေ ဂရုစိုက်ပေးစေချင်ပါတယ်။

  • ရေများများ သောက်ပါ

ပုံမှန်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်နေတာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ခေါင်းတစ်ခြမ်းကိုက်နေချိန်မှာ သက်သာစေဖို့ပဲဖြစ်ဖြစ် အမြန်ဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းက ရေဝဝသောက်လိုက်တာပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ပြည့်အောင် သောက်ပေးတာက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေပြီး ရေဓာတ်နည်းတာကြောင့် ခေါင်းကိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုက ပူနေမယ်ဆိုရင် ရေကို ပိုပြီးပြည့်ဝအောင် သောက်ပေးပါ။

  • ကိုယ်အလေးချိန် ထိန်းပါ

ကျန်းမာတဲ့ ကိုယ်အလေးချိန်က ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးသလို မကြာခဏ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်ကလည်း များနေမယ်၊ ခဏခဏလည်း ခေါင်းတစ်ခြမ်း ကိုက်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ‌ ကျန်းမာတဲ့ နည်းလမ်းနဲ့ ကိုယ်အလေးချိန် လျှော့ပါ။

  • လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ

နေ့စဉ် စားသုံးမှုမှာ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးတာက ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့ နိုက်ထရိတ်တွေ၊ tyramine၊ beta-phenylethylamine၊ လူလုပ်အချိုဓာတ်တွေ ပါဝင်နေသလို တာရှည်ခံအောင် ပြုပြင်ထားမှုတွေက အာဟာရတန်ဖိုးလျှော့ကျစေပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

  • စိတ်ဖိစီးမှုတွေ မများပါစေနဲ့

လူတိုင်းမှာ အတိုင်းအတာတွေ မတူပေမယ့် စိတ်ဖိစီးမှုတွေက ရှိနေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေက များလာလေလေ ခေါင်းတစ်ခြမ်းကိုက်တာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလုပ်ဆောင်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။

  • ကဖင်းတွေ အလွန်အကျွံ မသောက်ပါနဲ့

လက်ဖက်ရည်တွေ၊ ကော်ဖီတွေနဲ့ ဆိုဒါတွေမှာပါတဲ့ ကဖင်းက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းက သင့်တင့်တဲ့ ပမာဏပဲ သောက်မယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကိုတောင် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် များများသောက်မယ်၊ သောက်လက်စကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာ ပိုဆိုးသွားနိုင်ပါတယ်။

  • အစားမစားဘဲ မနေပါနဲ့

အလုပ်တွေ များလို့ ဆိုပြီး မနက်စာမစားတာ၊ အလုပ်တွေ လုပ်ရင်း အချိန်ကျော်သွားလို့ဆိုပြီး နေ့လယ်စာနဲ့ ညစာ ပေါင်းစား လိုက်တာတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး အဆာခံပြီးနေတာက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်သလို တစ်ကြိမ်တည်းမှာ အများကြီးစားတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် အစားအစာကို အချိန်မှန်မှန်နဲ့ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။

  • ခေါင်းတစ်ခြမ်းကိုက်တာကို ပိုဆိုးစေတဲ့ အချက်တွေကို မှတ်ထားပါ။

မိုက်ဂရင်း ရှိသူတွေမှာ ကိုယ့်လက္ခဏာတွေနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ထားသင့်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဘယ်ရက်က ခေါင်းကိုက်တယ်။ ဘာလုပ်လိုက်တာကြောင့် ကိုက်တယ် (ဥပမာ ကော်ဖီတွေ အများကြီး သောက်မိတာ၊ အိပ်ရေးမဝတာ)၊ ဘာဆေးတွေ သောက်လိုက်ရတယ်  စသဖြင့်။ ဒီလိုမှတ်ထားတာက ကိုယ့်ရဲ့ ရောဂါအခြေအနေကို ထင်သာမြင်သာ ရှိစေပြီး ဘာတွေရှောင်ရမလဲဆိုတာကို အလွယ်တကူသိစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေ မတူညီကြလို့ပါ။

ခေါင်းတစ်ခြမ်းကိုက်လာပြီဆိုရင်

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါကို အပြီးပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒီတော့ ကိုယ့်ကို ဖြစ်စေတဲ့ အရာတွေကို ရှောင်ဖို့ရယ်၊ ကိုက်လာတဲ့အခါ သက်သာအောင် နေဖို့ရယ်ပဲ တတ်နိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်လာပြီဆိုရင် သက်သာစေဖို့အတွက် ရေသောက်တာ၊ ခေါင်းကိုက်တာနဲ့ ကိုက်ခဲတာတွေကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပေးတာ၊ ပြည့်ပြည့်ဝဝ အနားယူတာ၊ တိတ်ဆိတ်ပြီး အလင်းရောင်မဝင်တဲ့ အခန်းထဲမှာ အေးအေးဆေးဆေး အနားယူတာ၊ ဝင်လေထွက်လေမှတ်တာမျိုးတွေလုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးပါ။

ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေအနေနဲ့ အခုပြောခဲ့တဲ့ အချက်လေးတွေအပြင် အချိုမှုန့်ပါဝင်တဲ့ အစားအစာတွေကို လျှော့စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှုတွေကို တတ်နိုင်သမျှ ရှောင်ပေးမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေ ကင်းဝေးမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Migraine Headaches https://my.clevelandclinic.org/health/diseases/5005-migraine-headaches Accessed Date 23 January 2023

Migraine https://www.nhs.uk/conditions/migraine/symptoms/ Accessed Date 23 January 2023

9 Migraine Diet Dos and Don’ts https://www.everydayhealth.com/hs/managing-migraines/diet-dos-donts-pictures/ Accessed Date 23 January 2023

Migraines: Simple steps to head off the pain https://www.mayoclinic.org/diseases-conditions/migraine-headache/in-depth/migraines/art-20047242 Accessed Date 23 January 2023

The Dos and Don’ts of Treating and Preventing Migraines https://www.goodrx.com/conditions/migraine/migraine-treatment-dos-donts Accessed Date 23 January 2023

ယခုပုံစံ

27/01/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ခြင်း

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement