backup og meta

ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ............

    ကြီးမားတဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တာကြောင့် ခံစားရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ သတ်မှတ်လို့ရတဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းက ဘာတွေများလဲ၊ လို့ သိချင်နေပြီလား။ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်နော်။

    ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ဘာလဲ………..

    ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းထဲက တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ခံစားရခက်သလို တော်တော်လေးလည်း အလုပ်ပျက်စေနိုင်ပါတယ်။ ဒီတော့ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ……….

    ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရစေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။ ဘာတွေကများ ခေါင်းတစ်ခြမ်းကိုက်စေတာလဲ ဆိုတော့

    မိဘမျိုးရိုးမှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရဖူးသူရှိမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရနိုင်ခြေက အခြားသူတွေထက် ပိုများနေပါတယ်။

    အသက်အရွယ်ကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်လောက်က စပြီး ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ခံစားရနိုင်ပါတယ်။ အသက် ၃၀ ကျော်လာချိန်မှာတော့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာခံစားရနိုင်ခြေက အမြင့်ဆုံးမှာရှိပြီး အဲ့နောက်ပိုင်းမှာတော့ ခံစားရနိုင်ခြေ နည်းသွားနိုင်ပါတယ်။

    • ကျား/မ ကွာခြားချက်

    အမျိုးသမီးတွေက အမျိုးသားတွေထက် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရနိုင်ခြေများပါတယ်။ ရာသီလာချိန်တွေမှာ ကိုယ်တွင်းမှာ အက်စထရိုဂျင် ဟော်မုန်းပမဏ ကျဆင်းတဲ့အခါမျိုးမှာလည်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ခံစားရနိုင်ပါတယ်။

    ဦးခေါင်းထဲမှာရှိတဲ့ trigeminal အာရုံကြောက မျက်လုံး၊ ပါးစပ်၊ မျက်နှာ အာရုံခံမှုတွေကို လုပ်ဆောင်ပေးပြီး မျက်နှာ နဲ့ ဦးခေါင်းမှာ ဖြစ်တဲ့ နာကျင်မှုတွေကို သိရှိခံစားစေပါတယ်။ နာကျင်မှုကို အဓိကသိရှိစေတဲ့ အာရုံကြောတစ်ခုပေါ့။

    တကယ်လို့ ကိုယ်တွင်းမှာ ဆီရိုတိုနင်ပမာဏ ကျဆင်းသွားတဲ့အခါ အဆိုပါ အာရုံကြောက ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်လိုက်ပါတယ်။ ဒီအခြေအနေမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ခံစားရတာပါ။

    လေဒီလေးတွေ အနေနဲ့ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်း အပြောင်းအလဲဖြစ်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ သားဆက်ခြားနည်းတစ်ခုခု သုံးထားတဲ့ တချို့လေဒီလေးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားရနိုင်ပါတယ်။

    စိတ်ဖိစီးမှုများတာက ခေါင်းတစ်ခြမ်းကိုက်တာကို အများဆုံးဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ စိုးရိမ်ပူပန်မှုများတာ၊ စိတ်ဖိစိးတာ၊ စိတ်ညစ်စရာ ကိစ္စတွေများနေတာက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

    အငန်ကဲတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ ချိစ် လိုမျိုး အဆီများတဲ့ အစားအစာတွေ၊ သ​ကြားတုအချိုတွေ၊ အချိုမှုန့်များတဲ့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။

    • အစား စားချိန် မမှန်တာ

    အစားစားချိန်မမှန်တာကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။

    အယ်လ်ကိုဟော ပါတဲ့သောက်စရာတွေ၊ ကဖင်းအလွန်အကျွံသောက်သုံးမိတာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။

    • အာရုံခံစားမှု ပြဿနာ

    အလင်းစူးလွန်းတာ၊ အသံကျယ်လွန်းတာ၊ အနံ့ပြင်းလွန်းတာလိုမျိုး အရာတွေကလည်း ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။

    အအိပ်များသွားတာ၊ အိပ်ချိန်နည်းလွန်းတာတွေကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။ အိပ်ရာဝင်နောက်ကျတာ လိုမျိုါ် အိပ်စက်မှု အလေ့အထပြောင်းလဲမှုကလည်း ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။

    လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်လုပ်မိတာကလည်း ခေါင်းတစ်ခြမ်းကိုက်စေရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကောင်းပေမယ့် နည်းနည်းချင်းကနေ စလုပ်ဖို့ ပြောပါရစေ။

    ဒါက ခေါင်းတစ်ခြမ်းကိုက်မှုအပေါ်မှာ အဓိက သက်ရောက်နေတဲ့ အချက်တစ်ခုပါ။ ပတ်ဝန်းကျင်က လေဖိအား ပြောင်းလဲမှုကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။

    ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေပမာဏ မရှိတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်နိုင်ပါတယ်။

    တချို့သော ဆေးတွေက စွဲသောက်ရင် ခေါင်းတစ်ခြမ်း ကိုက်စေပါတယ်။

    ဘယ်လိုများ ကာကွယ်ရပါ့မလဲ……….

    ခံစားရခက်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သက်သာစေဖို့ဆိုရင်

    • အစားမှန်မှန်စားပါ
    • ရေဓာတ်ပြည့်ဝအောင်နေပါ
    • အိပ်ရေးဝဝ အိပ်ပါ
    • အိပ်ချိန်မှန်မှန် အိပ်ပါ
    • အငန်ကဲတာတွေ၊ အချိုမှုန့်ပါတာတွေကို တတ်နိုင်သမျှ ရှောင်ပါ
    • ပြုပြင်ထားတဲ့ အစားအစာတွေကို လျှော့စားပါ (ရှောင်ပါ)
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
    • စိတ်ဖိစီးမှုကို ဖြေလျော့ပါ
    • သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားပေးပါ
    • အရက်ဖြတ်ပါ
    • ကဖင်းလျှော့ပါ
    • ဆေးလိပ်ဖြတ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement