သွေးစစ်လိုက်လို့ သွေးအဖြေမှာ သွေးဖြူဥတွေ များတယ်ဆိုတဲ့ အဖြေထွက်လာရင် လူနာတွေက အဲ့တာ ဘာကိုပြောတာလဲဆိုတာ ပြန်မေးတတ်ကြပါတယ်။ ဒါဆို ပြန်ပြောရမှာက ဘယ်သွေးဖြူဥ အမျိုးအစားက များနေတယ်ဆိုတာပါပဲ။ တခြား သွေးနီဥတွေ၊ သွေးဥမွှားတွေနဲ့ မတူတာက သွေးဖြူဥက အမျိုးအစားက ၅မျိုးတောင် ရှိနေတာကြောင့်ပါ။ တစ်ခုချင်းစီမှာလည်း သူ့အဓိပ္ပာယ်နဲ့သူ ရှိနေပါတယ်။ ဒါကြောင့် သွေးဖြူဥတွေ များတယ်ဆိုတာ တစ်ခွန်းတည်း ပြောလိုက်ရုံနဲ့ မပြီးပါဘူး။ ဒါဟာ ကျယ်ပြန့်တဲ့ ကိစ္စပါပဲ။
သွေးဖြူဥ အမျိုးအစားများ
သွေးဖြူဥ အမျိုးအစားက ၅မျိုးရှိပါတယ်။ ဒါကြောင့် သွေးဖြူဥများတာ ၅မျိုးရှိတာပေါ့။
- Neutrophilia – ပိုးဝင်တာတွေ၊ ရောင်ရမ်းမှုတွေကြောင့် များတတ်ပါတယ်။ အတွေ့ရအများဆုံး အမျိုးအစားပါ။
- Lymphocytosis – ဗိုင်းရပ်စ်ပိုးဝင်တာ၊ သွေးကင်ဆာ ရောဂါတွေမှာ များတတ်ပါတယ်။ သူလည်း မရှားပါဘူး။
- Monocytosis – တချို့သော ပိုးဝင်တာနဲ့ ကင်ဆာရောဂါတွေမှာ များတတ်ပါတယ်။ အတွေ့ရနည်းပါတယ်။
- Eosinophilia – ဓာတ်မတည့်ရင်၊ သန်ထရင် များတတ်ပါတယ်။ သိပ်မတွေ့ရတတ်ပါဘူး။
- Basophilia – သွေးကင်ဆာတွေမှာ တွေ့ရတတ်ပါတယ်။ အရှားဆုံးပါပဲ။
ဘာလက္ခဏာတွေ ခံစားရမှာလဲ။
သွေးဖြူဥများတယ်ဆိုတာ ဆေးစစ်ချက်အဖြေပါ။ လူကို ဒီတိုင်းကြည့်ရုံနဲ့ သွေးဖြူဥများနေတယ်လို့ ပြောဖို့ ခက်ပါတယ်။ နောက်ပြီး သွေးဖြူဥများတာရဲ့ နောက်ကွယ်မှာ တကယ့်ရောဂါတွေ ရှိနေပါတယ်။ ဒါကြောင့် လက္ခဏာတွေဆိုတာလည်း ဒီရောဂါရဲ့ လက္ခဏာတွေပါပဲ။ ဥပမာ
- ပိုးဝင်တာကြောင့် သွေးဖြူဥများတာဆိုရင် ဖျားတာ၊ ပိုးဝင်တဲ့နေရာမှာ ကိုက်ခဲတာ ရှိမှာပါ။
- သွေးကင်ဆာနဲ့ တခြား ကင်ဆာတွေကြောင့်ဆိုရင် ဖျားတာ၊ အညိုအမည်း စွဲလွယ်တာ၊ ပိန်သွားတာ စတာတွေ ရှိမှာပါ။
- ဓာတ်မတည့်လို့ ဆိုရင် အင်ပျဉ်ထတာ၊ ယားတာ၊ အနီကွက်တွေ ထွက်တာမျိုး ရှိမှာပါ။
- အဆုတ်မှာ ဓာတ်မတည့်တာ ဖြစ်ရင်တော့ အသက်ရှူရခက်တာ၊ တရွှီရွှီဖြစ်တာ ရှိမှာပါ။
- စိတ်ဖိစီးမှုကြောင့်၊ စွဲသောက်နေတဲ့ ဆေးတွေကြောင့် ဆိုရင်တော့ ဘာလက္ခဏာမှ ပြမှာ မဟုတ်ပါဘူး။
သွေးဖြူဥ များစေတဲ့ အကြောင်းရင်းများ
ခုနလိုပဲ တစ်မျိုးချင်းစီကို ပြောပြမှ အဆင်ပြေမှာပါ။ ဥပမာ
- Neutrophil ဆိုတဲ့ သွေးဖြူဥက ပိုးဝင်တာတွေ၊ ရောင်ရမ်းတာတွေ၊ ဆေးမတည့်တာတွေ၊ တချို့သော သွေးကင်ဆာတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု များတာတွေ၊ ဆေးလိပ်သောက်တာ၊ ဘေလုံးထုတ်ထားတာတွေမှာ များတတ်ပါတယ်။
- Lymphocyte ကတော့ ဗိုင်းရပ်စ်ပိုးဝင်တာတွေ၊ ကြက်ညှာ ချောင်းဆိုးတွေ၊ ဓာတ်မတည့်တာတွေ၊ သွေးကင်ဆာတွေမှာ များတတ်ပါတယ်။
- Monocyte ကတော့ Epstein-Barr virusလို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးဝင်တာ၊ တီဘီရောဂါ၊ မှိုပိုးဝင်တာ၊ lupus လိုမျိုး ခုခံအား ကမောက်ကမ ဖြစ်တဲ့ ရောဂါတွေနဲ့ ဘေလုံးထုတ်ထားရင် များတတ်ပါတယ်။
- Eosinophil ကတော့ ဓာတ်မတည့်တာတွေ၊ ပန်းနာရင်ကျပ်ရောဂါတွေ၊ သန်ထတာ၊ ဆိုရီယေးစစ်ရောဂါ၊ တချို့သော အရေပြားရောဂါနဲ့ ပြန်ရည်ကျိတ်ကင်ဆာတွေမှာ များတတ်ပါတယ်။
- Basophil ဆိုတဲ့ သွေးဖြူဥများတာကတော့ အတွေ့ရနည်းပါတယ်။ သွေးကင်ဆာတွေမှာလောက်ပဲ တွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေ ဓာတ်မတည့်တဲ့ ပြဿနာတွေမှာလည်း များတတ်ပါတယ်။
သွေးဖြူဥများမှန်း ဘယ်လိုသိမလဲ။
သာမန်လူတစ်ယောက်က ပုံမှန်ဆို သွေးဖြူဥ စုစုပေါင်းက ၄၀၀၀ကနေ ၁၁၀၀၀ (သွေး တစ်မိုက်ခရိုလီတာမှာ) လောက်ပဲ ရှိတာပါ။ ကိုယ်ဝန်ဆောင်တွေက လွဲရင်ပေါ့။ ကိုယ်ဝန်ဆောင်တွေက သဘာဝအရ သွေးဖြူဥများတတ်ပါတယ်။ သာမန်လူက ခုနကထက် များနေရင် သွေးဖြူဥများတယ်လို့ သတ်မှတ်ပါတယ်။
၅သောင်းနဲ့ တစ်သိန်းကြားဆိုရင် ပိုးဝင်တာ ပြင်းထန်တာ ဒါမှမဟုတ် တစ်နေရာရာမှာ ကင်ဆာဖြစ်နေတာလို့ သံသယရှိပါတယ်။ ၁သိန်းထက်များရင်တော့ သွေးကင်ဆာများလားဆိုပြီး စစ်ဆေးမှုတွေ လုပ်ရမှာပါ။
ဒီလိုများမများဆိုတာ သိချင်ရင်တော့
- Complete blood count with differential လို့ခေါ်တဲ့ သွေးဖောက်ပြီး ဘယ်ဆဲလ်က ဘယ်လောက်များနေလဲဆိုတာ စစ်ဆေးတာ
- Blood smear လို့ ခေါ်တဲ့ သွေးကို ဖန်ပြားပေါ်တင်ဆွဲပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တာ (ဒါကတော့ သွေးဆဲလ်တွေရဲ့ ရုပ်ကိုပါ မြင်ရပါတယ်။)
- Bone narrow biopsy လို့ ခေါ်တဲ့ ရိုးတွင်းခြင်ဆီ စစ်ဆေးတာတွေ လုပ်ပြီး သိနိုင်ပါတယ်။
ဒီနည်းလမ်းတွေကတော့ တစ်ဆင့်လုပ်ပြီး လိုရင် နောက်တစ်ဆင့်ကို ဆက်စစ်ဆေးတာပါ။
ကုသနည်း
ကုသနည်းတွေကလည်း နောက်ခံအကြောင်းရင်းတွေကို ကုလိုက်ရင် သွေးဖြူဥပမာဏက ပုံမှန်ပြန်ဖြစ်သွားမှာပါ။ ဥပမာ ပိုးဝင်တာအတွက် ပိုးသတ်ဆေးတွေ ပေးတာမျိုး၊ ရောင်ရမ်းတာတွေအတွက် အရောင်ကျဆေးတွေ ပေးတာမျိုး၊ ကင်ဆာဆိုရင်လည်း လိုအပ်တဲ့ ကုသမှုတွေ ပေးတာမျိုး၊ ဓာတ်မတည့်တာကြောင့်ဆိုရင် အကြောင်းရင်းကို ကုလိုက်တာမျိုး စသဖြင့် အကြောင်းရင်းကို လိုက်ကုရတာပါ။
သွေးဖြူဥများတယ်ဆိုတာ အတွေ့ရများပါတယ်။ အထူးသဖြင့် Neutrophil အမျိုးအစားပေါ့။ လုပ်ရမှာက အကြောင်းရင်းကို သေချာရှာပြီး ကုဖို့ပါပဲ။ သွေးဖြူဥများတာ ပြဿနာ မဟုတ်ပါ။ များစေတဲ့ အကြောင်းရင်းကသာ ပြဿနာပါ။ အကြောင်းရင်းကို ရှာပြီး ကုပါ။
[embed-health-tool-bmi]