backup og meta

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

အလွှာပါးရတာ မကြိုက်တဲ့ ဘော်ဒါတွေ ခေါင်းစဉ်ကို ကြည့်ပြီး အပျော်မစောလိုက်ပါနဲ့။ ဒီဖြစ်စဉ်ဟာ လူသန်းပေါင်းများစွာထဲမှာ ရာဂဏန်းလောက်မှာသာ တွေ့ရတတ်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာပါ။ တကယ်တမ်းက ကွန်ဒုံးနဲ့ ဓာတ်မတည့်တာ မဟုတ်ဘဲနဲ့ ကွန်ဒုံးကို ပြုလုပ်ထားတဲ့ Latex ရာဘာသားနဲ့ ဓာတ်မတည့်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ စစချင်းမှာ ကိုယ့်မှာ ဓာတ်မတည့် လက္ခဏာ ရှိလို့ ရှိမှန်းမသိဘဲ အသုံးပြုတာ နှစ်ရှည်လများ ကြာလာတော့မှ လက္ခဏာ စပြတတ်တာမျိုးလည်း ရှိပါတယ်။

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေက ဘာတွေလဲ။

များသောအားဖြင့် ကွန်ဒုံးကို ချွတ်ပြီး နာရီပိုင်းအတွင်းမှာ လက္ခဏာ ပြလာတတ်ပြီး ရှားပါးဖြစ်စဉ်မှာတော့ ကွန်ဒုံးကို စွပ်လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ လက္ခဏာ ပြလာနိုင်ပါတယ်။ အတွေ့များတဲ့ ဓာတ်မတည့် လက္ခဏာတွေကတော့

  • အရေပြား ယားယံခြင်း
  • နီရဲခြင်း၊ အနီကွက်များ ထလာခြင်း
  • အဖုအပိမ့်များ ထွက်လာခြင်း
  • ရောင်လာခြင်း
  • ပုံမှန်အရောင် မဟုတ်တဲ့ အင်ပျဉ်ကွက်များ ထလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသား၊ အမျိုးသမီး လိင်အင်္ဂါမှာသာမက တစ်ကိုယ်လုံးအထိပါ လက္ခဏာပြလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ဆိုးရွားလွန်းတဲ့ ဓာတ်မတည့် အခြေအနေမှာဆိုရင်

  •  အသက်ရှူရခက်ခြင်း
  • အစာ၊ ရေ မျိုချရခက်ခြင်း
  • ပါးစပ်၊ လည်ချောင်း၊ မျက်နှာ ဖောရောင်လာခြင်း
  • သတိလစ်ခြင်း စတဲ့ လက္ခဏာများပါ တွေ့ရနိုင်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ။

ဓာတ်မတည့်ခြင်းကို ဖြစ်စေဖို့ အရာဝတ္ထု တစ်မျိုးမျိုး သို့မဟုတ် ဓာတ်သတ္တု တစ်မျိုးမျိုးက ရှိကို ရှိပါတယ်။ ခုအခြေအနေမျိုးမှာတော့ ကွန်ဒုံးကို လုပ်ထားတဲ့ Latex ရာဘာသားက ဓာတ်မတည့်ခြင်းကို အဓိက ဖြစ်စေတာပါ။ သဘာဝ ရာဘာပင်ကနေ ပြုလုပ်ထားတဲ့ Latex ရာဘာသားမှာ ကိုယ်ခံအားစနစ်ကို တုံ့ပြန်မှုလွန်ကဲစေနိုင်တဲ့ ပရိုတင်းဓာတ် တချို့ ပါဝင်တာကြောင့် ဓာတ်မတည့်လက္ခဏာများ ပြလာရခြင်း ဖြစ်ပါတယ်။ ဒီဓာတ်သတ္တုတွေဟာ ပုံမှန်လူတစ်ယောက်ကို ဘာမှ ဒုက္ခမပေးနိုင်ဘူးဆိုပေမယ့် ဓာတ်မတည့်တဲ့ လူတွေအတွက်တော့ ချွင်းချက် ဖြစ်သွားပါတယ်။

ထောပတ်သီး၊ ငှက်ပျောသီး၊ ကီဝီသီး၊ အခွံမာသီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ အာလူးနဲ့ ပါဝင် ပရိုတင်းဓာတ်တွေ တူညီနေတာကြောင့် ဒီအစားအစာတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာမျိုးပါ တွေ့ရနိုင်ပါတယ်။

ကိုယ့်မှာ ဒီဓာတ်မတည့် ပြဿနာရှိရင် ဘာလုပ်သင့်လဲ။

အကယ်လို့ ကိုယ်က Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ဘူးဆိုရင် တခြား ပလတ်စတစ် (Polyurethane) ၊ Latex မဟုတ်တဲ့ Polyisoprene ရာဘာသား၊ သိုးအူနံရံသား (Lambskin) နဲ့ လုပ်ထားတဲ့ ကွန်ဒုံးတွေကို ရွေးချယ်နိုင်ပါတယ်။ အကယ်လို့ ကိုယ်က တစ်လင် တစ်မယား စနစ်ကို ကျင့်သုံးနေတယ်။ ဇနီးမောင်နှံ နှစ်ဦးလုံး ရောဂါကင်းတယ် ဆိုရင်တော့ ကွန်ဒုံး အသုံးမပြုဘဲ လိင်ဆက်ဆံလို့ ရပါတယ်။

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဟာ သာမန်လက္ခဏာတွေပဲဆို ရက်ပိုင်းလောက်နဲ့ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာကြောင့် အရမ်းစိတ်ပူဖို့တော့ မလိုပါဘူး။ အကယ်လို့ ဓာတ်မတည့် လက္ခဏာတွေက တစ်ရက် နှစ်ရက်လောက်ထိ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာပြကြည့်ပြီး တခြား ရောဂါပိုးဝင်တာလား၊ ကျန်းမာရေး ပြဿနာကြောင့်လားဆိုတာ စစ်ဆေးသင့်ပါတယ်။ လိုအပ်လာရင် ဆရာဝန်အနေနဲ့ ဆေးတွေကို ဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး လူနာကို သောက်ခိုင်းမှာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အသက်ရှူကျပ်တာမျိုးကို ခံစားရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/healthy-sex/allergic-to-condom#see-your-doctor (May 31, 2020)

ယခုပုံစံ

05/06/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကမ္ဘာတစ်ဝှမ်းက ကွန်ဒုံးအမျိုးအစား ဒီဇိုင်းအဆန်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/06/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ