backup og meta

Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Steven-Johnson syndrome (ပြင်းထန်ဓာတ်မတည့်ရောဂါ)

    Steven-Johnson syndrome ဆိုတာ ရုတ်တရက် အရေပြားမှာ အပူလောင်သလို အရည်ကြည်ဖုတွေထွက်လာပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာပြီး အချိန်မီမကုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အရေပြားနဲ့ အချွဲအမြှေးပါး mucosaရှိတဲ့နေရာ (ဥပမာ မျက်လုံး၊ နှုတ်ခမ်း၊ ပါးစပ်၊ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်)မှာ ဖြစ်တတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ Steven-Johnson syndrome ရောဂါက ဘာလို့ဖြစ်ရတာလဲ။ ဖြစ်လာရင်ရော ကုလို့ရပါ့မလားဆိုတာ ဆက်ကြည့်ရအောင်။

    ဘာလို့ဖြစ်ရတာလဲ။

    အလွယ်ပြောရရင်တော့ ဆေးဓာတ်မတည့်လို့ shockရတာနဲ့တူပါတယ်။ ကိုယ်နဲ့မတည့်တဲ့ ဆေးသောက်၊ ဆေးထိုးမိတာဖြစ်ဖြစ်၊ ရောဂါပိုးတစ်ခုခုဝင်တာဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဘာအကြောင်းရင်းမှမရှိဘဲ ထဖြစ်တတ်ပါသေးတယ်။

    ဆေးဝါးတွေထဲမှာဆိုရင်

    • ဆာလ်ဖာပါတဲ့ဆေးတွေ
    • ဂေါက်ရောဂါကုဆေးတွေ (ဥပမာ Allopurinol)
    • နှာစေးချောင်းဆိုးပျောက်ဆေးတွေ
    • အတက်ကျဆေးတွေ (HLA-B*1502မျိုးဗီဇရှိရင်ပိုဖြစ်ပါတယ်)
    • အကိုက်အခဲပျောက်ဆေးတွေ
    • ကင်ဆာဆေးတွေ
    • ပိုးသတ်ဆေးတွေ စတာတွေပဲဖြစ်ပါတယ်။

    အဲ့တော့ ဆေးတွေလို့သာပြောတာ တကယ်တော့ ဆေးတိုင်းလိုလိုဖြစ်တတ်ပါတယ်။

    ရောဂါတွေထဲမှာဆိုရင်တော့

    ဘယ်သူတွေပိုဖြစ်နိုင်လဲ။

    • HIVပိုးရှိတဲ့သူတွေ
    • အရေပြားလေးဖက်နာ (SLE)ရှိတဲ့သူတွေ
    • ကိုယ်ခံအားနည်းတဲ့သူတွေ (ရိုးတွင်းခြင်ဆီအစားထိုးတဲ့သူ၊ ကင်ဆာရောဂါရှိတဲ့သူ)
    • အရင်ကဖြစ်ဖူးတဲ့သူတွေ
    • မိသားစုထဲမှာ ရောဂါရာဇဝင်ရှိတဲ့သူတွေ
    • HLA-B*1502မျိုးဗီဇရှိတဲ့သူတွေ (ဒီဗီဇက အရှေ့တောင်အာရှသားတွေမှာတွေ့ရတာ များပါတယ်။)

    ဘာလက္ခဏာတွေပြမှာလဲ။

    စစချင်းမှာတော့

    • ဖျားတာ
    • လည်ပင်းနာတာ
    • နုန်းတာ
    • ချောင်းဆိုးတာ
    • မျက်စိနာတာတွေဖြစ်တတ်ပါတယ်။ ရက်နည်းနည်းကြာရင်တော့
    • တစ်ကိုယ်လုံးက အသားတွေနာလာမယ်
    • အနီကွက်တွေထွက်လာမယ်
    • အရေပြားနဲ့ ပါးစပ်တစ်ဝိုက်၊ နှာခေါင်း၊ မျက်လုံးနဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုတွေထွက်လာမယ်
    • ပြီးရင် အရေပြားတွေကွာကြတဲ့အထိဖြစ်တတ်ပါတယ်။

    ဒါဟာ အရေးပေါ်အခြေအနေပါ။ ဆေးရုံကိုအမြန်သွားပြီး​ကုသမှုခံယူရပါမယ်။

    နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။

    ​နောက်ဆက်တွဲတွေကတော့

    • အရေပြားပိုးဝင်တာ
    • မျက်စိထိခိုက်တာ (အခြေအနေဆိုးရင် အမြင်ကွယ်တာအထိဖြစ်တတ်ပါတယ်။)
    • ​အသက်ရှူရပ်တာ
    • အရေပြားတွေကွာကျပြီး အမာရွတ်တွေကျန်ခဲ့တာ၊ အသားအရောင်မညီတာ
    • ပါးစပ်စိမရလို့ တံတွေးတွေတောက်လျှောက်ထွက်တာ
    • ဆီးသွားရင်နာတာ၊ ဆီးထဲမှာ သွေးပါတာ
    • ဝမ်းမည်းသွားတာ
    • သွေးဆိပ်သင့်တာ
    • ဒီထက်ပိုဆိုးရင် အသက်ဆုံးရှူံးတာတွေအထိဖြစ်တတ်ပါတယ်။

    မျက်စိထဲမြင်အောင်ပြောရင် မီးလောင်ခံထားရတဲ့ လူနာနဲ့တူပါတယ်။

    ကုသနည်းများ

    တိကျတဲ့ ကုသနည်းတော့မရှိပါဘူး။ လူနာကို အထူးကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်တာတွေလုပ်ပေးရပါတယ်။

    • ရောဂါဖြစ်စေတဲ့ဆေးကို ချက်ချင်းရပ်ရပါမယ်။
    • မီးလောင်ဒဏ်ရာလိုဖြစ်နေတဲ့အနာတွေကို ဆေးထည့်ရပါမယ်။
    • အနာသက်သာအောင်လုပ်ပေးရပါမယ်။
    • အာဟာရနဲ့ ရေဓာတ်ဖြည့်ပေးရပါမယ်။
    • မျက်စိ၊ လိင်အင်္ဂါတွေထိခိုက်မှုရှိရင် ကုသပေးရပါမယ်။
    • အခန်းအပူချိန်ကို 86’Fနဲ့ 89.6’Fကြားထားရပါမယ်။
    • အရေပြားပိုးဝင်တာရှိမရှိစောင့်ကြည်ရပါမယ်။

    ချက်ချင်းပျောက်အောင် ကုတဲ့နည်းမရှိပါဘူး။ ဖြစ်စေတဲ့အကြောင်းအရာကို ဖယ်ရှားပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီး စောင့်ကြည့်ရမှာပါ။

    ကာကွယ်နည်းများ

    • အကောင်းဆုံးကာကွယ်နည်းကတော့ မတည့်တဲ့ဆေးကို ရှောင်တာပါပဲ။ ဆေးရုံဆေးခန်းသွားတဲ့အခါမှာလည်းကိုယ်နဲ့မတည့်တဲ့ဆေးရှိရင်ကြိုပြောရပါမယ်။
    • ဆေးမတည့်တာကို ရှိမရှိစစ်ဖို့ အကောင်းဆုံးနည်းလမ်း မရှိသေးပါဘူး။ ဆေးတိုင်းကို လိုက်စစ်ဖို့လည်း မလွယ်ပါဘူး။
    • အရှေ့တောင်အာရှသားဖြစ်မယ်၊ တရုတ် ဒါမှမဟုတ် အိန္ဒိယလူမျိုးဖြစ်မယ်ဆိုရင် အတက်ကျဆေးတွေမသောက်မီ HLA-B*1502မျိုးဗီဇစစ်ဆေးသင့်တယ်လို့ ဆိုထားပါတယ်။

    အချုပ်ပြောရရင်တော့ ဒီရောဂါကဖြစ်တာရှားပါတယ်။ ဘယ်သူဘယ်အချိန်မှာ ဘာ‌ကြောင့်ဖြစ်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဖြစ်လာရင်တောင် တိကျကုသမှုမရှိတဲ့အတွက် ‌‌စောင့်ကြည့်ကုသတာပဲ လုပ်လို့ရပါမယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement