backup og meta

Latex Allergy (သားရေနဲ့ ဓာတ်မတည့်ခြင်း)

Latex Allergy (သားရေနဲ့ ဓာတ်မတည့်ခြင်း)

Latex allergy (သားရေနဲ့ဓာတ်မတည့်ခြင်း) ဆိုတာ သဘာဝ သားရေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးနဲ့ ဓာတ်ပြုတုံ့ပြန်တဲ့ အခြေအနေပါ။ ရော်ဘာပင် အစေးနဲ့ ဓာတ်မတည့်တာပါ။ တကယ်လို့ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေကို ထိတွေ့မိတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ ပြလာပါလိမ့်မယ်။

သားရေဓာတ်မတည့်မှုဖြစ်တဲ့အခါ အရေပြား ယားယံတာ၊ အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရင်တော့ လည်ချောင်းတွေ ရောင်ရမ်းတာ၊ လေပြွန်တွေ ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။

ဒီတော့ ကြိုတင် သိရှိကာကွယ်နနိုင်စေဖို့ သားရေနဲ့ဓာတ်မတည့်ခြင်းအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

သားရေနဲ့ဓာတ်မတည့်မှု လက္ခဏာများ

သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေနဲ့လုပ်ထားတဲ့အရာတစ်ခုခု ဥပမာ လက်အိတ်၊ ဘောလုံးစတာတွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုချိန်မှာ ဖြစ်ဖြစ် လေထုထဲမှာ လွှင့်ပါနေတဲ့ သားရေမှုန်လေးတွေကို ရှူရှိုက်မိတဲ့အခါမျိုးမှာဖြစ်ဖြစ် ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

သားရေဓာတ်မတည့်မှု လက္ခဏာဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ အပြင်းထန်ဆုံး အခြေအနေအထိ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ထိတွေ့မိတဲ့ အတိုင်းအတာ၊ ရှူရှိုက်မိတဲ့ပမာဏကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ သားရေဓာတ်မတည့်မှုကို ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုဟာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာနိုင်ပါတယ်။

သိပ်မပြင်းထန်တဲ့ လက္ခဏာ

သားရေနဲ့ ဓာတ်မတည့်မှုဟာ သိပ်မပြင်းထန်ဘူးဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • ယားယံမယ်
  • အရေပြားတွေ နီမြန်းမယ်
  • အဖုအပိမ့်တွေ ထွက်မယ်
  • အင်ပျဉ်တွေထွက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ပြင်းထန်တဲ့ လက္ခဏာ

သားရေဓာတ်မတည့်မှုက ပြင်းထန်မယ်ဆိုရင်

  • နှာချေမယ်
  • နှာရည်တွေကျမယ်
  • မျက်လုံးတွေ ယာဒးမယ်
  • မျက်ရည်ကျမယ်
  • လည်ချောင်းထဲမှာ ရှတတဖြစ်မယ်
  • အသက်ရှူရခက်မယ်
  • အသက်ရှူရင် တရွှီရွှီ မြည်မယ်
  • ချောင်းဆိုးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အစိုးရိမ်ရဆုံး အဆင့်

ဒီအခြေအနေမှာ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ အခြေအနေက အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အခုပြောပြမယ် လက္ခဏာတွေကို ခံစားရပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

  • အသက်ရှူရခက်မယ်
  • အင်ပျဉ်တွေ ထွက်မယ်
  • ရောင်ရမ်းမယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • အသက်ရှူတာ တရွှီရွှီ မြည်မယ်
  • သွေးပေါင်ကျမယ်
  • မူးဝေမယ်
  • သတိလစ်မယ်
  • အာရုံတွေ ရှုပ်ထွေးမယ်
  • နှလုံး ခုန်မြန်မယ်
  • နှလုံး ခုန်နှုန်း ကျလာမယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ သေချာပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။

သားရေနဲ့ဓာတ်မတည့်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းများ

သားရေနဲ့ ဓာတ်မတည့်မှုဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က သားရေကို အန္တရာယ်ရှိတဲ့ အရာတစ်ခုခုလို့ သတ်မှတ်ပြီး တုံ့ပြန်တိုက်ခိုက်ဖို့အတွက် antibodies တွေကို ထုတ်လွှတ်တာကြောင့်ပါ။

ဒီလိုကနေ နောက်တစ်ကြိမ် သားရေကို ထပ်ထိတွေ့မိချိန်မှာလည်း ကိုယ်ခံအားက histamine နဲ့ အခြား ဓာတုပစ္စည်းတွေကို သွေးကြောထဲကို ထုတ်လွှတ်ပြီး တုံ့ပြန်ခုခံဖို့ အဆိုပါ antibodies က သတင်းပို့ပါလိမ့်မယ်။

ဒီလို သတင်းပို့မှုက သားရေနဲ့ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားဖြစ်ပေါ်စေတာပါ။ အကြိမ်များများ ထိတွေလေလေ ကိုယ်ခံအားရဲ့ တုံ့ပြန်တိုက်ခိုက်မှုက ပြင်းထန်လာလေလေပါ။ ဒါကို ထိတွေ့သိရှိခံစားမှုလို့ ခေါ်ပါတယ်။

သားရေနဲ့ဓာတ်မတည့်မှုက များသောအားဖြင့် ဒီအချက် (၂)ကြောင့်ဖြစ်ရတာပါ။

  • တိုက်ရိုက် ကိုင်တွယ်ထိတွေ့တာ – သားရေနဲ့ လုပ်ထားတဲ့ လက်အိတ်၊ ဘောာလုံး၊ ကွန်ဒုံးလို အရာတွေကို ကိုက်တွယ်ထိတွေ့မိတာ။
  • ရှူသွင်းမိတာ – သားရေပစ္စည်းတွေ၊ သားရေ လက်အိတ်တွေကနေ ပဲ့ထွက် လွင့်ပျံနေတဲ့ သားရေစအမှုန်လေးတွေကို လေထုထဲကနေတဆင့် ရှူရှိုက်မိတာတွေက သားရေနဲ့ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။

သားရေဓာတ်မတည့်မှုအဖြစ်များတဲ့ အခြေအနေများ

သားရေနဲ့ဓာတ်မတည့်မှုက လူတိုင်း ဖြစ်နိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေရှိသူတွေမှာ ပိုအဖြစ်များပါတယ်။

  • မွေးရာပါ ကျေရိုးမကြီး ချို့ယွင်းချက်ပါလာသူတွေ
  • သားရေပစ္စည်းတွေနဲ့ ငယ်စဉ်ကတည်းက ထိတွေ့ခဲ့ရသူတွေ
  • သားရေပစ္စည်းတွေနဲ့ မကြာခဏထိတွေ့ရသူတွေ
  • ကျန်းမာရေးဝန်ထမ်းတွေ
  • သားရေပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက ဝန်ထမ်းတွေ
  • မျိုးရိုးရှိသူတွေမှာ သားရေနဲ့ ဓာတ်မတည့်မှု ခံစားရနိုင်ခြေ များပါတယ်။

သားရေနဲ့ဓာတ်မတည့်သူတွေ သတိထားသင့်တဲ့ အသီးတွေ

သားရေနဲ့ဓာတ်မတည့်သူတွေဟာ ဒီအသီးတွေကို မစားသုံးသင့်ပါဘူး။ အကြောင်းကတော့ အလားတူ ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့်ပါ။

  • ထောပတ်သီး
  • ငှက်ပျောသီး
  • သစ်အယ်သီး
  • ကီဝီသီး
  • ပင်မှည့်သီးစတာတွေ မစားသင့်ပါဘူး။

ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

အပေါ်မှာ ပြောခဲ့သလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ကိုယ်တွင်းက IgE antibody ပမာဏကို စစ်ဆေးပြီး တတ်ကျွမ်းနားလည်သူက အဖြေထုတ်ပေးပါလိမ့်မယ်။

ဘယ်လို ကုသရမလဲ။

သားရေနဲ့ဓာတ်မတည့်တာကို ကုသပေးနိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး။ ကာကွယ်နည်းက အထိရောက်ဆုံး ကုသနည်းပါ။ သိပ်မပြင်းထန်တဲ့ အခြေအနေဆိုရင်တော့ antihistamines ပေးတာ။ epinephrine ထိုးပေးတာမျိုးတွေ လုပ်ပေးပါလိမ့်မယ်။

ဘယ်လို ကာကွယ်မလဲ။

သားရေနဲ့ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက သားရေနဲ့ လုပ်ထားတဲ့ပစ္စည်းတွေကို  မထိတွေ့မိအောင် ဂရုစိုက်တာ အကောင်းဆုံးပါ။

သွားနဲ့ခံတွင်းအပါအဝင် ကုသမှုတွေ ခံယူတဲ့အခါ သားရေနဲ့ ဓာတ်မတည့်ကြောင်း ကြိုတင် အသိပေးထားဖို့ မမေ့ပါနဲ့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Latex Allergy https://www.clevelandclinicmeded.com/medicalpubs/diseasemanagement/allergy/latex-allergy/ Accessed Date 27 October 2020

ယခုပုံစံ

03/09/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 03/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement