backup og meta

စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ

    တွဲတာကြာလာတဲ့ စုံတွဲတွေ၊ လက်ထပ်ထားတဲ့ စုံတွဲတွေက ကြာလာလေလေ ရုပ်တူလာတယ်ဆိုတာကို သတိထားမိကြမှာပါ။ စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ ဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထားတာတွေ အများကြီး ရှိပါတယ်။

    စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ

    စုံတွဲတွေ ရုပ်တူလာတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ အများကြီး ရှိပါတယ်။ ဥပမာ စုံတွဲတွေက ကိုယ်နဲ့ လူမျိုးတူ၊ နိုင်ငံတူတဲ့ သူကို ကြိုက်တာကြောင့် ရုပ်လေးတွေက ခပ်ဆင်ဆင်ဖြစ်နေတာပါတဲ့။

    တချို့တွေကျတော့လည်း လက်တွဲဖော်ကို ကိုယ့်အမေနဲ့ တူတဲ့သူ၊ ကိုယ့်အဖေနဲ့ တူတဲ့သူကို တွေးထားတော့ ဒီလိုရုပ်မျိုးတွေတွေ့ရင် အလွယ်တကူ ကြိုက်မိသွားတတ်ပါတယ်။

    စစချင်းက ရုပ်မတူတဲ့ ရုပ်မတူတဲ့ စုံတွဲတွေ တောင်မှ နောက်ပိုင်းမှာ နေထိုင်တဲ့နေရာ၊ စားတဲ့ အစားအသောက်၊ အကျင့်တွေ တူလာတဲ့အခါကျတော့ တဖြည်းဖြည်း ကိုယ်လုံးကိုယ်ပေါက်တွေ တူလာတာ၊ ရုပ်တူလာတာတွေ ဖြစ်တတ်ပါတယ်။

    ဒါက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိသလဲ။

    အလေ့အကျင့်တူလို့ ရုပ်တူလာတဲ့ စုံတွဲတွေအတွက် သူတို့ရဲ့ စားသောက်နေထိုင်ပုံက နှစ်ယောက်လုံးမှာ သက်ရောက်မှု ရှိပါတယ်။ ဥပမာ တစ်ယောက်က တစ်နေကုန် TVကြည့်လို့ နောက်တစ်ယောက်ကပါ ဘေးကနေ အဖော်လုပ်ပြီး ကြည့်နေရင် နှစ်ယောက်လုံး အထိုင်များနေမှာပါ။

    ဒါနဲ့ ပြောင်းပြန် မနက်တိုင်း လမ်းထလျှောက်တတ်တဲ့ ဇနီးရှိတယ်ဆိုရင် ခင်ပွန်းကိုပါ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ တိုက်တွန်းပြီးသား ဖြစ်မှာပါ။

    သွေးတိုးတို့ ဆီးချိုတို့ဆိုတာ လင်ကနေ မယားကို ကူးတတ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့  ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အကျင့်တွေကို အတူတူလုပ်မိနေမယ်ဆိုရင်တော့ ဒီလိုနာတာရှည်ရောဂါတွေက နှစ်ယောက်လုံးမှာ ဖြစ်လာနိုင်ပါတယ်။

    ဒါတင် မကသေးပါဘူး။ ကိုယ့်ရဲ့ သားသမီးတွေအတွက် မိဘတွေက စံနမူနာဖြစ်အောင် မနေနိုင်ခဲ့ရင် ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ရုပ်တူရုံသာမက အတူတူကျန်းမာကြစေဖို့

    စုံတွဲတွေမှာ ရုပ်တူရုံသာမက ကျန်းမာပြီး အချိန်ကြာကြာ အတူတူရှိနေဖို့ စားသောက်နေထိုင်ပုံတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။

    • အစားအသောက်

    နှစ်ယောက်တည်းမို့လို့ ချက်မနေနဲ့ အလုပ်ရှုပ်တယ်ဆိုပြီး အပြင်စာတွေ ခဏခဏစားမိတယ်ဆိုရင် ဒါမှမဟုတ် အိမ်မှာပဲ အသင့်စားအစားအစာတွေကို စားနေတယ်ဆိုရင် ဒီအချက်ကို ပြင်ရပါမယ်။

    အိမ်မှာပဲ အာဟာရပြည့်အောင် ချက်ပြုတ်စားသောက်ကြည့်ပါ။ နှစ်ယောက်အတူတကွ ချက်ပြုတ်တဲ့အခါ ပိုပြီးတော့လည်း ပျော်စရာကောင်းပါတယ်။

    အိမ်မှာ ချက်တဲ့အခါမှာလည်း ဆီကြော်စာတွေထက် အသီးအရွက်၊ အသားငါး၊ ဥ၊ ပဲ စတာတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်စားသောက်ပါ။

    သရေစာစားရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစေ့အဆန်တွေ၊ အသီးအနှံတွေကို ဦးစားပေး စားပါ။ အအေးတွေ၊ အရက်၊ ဘီယာတွေအစား သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။

    • ကိုယ်လက်လေ့ကျင့်ခန်း

    စုံတွဲထဲက တစ်ယောက်က လေ့ကျင့်ခန်း လုပ်ချင်ရင်တောင် တစ်ယောက်တည်းဖြစ်နေလို့ဆိုပြီး ပုံမှန်လုပ်ဖြစ်ဖို့ ခက်ပါတယ်။ ဒါကြောင့် နောက်တစ်ယောက်ကိုပါ စွဲဆောင်ပါ။ အတူတူလေ့ကျင့်ခန်း လုပ်ပါ။

    လေ့ကျင့်ခန်း မလုပ်ဖြစ်ရင်တောင် အတူတူရေကူးတာမျိုး၊ ကြက်တောင်ရိုက်တာမျိုး နှစ်ယောက်အတူလုပ်လို့ရတဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။

    • အိပ်စက်ချိန်

    နှစ်ယောက်သား ညနက်အောင် TVအတူကြည့်၊ ဖုန်းသုံးမယ့်အစား စောစောအိပ်ပြီး အိပ်ချိန်ပြည့်အောင် ကြိုးစားကြည့်ပါ။ အိပ်ရေးပျက်တာက ရေရှည်မှာ အဝလွန်တာနဲ့ နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်တယ်လေ။ စောစောစီးစီးအိပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် သတိပေးပါ။

  • မမြင်နိုင်တဲ့ ရောဂါတွေ
  • ရောဂါတွေဆိုတာ စောစောသိရင် စောစောကုနိုင်တာကြောင့် ပုံမှန်ကျန်းမာရေး စစ်ဆေးဖို့လည်း လိုပါတယ်။ Screening packageတွေမှာ စုံတွဲလိုက် စစ်နိုင်အောင် စီစဉ်ပေးထားတာကြောင့် နှစ်စဉ်စစ်ဆေးကြည့်ပါ။

    • စိတ်ဖိစီးမှုတွေ

    အတူတူနေလာရင်းနဲ့ ပြင်ပပြဿနာတွေ၊ နှစ်ကိုယ်ကြား ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစရာ၊ စိုးရိမ်ပူပန်စရာတွေ ကြုံလာရနိုင်ပါတယ်။ ဒါတွေကလည်း စိတ်ကျန်းမာရေး ပြဿနာတွေပဲမို့လို့ အချင်းချင်းဖေးမပြီး နှစ်သိမ့်ပေးဖို့ လိုပါတယ်။

    စုံတွဲတွေဆိုတာ အချိန်ကြာလာနဲ့အမျှ ရုပ်တူလာတာတင်ဟုတ်ဘဲ ဒုက္ခ သုခတွေကိုပါ မျှဝေခံစားရပါတယ်။ ဒီထဲမှာ ကျန်းမာရေးပြဿနာတွေလည်း ပါပါတယ်။ နှစ်ဦးသား အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ အတူနေနိုင်ဖို့ အခုကစပြီး ကျန်းမာတဲ့ အလေ့အကျင့်တွေကို မွေးမြူကြဖို့ တိုက်တွန်းလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement