backup og meta

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ (Eating Disorders) ရှိနေခြင်းကလည်း စိတ်ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ စိတ်ခံစားမှုကြောင့် စားသောက်နေထိုင်ပုံပြောင်းလဲလာတာ၊ စားသောက်မှုပုံစံတွေ မူမမှန်တာ စတာတွေဖြစ်တာပါ။ ဒီလို စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာက အစပိုင်းမှာ စိတ်ကျန်းမာရေးကိုပဲ ထိခိုက်တာဆိုပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အခုတစ်ခေါက်တော့ စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း ကို ဝေမျှပေးချင်ပါတယ်။

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ နဲ့ ကိုယ်တိုင်စောင့်ရှောက်မှု

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာရှိသူတွေ အနေနဲ့ ဒီအခြေအနေကနေ ပြန်ပြီး ကျန်းမာလာဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်မှုက အတော်လေး အရေးကြီးပါတယ်။ ဒီလို စောင့်ရှောက်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးကို သေချာလေး ဂရုစိုက်ဖို့ လိုတာကြောင့် ကိုယ်တိုင်စောင့်ရှောက်တာက အကောင်းဆုံး ဖြစ်မှာပါ။ ရောဂါခံစားရနေချိန်နဲ့ ဆေးကုသနေချိန်မှာ ကြုံတွေ့ရမယ့် ဖိစီးမှုတွေနဲ့ စိုးရိမ်စိတ်တွေ အားလုံးကို ထိထိရောက်ရောက် ဖြေရှင်းဖို့အတွက်လည်း ကိုယ်တိုင်ဂရုစိုက်မှုက အထိရောက်ဆုံး နည်းလမ်းပါ။

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

    စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း တွေက ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။

    • ဘယ်လိုခံစားရလဲဆိုတာ သတိချပ်ပါ 

    ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ဘာလိုအပ်ချက်တွေ ရှိနေတယ်လို့ ခံစားရလဲဆိုတာကို သေချာလေး ဂရုစိုက် ကြည့်ပါ။ ဥပမာ တစ်ယောက်တည်း နေဖို့ လိုနေတာလား၊ သူငယ်ချင်းတွေနဲ့ နေဖို့ လိုနေတာလား။ အပြင်သွားဖို့ လိုနေတာလား၊ စာအုပ်ကောင်းတစ်အုပ် ဖတ်ဖို့ လိုနေတာလား ဆိုတာမျိုးပေါ့။ တစ်နေ့တာလုံးရဲ့ အခိုက်အတန့်တိုင်းမှာ ကိုယ်တိုင်ရဲ့ လိုအပ်ချက် စိတ်ခံစားမှုတွေကို အလေးဂရုပြုပေးဖို့ သတိတရရှိပါ။

    • စိတ်ရှင်းရှင်းထားပါ

    နေ့တိုင်းမှာ အချိန် အနည်းငယ်ပေးပြီး ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင် ရှင်းလင်းပါ။ စိတ်တွေ သိပ်ရှုပ်လာတဲ့အခါ ခဏလောက် အသက်ရှူတာကို အာရုံစိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားပါ။ ဒီတော့ တစ်နေ့တာမှာ မကြာခဏ အချိန်လေးပေးရင်း အသက်ဝဝရှူပြီး ကိုယ်လုပ်ဆောင်နိုင်မယ့် အရာတွေပေါ်ကို အာရုံစိုက်ထားပေးပါ။

    • အသစ်အသစ်တွေ လုပ်ဆောင်ပါ

    နေ့ရက်တိုင်းမှာ အသစ်အသစ်သော အရာတွေကို လုပ်ဆောင်ဖို့ အခွင့်အရေး တစ်ရပ် ထားပေးပါ။ ဝါသနာ အသစ်တစ်ခုခုကို ဖြစ်ဖြစ်၊ ဟင်းလျာ အသစ်လေးကို ချက်ပြီး စားကြည့်တာမျိုး ဖြစ်ဖြစ်၊ စာအုပ်အသစ် တစ်အုပ်ကို ဖတ်ကြည့်တာဖြစ်ဖြစ်၊ နေရာအသစ် တစ်ခုကို သွားတာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ဒါက စိတ်အပြောင်းအလဲ ဖြစ်စေပြီး စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာကို သက်သာစေနိုင်ပါတယ်။

    • ကိုယ့်အတိုင်းအတာကို ကိုယ်တိုင် သိပါစေ

    ကိုယ်တိုင်ဂရုစိုက်မှု ဆိုတဲ့နေရာမှာ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာကို သိရှိအောင် လုပ်ဆောင်ဖို့ လိုသလို အပြောင်းအလဲလေးတွေ လုပ်ဆောင်ဖို့လည်း လိုပါမယ်။ ဒါကြောင့် စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်စေမယ့် အပြောင်းအလဲလေးတွေကို လုပ်ဆောင်ပေးပါ။ ဒီနေရာမှာ သတိထားရမှာက ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်မှု ရှိရဲ့လား ဆိုတာပါ။ မနိုင်ဝန်ထမ်းတာမျိုး မဖြစ်စေဖို့ပါ။

    • ဆိုရှယ်မီဒီယာတွေကနေ အနားယူပါ

    ဆိုရှယ်မီဒီယာ အသုံးများတာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာတွေ၊ စိတ်ဓာတ်ကျတာတွေ မခံစားရစေဖို့ ဆိုရှယ်မီဒီယာကို တစ်ချိန်လုံး အသုံးပြုနေတာမျိုး မလုပ်ပါနဲ့။

  • အခြားသူတွေကို ကူညီပါ
  • သူတစ်ပါးကို ကူညီတာက စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေ ကင်းဝေးစေပြီး စိတ်ကျေနပ်မှုကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် အပျက်သဘောဆောင်တာတွေကို မတွေးမိစေဖို့အတွက် အခြားသူတွေကို ကူညီပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

  • ကြည့်ကောင်းစေတဲ့ အဝတ်အစာတွေကို ဝတ်ဆင်ပါ
  • အဝတ်အစား ဝတ်တဲ့အခါ ခန္ဓာကိုယ်မှာ ကြည့်ကောင်းပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်တဲ့ လိုက်ဖက်မှုရှိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပေးပါ။ ဒါမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပြီး စိတ်ပိုင်းဆိုင်ရာအရလည်း ခံစားမှု ကောင်းလာမှာပါ။

    • ကိုယ့်ကို စိတ်သက်သောင့်သက်သာဖြစ်စေမယ့် သူတွေနဲ့ အချိန်တွေကို ကုန်ဆုံးပါ

    စိတ်အနှောင့်အယှက်ဖြစ်စေတဲ့သူတွေ၊ စိတ်ထိခိုက်စေနိုင်တဲ့သူတွေနဲ့ အချိန်တွေ ကုန်ဆုံးတာက စိတ်ပင်ပန်းစေပါတယ်။ ဒါ​ကြောင့် စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ  သက်သာစေဖို့ဆိုရင် ကိုယ့်ကို  ထိခိုက်စေမယ့်သူတွေနဲ့ ခပ်ကင်းကင်းနေပြီး ကိုယ့်ကို စိတ်သက်သောင့်သက်သာ ဖြစ်စေနိုင်တဲ့ သူတွေနဲ့ အချိန်တွေကို ကုန်ဆုံးလိုက်ပါ။

    • ကိုယ့်ခန္ဓာကိုယ်က လုပ်ဆောင်နိုင်တာတွေကို အသိအမှတ် ပြုပါ

    ကိုယ့်ခန္ဓာကိုယ် အနေနဲ့ လုပ်ဆောင်နိုင်တဲ့ အရာတွေကို အမြဲ သတိရပေးပါ။ ဥပမာ – လမ်းလျှောက်နိုင်တာ၊ ရယ်မောနိုင်တာ၊ ချစ်ခင်လိုစိတ်ရှိတာ၊ ပြုံးနိုင်တာ၊ ဖတ်နိုင်တာလိုမျိုး လုပ်ဆောင်နိုင်တဲ့အရာတွေကို သတိရပေးပါ။ အကောင်းမြင်စိတ်လေးထားပြီး ကိုယ့်ခန္ဓာကိုယ်လေးကို ချစ်လိုက်ပါ။

    • ကိုယ့်ကိုယ်ကို ချစ်ပါ။

    စားသောက်ပုံမူမမှန်တဲ့ ပြဿနာရှိသူအများစုက ကိုယ့်ရဲ့ ဝခြင်း၊ ပိန်ခြင်းတွေကို သဘောမကျတာကြောင့် ခံစားရတာပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ချစ်ပါ။ ကိုယ့်ရဲ့ ပြင်ပန်းသဏ္ဍာန်ကို ဝေဖန်တဲ့သူတွေကို ရှောင်ပါ။ ကိုယ့်ကိုယ်ကို အကောင်းမြင်ပါ။

    • စားသောက်မှုပုံစံကို ပြောင်းလဲပါ။

    စားသောက်ပုံမူမမှန်တဲ့သူတွေအတွက် ထမင်းစားချိန်တိုင်းက စိတ်ညစ်စရာ ဖြစ်နေမှာပါ။ တစ်ယောက်တည်း မစားဘဲ မိသားစုနဲ့ အတူစားပါ။ ပိန်ခြင်း ဝခြင်းကို ထည့်မစဉ်းစားဘဲ  အာဟာရပြည့်မပြည့်နဲ့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုက်ညီမှု ရှိမရှိကို စဉ်းစားပါ။ အစာစားချိန်တိုင်းမှာ ပျော်စရာလေးတွေ ဖန်တီးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement