backup og meta

ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ

    ကာကွယ်ဆေး ထိုးတဲ့အခါ စိုးရိမ်တတ်တာလေး တစ်ခု ရှိကြတယ်နော်။ ဒါကတော့ ကာကွယ်ဆေးကိုသာ အသားနာခံပြီး ထိုးလိုက်ရတယ်။ ကာကွယ်ဆေးက အာနိသင် ထိရောက်မှု မရှိမှာကိုပေါ့။ အချို့သော ရောဂါတွေက ဖြစ်လာရင် ကုသဖို့ မလွယ်ကူတာကြောင့် ကာကွယ်ဆေး ထိုးထားနိုင်မှ တော်ကာကျမှာမျိုးတွေကလည်း ရှိတယ်လေ။ တုပ်ကွေးဆိုရင်လည်း ကာကွယ်ဆေး ထိုးထားမှ ဖြစ်ခဲ့ရင်တောင် လက္ခဏာတွေကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ကိုဗစ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားမှ အသက်အန္တရာယ် စိုးရိမ်ရမှု ကင်းမှာလေ။ ဒါကြောင့် ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဘယ်အချက်လေးတွေကို လိုက်နာလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါ တယ်။ 

    ကာကွယ်ဆေး ဆိုတာ

    ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် သင့်ကို ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။

    ကာကွယ်ဆေးက သင့်ခန္ဓာကိုယ်က ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် ခုခံအားပဲ ကျန်ခဲ့ပါတယ်။ ရောဂါမကျန်ခဲ့ပါဘူး။

    ဒါကြောင့်လည်း ကာကွယ်ဆေးတွေက အစွမ်းထက်တဲ့ ဆေးတစ်လက် ဖြစ်နေခဲ့တာပါ။ တခြားဆေးတွေနဲ့ မတူတာက ကာကွယ်ဆေးတွေက ရောဂါကို မကုပေးနိုင်ပါဘူး။ ကာကွယ်ရုံပဲ ကာကွယ်ပေးနိုင်ပါတယ်။

    ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ 

    ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    • အိပ်ရေးဝဝ အိပ်ပါ

    အိပ်ရေးဝတာက ကျန်းမာရေး ကောင်းကျိုး တော်တော်လေး များပါတယ်။ အိပ်ရေးဝတာက ကိုယ်ခံအား ကောင်းစေသလို ကိုယ်ခံအားဆဲလ်လေးတွေ ဖြစ်ကြတဲ့ T ဆဲလ်လေးတွေကို သန်မာစေဖို့ ထောက်ကူပေးပါတယ်။ နောက်တစ်ချက်က အိပ်ရေးဝဝ အိပ်ခြင်းဟာ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ပိုကောင်းစေတယ် ဆိုတာပါ။ 

    ဒါကြောင့် ကာကွယ်ဆေး အာနိသင် ထိရောက်စေဖို့ဆိုရင် ကာကွယ်ဆေး ထိုးဖို့ ရက်ပိုင်း အလိုနဲ့ ကာကွယ်ဆေး ထိုးပြီး နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ်လောက်မှာ တစ်ညကို ၆ နာရီထက်မနည်း သေချာလေး အိပ်စက်ဖို့ လိုပါမယ်။ 

    • စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာ၊ အထီးကျန်တာတွေက ကိုယ်ခံအားကို ထိခိုက်စေပြီး ကာကွယ်ဆေး ထိရောက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးခါနီးတိုင်းမှာ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် လေ့ကျင့်ခန်း လုပ်တာ၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်တာ၊ ဝါသနာပါတဲ့ လက်မှုလေးတွေကို လုပ်တာမျိုးတွေကို လုပ်ဆောင်ပေးရင်း စိတ်ဖိစီးမှုကို ဖြေလျော့ပါ။

    • ကိုယ်လက်လှုပ်ရှားမှု ရှိပါ

    ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ကိုယ်ခံအားကို ကောင်းစေဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာက ကာကွယ်ဆေးအပေါ် ကိုယ်ခံအား တုံ့ပြန်မှု ကောင်းစေပြီး ကာကွယ်ဆေးရဲ့ ထိရောက်မှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ 

    ဒါကြောင့် ကာကွယ်ဆေး မထိုးခင်မှာရော ကာကွယ်ဆေး ထိုးပြီးချိန်မှာပါ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ တစ်ပတ်ကို ၃ ကြိမ်နဲ့အထက် ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ။ ပြင်းပြင်းထန်ထန် လုပ်စရာမလိုပါ။ ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဟော်မုန်းတွေ ထွက်စေဖို့ အပေါ့စား လေ့ကျင့်ခန်းလောက်ဆို ရပါတယ်။  

  • အာဟာရ ပြည့်ဝမျှတအောင် စားပါ
  • ကာကွယ်ဆေး ထိုးပြီးချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက ကာကွယ်ဆေးအပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာ၊ နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို စားသုံးတာက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေသလို ကိုယ်ခံအား ကောင်းစေပြီး ကာကွယ်ဆေးကို ထိရောက်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

    ကာကွယ်ဆေး ထိုးခါနီးအချိန်နဲ့ ကာကွယ်ဆေး ထိုးပြီးချိန်မှာ အာဟာရ ပြည့်ဝမျှတအောင် စားသုံးပါ။ အမျှင်ဓာတ် ကြွယ်ဝတာတွေကို စားပေးပါ။ ကာကွယ်ဆေး ထိုးခါနီးတိုင်းနဲ့ ထိုးပြီးချိန်တွေမှာ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ အရက်စတာတွေကို ရှောင်ပါ။ ဒါတွေက ကိုယ်ခံအားကို ထိခိုက်စေနိုင်သလို ကာကွယ်ဆေးရဲ့ ထိရောက်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 

    ကာကွယ်ဆေး ထိုးပြီးချိန်မှာ ကာကွယ်ဆေးရဲ့ အာနိသင်ကို ထိရောက်စေဖို့ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်လိုက်ရုံပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement