ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချိုတိုက်ကျွေးချိန်မှာ ဖြစ်ပေါ်တဲ့ ရင်သား ပြောင်းလဲမှုများ။
ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားတွေ ပိုကြီးလာမယ်၊ နာကျင်လာမယ်၊ ရင်သားထိပ်ခေါင်းတွေ ပိုမည်းလာမယ်၊ သွေးကြောတွေ ပိုပေါ်လာမယ်၊ ရင်သားတစ်ရှူးတွေမှာ အရည်တွေ ပိုပြည့်လာတယ်ဆိုတာ သဘာဝ ဖြစ်စဉ်တစ်ရပ်ပါ။
အရည်တွေ ပြည့်နေတဲ့ အဖုတွေနဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေဟာ ကိုယ်ဝန်ဆောင်ချိန် ပေါ်လာတတ်ပြီး ပိုကြီးလာတတ်ပါတယ်။ ဒီလို အဖု၊ အကျိတ်အများစုက ကင်ဆာ မဟုတ်တဲ့အတွက် စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားတာက အကောင်းဆုံးပါပဲ။
ကလေးမွေးဖွားပြီးချိန်မှာလည်း ရင်သားတွေက အနည်းငယ်ရောင်ကိုင်းနေပြီး နို့ရည်တွေနဲ့ ပြည့်နေမှာပါ။ ဒီလို ဖြစ်နေတဲ့အတွက် ရင်သားက နာကျင်လာနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးခြင်းက ဒီအချက်တွေကို သက်သာစေနိုင်ပါတယ်။
သင်က ရင်သွေးကို နို့ချိုတိုက်ကျွေးမယ်ဆိုရင် ရင်သားထိပ်ခေါင်းတွေက နာကျင်ပြီး အရေပြားအက်ကွဲလာနိုင်ပါတယ်။ ဒါ့အပြင် နို့ချိုတိုက်ကျွေးနေတဲ့ အချိန်မှာ သင့်ရဲ့ ခန္ဓာကိုယ်က နို့ရည် ထုတ်လုပ်နိုင်တဲ့ ပမာဏက ပိုများနေမယ်ဆိုရင် နို့ရည်တွေက ရင်သားအတွင်း ပိတ်မိနေပြီး နို့သယ်ပြွန် အနီးမှတစ်ရှူးတွေက ရောင်ကိုင်းလာကာ နို့သယ်ပြွန်ကို ဖိမိစေပြီး ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒီလို နို့သယ်ပြွန်တွေ ပိတ်မိနေတာကို မကုသဘဲ ထားမယ်ဆိုရင် mastitis လို့ခေါ်တဲ့ နို့အုံရောင်ရမ်းနာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုနို့အုံရောင်ရမ်းနာ ဖြစ်ပြီဆိုရင် ပိုးဝင်တဲ့လက္ခဏာ တွေကို ခံစားလာရမှာ ဖြစ်ပြီး ရင်သားရောင်ရမ်းနာကျင်ပြီး နီရဲလာတာကို တွေ့ရမှာပါ။ ဒီလို ရောဂါ လက္ခဏာတွေ တွေ့လာရတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသင့်ပါတယ်။
အသက် ၄၀ ကျော်နဲ့ အထက် အမျိုးသမီးများအတွက် ရင်သား ကျန်းမာရေး။
အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်က အိုမင်းလာတာ သဘာဝပါပဲ။ ဒီလိုပဲ ရင်သားတွေမှာ နို့ရည်ထုတ်လုပ်တဲ့ ဂလင်းတွေက ရှုံ့သွားပါတော့တယ်။ ဒီဂလင်းတွေနေရာမှာ အဆီတစ်ရှူးတွေ ဝင်လာတာကြောင့် ရင်သားက အရင်ကထက်ပိုကြီးလာပြီး ပိုပြီး အိကျလာမှာလည်း ဖြစ်ပါတယ်။
ဒီလိုပဲ အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ ခံစားရနိုင်ခြေကလည်း ပိုပြီးများလာမှာပါ။ ဒီအသက်အရွယ်အပိုင်းအခြားရောက်လာပြီဆိုရင် mammogram ဆိုတဲ့ X-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးပေးတဲ့ စနစ်တစ်မျိုးနဲ့ အဖုအကျိတ်တွေနဲ့ တစ်ရှူးတွေ ပုံမှန်မဟုတ်တာကို စစ်ဆေးသင့်ပါတယ်။
တစ်ခါတစ်ရံမှာ mammogram ဟာ ကင်ဆာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ တစ်ရှူးဧရိယာတွေကိုပါ ပြသပေးတဲ့ အတွက် ဒီလိုမျိုး mammogram မှာ ကင်ဆာလို့ ထင်ရတဲ့ အဖုအကျိတ်တွေ တွေ့ပြီဆိုရင် နောက်ထပ်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သင့်ပါတယ်။
ကျန်းမာရေး အဖွဲ့အစည်းအများစုကတော့ အသက် ၄၀အထက် အမျိုးသမီးတွေက တစ်နှစ်ကနေ ၂ နှစ်အတွင်း တစ်ကြိမ်လောက်ပုံမှန် ရင်သားကျန်းမာရေး စစ်ဆေးသင့်ကြောင်းဆိုထားကြပါတယ်။
ဘယ်လို အသက်အရွယ်မျိုးမှာမဆို ရင်သားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေ။
အသက်အရွယ် ဘယ်လောက်ပဲ ဖြစ်ဖြစ် သင့်မှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်တွေ ရှိနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို နည်းပါးစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့
- အရက်သေစာကို တစ်နေ့တစ်ခွက်ထက် ပိုမသောက်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- ကျန်းမာရေးနဲ့ လျော်ညီတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းထားခြင်း တို့ဖြစ်ပါတယ်။
- ဒါ့အပြင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အသီးအရွက်တွေကို စားသုံးပေးဖို့လည်း လိုပါတယ်။
ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့၊ ပျောက်ကင်းစေနိုင်တဲ့ အစားအစာ ဆိုတာမျိုး မရှိပေမယ့် သင့်ရဲ့ အစားအစာ စားသုံးပုံကို ပြောင်းလဲလိုက်ခြင်းဖြင့် ရင်သားကင်ဆာကို အများကြီးကာကွယ်နိုင်ပါတယ်။ ရင်သားကင်ဆာဆိုတာ အသက်အရွယ်၊ မိသားစု ကျန်းမာရေး၊ မျိုးရိုးဗီဇစတဲ့ အကြောင်းရင်းတွေ ပေါင်းစုံပြီးမှ ဖြစ်လာတဲ့ ရောဂါ တစ်မျိုးပါ။
လေ့လာသူတွေရဲ့ အဆိုအရတော့ အစားအသောက်တွေက ကင်ဆာရောဂါ အားလုံးကို ဖြစ်စေတဲ့ အကြောင်းတရားထဲမှာ ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ သက်ရောက်နေတဲ့ အရာလို့ ဆိုထားကြပါတယ်။ ဒါ့ကြောင့် ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ အစားအသောက်တွေ ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက်စိတ်ချရမှာ အမှန်ပါပဲ။ အဲ့ဒါတွေကတော့-
- ကိုက်လန်၊ ခရမ်းချဉ်သီး၊ ရှောက်သံပရာမျိုးနွယ်ဝင်အသီးများကိုစားသုံးပေးခြင်း။
- အမျှင်ဓာတ်ကြွယ်ဝတဲ့ ဂျုံစပါးနဲ့ ပဲတောင့်များ။
- အဆီနည်း နွားနို့နဲ့ ဒိန်ချဉ်လို နွားနို့ထွက် ပစ္စည်းများ။
- ပဲသီးထွက် ပစ္စည်းများ၊
- ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတို့ ဖြစ်ကြပါတယ်။
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ကျင့်သုံးတာက ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီတော့ သင်ဟာ ဘယ်အသက်အရွယ်ပဲ ရောက်နေ ရောက်နေ အထက်ပါ အလေ့အကျင့်တွေ မရှိသေးဘူးဆိုရင် အမြန်ဆုံး ကျင့်သုံးကြဖို့ ကျွန်တော်တို့ Hello ဆရာဝန်မှ တိုက်တွန်းလိုက်ပါရစေ။
ရေးသားသူ -Arkar Hein
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။