backup og meta

ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခရမ်းချဉ်သီး နီနီလေးကပေးတဲ့ကျန်းမာရေး

    ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ​ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။

    အရောင်အသွေးလှတဲ့ ခရမ်းချဉ်သီး ကပေးတဲ့ကျန်းမာရေး

    ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။

    အသားအရေ ကျန်းမာစေနိုင်တယ်

    ခရမ်းချဉ်သီးမှာ အသားအရေကို​ကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။

    ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ်

    ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။

    အရိုးတွေသန်မာစေနိုင်တယ်

    ခရမ်းချဉ်သီးမှာ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် K တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်နှစ်ခုစလုံးက အရိုးတစ်ရှူးတွေတွေကအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အရိုးတွေကို သန်မာစေသလို လိုအပ်တဲ့အာဟာရတွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။

    နီကိုတင်းကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်

    ဆေးလိပ်သောက်သုံးတဲ့အခါ ခန္ဓာကိုယ်မှာ နီကိုတင်းကြောင့် ထိခိုက်မှုတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ ဒီထိခိုက်မှုကို နည်းစေချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးကို စားပေးပါ။ ခရမ်းချဉ်သီးမှာပါတဲ့ coumaric အက်ဆစ် နဲ့  chlorogenic အက်ဆစ်တို့က စီးကရက်ဆေးလိပ်ငွေ့မှာပါနေဲ့ ကာစီနိုဂျင်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါ။ ဒါကြောင့် ဆေးလိပ်သောက်ရတာကြိုက်တယ် မစွန့်လွှတ်နိုင်ဘူးဆိုရင် ခရမ်းချဉ်သီးကိုစားပေးဖို့ပြောပါရစေ။

    ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် မထိခိုက်အောင် ကာကွယ်ပေးတယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အသားအရေကိုရော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ခရမ်းချဉ်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေသလို သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစိမ်းအတိုင်းစားရေးရင်တောင် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်မှုမရှိအောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

    ဆံသား ကျန်းမာစေနိုင်ပါတယ်

    ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေမှာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဆံသားကျန်မးာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့ သွားတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်။

    ကျောက်ကပ် ကျန်းမာစေနိုင်တယ်

    ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

    အမြင်အာရုံ ကောင်းစေတယ်

    ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာ အပါအဝင် အမြင်အာရုံ ပြဿနာ အမျိုးမျိုးကို အထိရောက်ဆုံး ကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့အတွက်လည်း ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။

    ခရမ်းချဉ်သီးလေးကို တစ်နေ့တစ်လုံးလောက် စားဖြစ်အောင် စားလို့ အခုပြောတဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement