ရာသီလာချိန် ခေါင်းလျှော်ရင် သွေးခဲတတ်တယ်။ သွေးတွေ အပေါ်ကို ကန်တက်တယ် စသဖြင့် ပြောကြတာ ကြားဖူးမှာပါ။ လူမှုကွန်ယက်မှာလည်း အမျိုးသမီးငယ်ငယ်လေးတွေ အကြောင်းအရင်း မရှိ ဆုံးသွားရင် ရာသီလာတုန်း ခေါင်းလျှော်တာတုန်း ဖြစ်မှာပေါ့ဆိုပြီး သတင်းတွေ တက်လာကြပါတယ်။
ရာသီလာချိန်မှာ ခေါင်းလျှော်လို့ ရတယ်၊ မရဘူးဆိုပြီး အုပ်စုကွဲကြပြန်တော့ တကယ့်အမှန်က ဘာလဲဆိုတာကို သိထားဖို့ လိုနေပါပြီ။
ရာသီလာချိန် ခေါင်းလျှော်ရင် ဒါတွေဖြစ်တတ်တယ်ဆိုတာ တကယ်လား။
မိဘ၊ အဘိုးအဘွားတွေ လက်ထက်တည်းက ရာသီလာချိန်မှာ ခေါင်းမလျှော်ရဘူး။ အနည်းဆုံးတော့ ရာသီပထမရက်မှာ မလျှော်ရဘူးလို့ တားကြတာကို ကြားဖူးမှာပါ။ လူကြီးတွေကို မေးကြည့်ရင် အောက်ပါအတိုင်း ဖြေကြတာကို တွေ့ရပါတယ်။
- သားအိမ်အလုံးတည်တတ်တယ်။
အလုံးဆိုတဲ့ နေရာမှာ သွေးလုံးရော၊ အသားလုံးရော အကုန်ပါပါတယ်။ ဒါတွေက ရာသီလာချိန် ခေါင်းလျှော်တာနဲ့ မဆိုင်ပါဘူး။
သွေးလုံးတည်တဲ့ ပြဿနာဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျ မသိကြသေးပါဘူး။ Hypothesesတွေ ရှိပေမဲ့ ရာသီလာချိန် ခေါင်းလျှော်တာတော့ မပါပါဘူး။
အသားလုံးဆိုရင်လည်း ဒီတိုင်းပါပဲ။ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်နဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောနိုင်ပါတယ်။ ရာသီလာချိန် ခေါင်းလျှော်တာကြောင့် မဟုတ်ပါ။
ဖြစ်နိုင်တာက ဒီရောဂါတွေက အမျိုးသမီးငယ်လေးတွေ၊ ရာသီလာတဲ့ အရွယ်တွေမှာ ဖြစ်တာဆိုတော့ ဒီနှစ်ခုကို ကောက်ပြီး ဆက်စပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီလာချိန်မှာ ခေါင်းမလျှော်တဲ့ သူတွေလည်း ဒီရောဂါဖြစ်တာကို တွေ့ရပါတယ်။
- သွေးတွေ ကန်တက်တယ်။
ရာသီလာချိန်မှာ ခေါင်းလျှော်ရင် ဦးနှောက်ကို သွေးဆောင့်တက်တယ်။ တစ်နည်းအားဖြင့် သွေးကြောပြတ်တတ်တယ်လို့ ပြောကြပါတယ်။ ဒါကလည်း မဟုတ်ပါဘူး။
ရာသီသွေးဆိုတာ ကလေးများ ရလာခဲ့ရင် သန္ဓေသားလေးတွယ်လို့ ရအောင် ထူထားပေးတဲ့ သားအိမ်ရဲ့ နံရံလေးတွေ ကွာကျလာတာ ဖြစ်ပါတယ်။ ခေါင်းက သွေးကြောတွေနဲ့ မဆိုင်ပါ။ ဒါကြောင့် ဒါလည်း မဟုတ်ပါဘူး။
- ခေါင်းထဲမှာ သွေးခဲတတ်တယ်။
ဒါလည်း မဟုတ်ပါဘူး။ လူငယ်တွေမှာ ဦးခေါင်းတွင်း သွေးခဲတဲ့ ရောဂါက အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ခေါင်းကို ထိခိုက်မိပြီး ဦးနှောက်သွေးယိုတာမျိုးပေါ့။ ရာသီလာချိန် ခေါင်းလျှော်လို့တော့ မဟုတ်ပါဘူး။
- ရာသီသွေးရပ်သွားတယ်။
ရာသီရက်တွေက အတိုးအလျှော့ ဖြစ်နိုင်ပါတယ်။ ဥပမာ ဒီလ၅ရက်လာပြီး နောက်လ ၄ရက်လာတာ စသဖြင့်ပေါ့။
ရုတ်တရက်ကြီး ရာသီသွေးရပ်သွားတယ်ဆိုရင် ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များနေသလား။ ဟော်မုန်းပါတဲ့ ဆေးတွေ၊ တားဆေး (အရေးပေါ်တားဆေးအပါ) သောက်နေလားဆိုတာကို စဉ်းစားကြည့်ပါ။ ဒါတွေကလည်း ရာသီရက်တိုတာ၊ ရှည်တာကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ရာသီရက်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။
ခေါင်းလျှော်လိုက်တာက ရာသီသွေးရပ်သွားအောင်တော့ မလုပ်နိုင်ပါဘူး။