backup og meta

ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီသွေး က သွေးပုပ်တွေလား။ ရာသီသွေးကျန်ရင် ဘာဖြစ်တတ်လဲ။

    ရာသီသွေး နဲ့ ပတ်သတ်ပြီး တော်တော်များများ ယူဆထားကြတာက သွေးက မသန့်ဘူး။ သွေးပုပ်တွေ။ ရာသီလာတယ်ဆိုတာ ယုတ်ညံ့တယ်ကိစ္စ ဒီလို သတ်မှတ်ထားကြတာပါ။ အထူးသဖြင့် လူကြီးတွေကပေါ့။ ဒါပေမယ့် ခုခေတ်က တိုးတက်လာတော့ ရာသီလာတယ်ဆိုတာကို ကျန်းမာရေး ကိစ္စတစ်ခုအနေနဲ့ သတ်မှတ်လာကြပါပြီ။ ပိုပြီးလည်း ပွင့်ပွင့်လင်းလင်း ဖြစ်လာကြပါပြီ။ ဒါပေမယ့် လူငယ်တွေ စိတ်ထဲမှာ ရာသီသွေးဆိုတာ အိမ်က အဘွားပြောသလို တကယ်ပဲ မသန့်ဘူးလား။ ရာသီသွေးတွေ ကျန်ရင် အပုပ်ဆန်တတ်တယ်ဆိုတာ တကယ်လားဆိုပြီး တွေးနေကြမှာပါ။ ဒီဆောင်းပါးမှာ ဒီပြဿနာကို ဖြေရှင်းပေးပါမယ်။

    ရာသီသွေး ဘယ်ကဖြစ်လာတာ။

    ရာသီသွေးဆိုတာ ပုံမှန်တွေ့နေကြ သွေးကြောထဲက သွေးနဲ့ နည်းနည်းကွဲပါတယ်။ ရာသီသွေးမှာ သွေးအပြင် သားအိမ်နံရံအမြှေးပါး၊ အချွဲနည်းနည်းနဲ့ ဘက်တီးရီးယားပါပါတယ်။ အချွဲဆိုတာက မိန်းမကိုယ်က အဖြူဆင်းသလို ထွက်တဲ့ အချွဲပါ။ ဘက်တီးရီးယားဆိုတာလည်း မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားနဲ့ တခြားသော ဘက်တီးရီးယား အချို့ပါ။ ဒါကြောင့် ရာသီသွေးမှာ အတုံးအခဲတွေ ပါတာပေါ့။ သာမန်သွေးနဲ့ မတူတာက သူ့မှာ သွေးဆဲလ်တွေ ပိုနည်းပါတယ်။

    တကယ်က ရာသီသွေးဆိုတာ သန္ဓေသားကို ကိုယ်ဝန်မဆောင်ရလို့ သွေးဆင်းလာတာပါ။ သားဥကြွေပြီးရင် ဟော်မုန်းကြောင့် သားအိမ်နံရံတွေထူပြီး အချွဲတွေနဲ့ ပွပွလေး ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာက မတော်တဆများ သားဥနဲ့ သုက်ကောင်နဲ့ ပေါင်းခဲ့ရင် ဖြစ်လာမယ့် သန္ဓေသားလေးအတွက် ကြိုပြီး နေရာထိုင်ခင်း စီစဉ်ထားတာပါ။ ၁၄ရက်ပြည့်လို့မှ သန္ဓေမအောင်ရင် အလိုလို သားအိမ်နံရံတွေ ကွာကျပြီး ရာသီသွေးအဖြစ် ဆင်းလာတာပါ။ ပညာရှင်တွေက ဒါကို သန္ဓေသားလေး မလာလို့ သားအိမ်က ငိုကြွေးတာ (Weeping of uterus)ဆိုပြီး ကဗျာဆန်ဆန် နာမည်ပေးထားကြပါတယ်။ ကလေးနေဖို့ ပြင်ထားတဲ့နေရာဆိုတော့ လူတွေ ထင်သလို ပုပ်နေတာ မဟုတ်ဘူးဆိုတာ မှန်းကြည့်လို့ရပါတယ်။

    ဒါဆို ရာသီသွေး ဘယ်ကဖြစ်လာတာလဲ သိလောက်ပါပြီ။ ရာသီသွေးက တခြားကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ တူတူပါပဲ။ သန့်တယ် မသန့်ဘူးဆိုတာထက် ထင်ထားသလို သွေးပုပ်တွေ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ဆေးပညာမှာတော့ ရောဂါပိုး မရှိ၊ အဆိပ်အတောက်မရှိတဲ့ သွေးဟာ သွေးသန့်ပါပဲ။

    ရာသီသွေးက အညိုရောင် ဖြစ်တတ်လား။

    ရာသီသွေးက အညိုရောင်တင် မကပါဘူး။ အနီပုပ်ပုပ်၊ အနီရဲရဲ၊ ပန်းရောင်၊ လိမ္မော်ရောင်၊ မီးခိုးရောင်အထိ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အညိုရောင်က တွေ့ရများတော့ စိတ်ထဲမှာ သွေးပုပ်တွေလို့ ပိုထင်သွားတာပေါ့။ ရာသီလာလာချင်း အစမှာ ဖြစ်ဖြစ် ရာသီအဆုံးနားမှာ ဖြစ်ဖြစ် ရာသီသွေးက အညိုရောင် ဖြစ်တတ်ပါတယ်။

    ရာသီစလာလာချင်းမှာ ဖြစ်တယ်ဆိုတာက အရင်ရာသီက သွေးတွေ ကျန်လို့ပါ။ သွေးကျန်တဲ့ ကိစ္စကို နောက်မှ ရှင်းပြပါမယ်။ သွေးဟောင်းတွေ ဖြစ်လို့ ညိုတာပါ။ ရာသီဆုံးခါနီးရင် အညိုရောင်ဖြစ်ရတာက သားအိမ်နံရံက ဖြည်းဖြည်းချင်း ကွာကျလို့ပါ။ ဖြည်းဖြည်းကွာတော့ သွေးထဲမှာ ပါတဲ့ သံဓာတ်က ဓာတ်တိုးပြီးညိုသွားတာပါ။ ဒါပါပဲ။ ရာသီသွေးညိုရတာက များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ တစ်ခါတစ်လေမှာတော့ ကိုယ်ဝန်ရလို့ ဒါမှမဟုတ် ကိုယ်ဝန်ပျက်လို့ အညိုရောင်ဆင်းတာမျိုးတွေတော့ ရှိတတ်ပါတယ်။

    ရာသီသွေး ကျန်တတ်လား။

    ရာသီသွေးက ကျန်တတ်ပါတယ်။ ဒါမပြောခင် ရာသီသွေး ဘယ်လိုဆင်းတာလဲဆိုတာ ကြည့်ရအောင်။ ခုနက ပြောသလို ရာသီလာဖို့ သားအိမ်နံရံ ကောင်းကောင်းကွာကျဖို့ဆိုရင် သားအိမ်ကြွက်သားတွေက ညှစ်ပေးရပါတယ်။ ဒါမှ သားအိမ်နံရံကဆဲလ်တွေ သွေးမရဘဲ သေပြီး ကွာကျလာမှာပါ။ ဆဲလ်တွေ သေတဲ့ အခါ prostagladinsလို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်လာပါတယ်။ သူက နာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။

    သားအိမ်ညှစ်တာရော prostagladinsထွက်လာတာရော ပေါင်းသွားတဲ့အခါ ရာသီလာရင် ကိုက်ခဲတာ၊ ဗိုက်အောင့်တယ်ဆိုတယ် ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်တွေလောက် သားအိမ်ညှစ်အား မပြင်းပေမယ့် သူ့မှာလည်း သူ့အားနဲ့ သူပါ။ ညှစ်တာကိုတော့ မခံစားမိပါဘူး။ ဒါကြောင့်လည်း ရာသီလာလာချင်းမှာ ပြင်းပြင်းထန်ထန် ဗိုက်အောင့်တာပေါ့။ ဒီလိုနည်းနဲ့ ရာသီသွေးဆင်းတာပါ။

    ရာသီသွေးဆိုတာ သဘာဝအရ အနည်းနဲ့ အများတော့ ကျန်တတ်ပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရအောင်ပါ။ ရာသီတစ်ခါလာရင်  ၈၀ မီလီလီတာလောက်ပဲ ဆင်းတာပါ။ တစ်လီတာရေသန့်ဘူးရဲ့ ၁၀ပုံ ၁ပုံတောင် မရှိပါဘူး။ ဒီတော့ ကျန်လည်း ဘယ်လောက်ကျန်နိုင်မှာလဲ။ နောက်ပြီး ခုနကပြောသလိုပဲ။ ရာသီသွေးက သွေးပုပ်တွေ မဟုတ်တဲ့အတွက် ကိုယ်ထဲမှာ ပမာဏ နည်းနည်းကျန်လည်း လူကို ဒုက္ခမပေးပါဘူး။ နောက်လကျရင် ပြန်ဆင်းသွားမှာပါ။ ပိုးတွေ၊ အဆိပ်တွေ မပါတဲ့အတွက် သွေးဆိပ်သင့်တာတို့၊ အပုပ်ဆန်တာတို့ မဖြစ်ပါဘူး။

    ခုလောက်ဆို ရာသီသွေး သဘောသဘာဝကို နားလည်လောက်ပါပြီ။ ရာသီလာတယ်ဆိုတာ ကျန်းမာရေး ကိစ္စပါပဲ။ ထူးခြားဖြစ်စဉ်မဟုတ်ပါဘူး။ ရာသီသွေးဆိုတာလည်း ကိုယ်တွင်းက ဖြစ်လာတဲ့ သွေးပါပဲ။ သန့်တယ် မသန့်ဘူး ဆိုတာထက် သွေးပုပ်တွေ မဟုတ်ဘူး။ ရာသီသွေးကျန်လည်း ပြဿနာ ကြီးကြီးမားမား မဖြစ်ဘူးဆိုတာ သိစေချင်ရုံပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement