၃) ခန္ဓာကိုယ်ဟာ ရေဓာတ် ပြည့်ဝနေပါစေ
တချို့သော အမျိုးသမီးတွေဟာ ရာသီစက်ဝန်း အချိန်တွင်းမှာ ဗိုက်ထဲ မအီမလည်ဖြစ်ပြီး လေးပင်နေတတ်လို့ ရေသောက်ဖို့ကို လိုလိုလားလား မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် ရေဓာတ် ပြည့်၀နေခြင်းဟာလည်း လန်းလန်းဆန်းဆန်းဖြစ်နေစေဖို့ အဓိက အရေးကြီးတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်လို့ ရေနဲ့ ကိုယ်ကြိုက်တဲ့ juice တွေကို မကြာခဏ သောက်ပေးဖို့ တိုက်တွန်းပါရစေ။
၄) အစားအသောက်ကို ရွေးချယ်စားပါ
သတိထားကြည့်လို့ရှိရင် ဒီရက်တွေမှာ အရင်ကထက် ပိုပြီး ဖွယ်ဖွယ်ရာရာ စားချင်နေတာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့်လို့ မစားသင့်တာတွေဘဲ စားနေမိလို့ရှိရင် နာကျင်မှုဝေဒနာဟာ ပိုဆိုးလာနိုင်လို့ အစားသောက်ကို သေချာရွေးချယ်စားပေးဖို့ လိုပါမယ်။
အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။ ကိုယ်ကြိုက်တဲ့ အသီးအနှံတွေကို ဝယ်ထားပြီးမကြာခဏ (တစ်နေ့ ၅ကြိမ်လောက်) စားပေးပါ။ စတော်ဘယ်ရီ၊ သဘော်၊ ဖရဲသီး၊ ပန်းသီးတို့လို ရေဓာတ်ပြည့်ဝတဲ့ အသီးတွေဖြစ်ရင် ပိုကောင်းပါတယ်။
Calcium ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ နာကျင်မှုကိုလျော့နည်းစေပြီး Vitamin B6 ကတော့ ရာသီစက်ဝန်း မတိုင်မီနဲ့ စက်ဝန်းအတွင်းဖြစ်တတ်တဲ့ အတွေးများပြီး အိပ်မပျော်တာ၊ စိတ်ရှုပ်တတ်တာ၊ စိတ်ဓာတ်ကျတာတွေကို လျော့နည်းစေပါတယ်။
Calcium ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ အစိမ်းရောင်အရွက်တွေဖြစ်ပြီး လိုအပ်ရင် Calcium supplement (500mg/day) ကိုလည်းသောက်သုံးပေးနိုင်ပါတယ်။ Vitamin B6 ကြွယ်ဝတဲ့အစားအစာတွေကတော့ ငါး၊ ကြက်သား၊ အာလူး၊ ကန်စွန်းဥ၊ အမဲသား စသည်တို့ဖြစ်ပြီး Vitamin B6 supplement ကို 50-100mg/day သောက်သုံးပေးနိုင်ပါတယ်။
(အတက်ကျဆေးတွေ၊ theophylline လို့ခေါ်တဲ့ ပန်းနာရင်ကျပ်ပျောက်ဆေးတွေ သောက်နေရင်တော့ Vitamin B6 ကိုမသောက်သင့်ပါဘူး။) အရမ်းနာကျင်ကိုက်ခဲနေရင်တော့ acetaminophen (paracetamol) ၊ ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေကို လိုအပ်သလို သောက်သုံးပေးနိုင်သလို အိမ်မှာဆိုရင် ဒဏ်ကြေဆေးပူပူလေးလိမ်းတာ၊ ရေနွေးအိတ် ကပ်တာတွေကလည်း နာကျင်မှုဝေဒနာကို အလျင်မြန် သက်သာစေပါတယ်။
၅) ဘယ်လို အစားသောက်တွေ ရှောင်ရမလဲ
ချောကလက်၊ အချိုအဆိမ့်၊ အငန်နဲ့ junk food (ကြက်ကြော်၊ ဘာဂါ)၊ caffeine၊ alcohol စတွေဟာ နာကျင်မှုဝေဒနာကိုပိုဆိုးစေတတ်လို့ ရာသီစက်ဝန်းအတွင်းမှာ ရှောင်သင့်ပါတယ်။ အဲဒီအစား ginger ၊ mint ပါတဲ့ အရည်တွေ hot lemon tea စတာတွေကို သောက်သုံးနိုင်ပါတယ်။
၆) အိပ်ရေးဝအောင် အိပ်ပါ
ရာသီစက်ဝန်းမတိုင်မီ တစ်ပတ်လောက်အလိုနဲ့ ရာသီစက်ဝန်းအတွင်း အရေးကြီးဆုံးကတော့ အိပ်ရေးဝအောင်အိပ်စက်ပေးဖို့ပါပဲ။ အဲဒီရက်တွေမှာ ခနွာကိုယ်ဟာ ကောင်းစွာပြန်လည်တည်ဆောက်ဖို့ တစ်ရက်ကိုအိပ်ချိန် ၈-၉နာရီလောက်ထိ လိုအပ်တတ်ပါတယ်။ ဒါကြောင့်ပုံမှန်နေ့တွေထက် စောစောအိပ်ရာဝင်ပေးဖို့နဲ့ နေ့လယ်နေ့ခင်း တရေးတမောအိပ်စက်ပေးဖို့ လိုအပ်ပါတယ်။
၇) ကိုယ်လုပ်ချင်စိတ် ရှိမှလုပ်ပါ
ဒီရက်တွေမှာ မိမိကိုယ်ကိုနားလည်ပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ ရာသီစက်ဝန်းမှာ စိတ်သွားတိုင်း ကိုယ်မပါ လေးပင်နေတတ်တာဟာ သဘာဝဖြစ်လို့ တနေ့တာလုပ်ငန်းဆောင်တာတွေကို လောဘမကြီးဘဲ နားနားနေနေ လုပ်ဖို့တော့ လိုမယ်နော်။ ဒီလိုမှမဟုတ်ရင် ပုံမှန်ထက်ပိုနေတဲ့ stress တွေဟာပိုပိလာပြီး မလိုလားအပ်တဲ့ပြဿနာတွေပေါ်ပေါက်လာတတ်လို့ပါ။
၈) သက်တောင့်သက်သာရှိတဲ့ လစဉ်သုံးလေးတွေရွေးချယ်သုံးပါ
လစဉ်သုံး (Pad သို့မဟုတ် tampon) ကတော့ ကိုယ်နဲ့အဆင်ပြေတာသုံးလို့ရပါတယ်။ အဓိကကတော့ မိမိကိုစိတ်လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ အမျိုးအစားကို သိရှိရွေးချယ်ထားဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ရင် လစဉ်သုံးက သက်တောင့်သက်သာမရှိ၊ ယိုစိမ့်မှုတွေ ဖြစ်တာကြောင့် စိတ်မကြည်ရာကနေ စိတ်အနှောင့်ယှက်ဖြစ်နိုင်လို့ပါ။
ဘယ်လိုအမျိုးအစားပဲသုံးသုံး ယိုစိမ့်မှုမရှိအောင်နဲ့ ဘက်တီးရီးယားမတွယ်ကပ်အောင် ၃-၄နာရီခြားတစ်ခါ လဲပေးဖို့တော့လိုပါမယ်နော်။ ( Menstrual cup သုံးတတ်သူတွေအဖို့တော့ ၁၂နာရီတစ်ခါသွန်ပေးဖို့လို့ပါတယ်။ )
၉) တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
ရာသီစက်ဝန်းအတွင်းမှာ ရေပုံမှန်ချိုးပြီး လှလှပပနေမယ်၊ သုံးနေကျ ရေမွှေးသင်းသင်းလေး ဆွတ်ထားမယ်၊ အမျိုးသမီးအင်္ဂါတဝိုက်ကို မကြာခဏဆေးကြောသန့်စင်ပေးမယ်ဆိုရင်လည်း စိတ်ကြည်လင်လန်းဆန်းနေစေပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေမှာ ဧကန်မလွဲပါပဲ။
၁၀) အတူနေလို့ရလား
ရာသီစက်ဝန်းအတွင်း အတူနေလို့ရပါတယ်။ ဆန္ဒပြီးမြောက်သွားချိန်မှာ ပိုမိုအိပ်ပျော်စေတာရယ်၊ ဦးနှောက်က ထွက်တဲ့ endorphins ဟော်မုန်းက နာကျင်မှုကိုလျော့နည်းစေတာရယ်ကြောင့် သက်တောင့်သက်သာရှိစေပါတယ်။ ဒါပေမယ့် အတူနေချိန်မှာ အိပ်ရာပေါ်သွေးစွန်းတာ၊ ညစ်ပေသွားတာကတော့ စိတ်အနှောင့်ယှက်ဖြစ်စေမှာ ဧကန်ပါပဲ၊ ဒါကြောင့် အဲဒီအတွက်တော့ ကြိုတင်ပြင်ဆင်ဖို့လိုပါမယ်။
နောက်တစ်ခုက ရှားရှားပါးပါး တချို့သူတွေမှာ ရာသီချိန်မှာ အတူနေရင်းက ကိုယ်ဝန်ရသွားတတ်ပါတယ်။ သွေးကနေတဆင့် ရောဂါတွေလည်း ကူးစက်တတ်လို့ အတူနေချိန်မှာ ကွန်ဒုံးသုံးဖို့ အကြံပေးပါရစေ။
ကဲ….နောက်ဆုံး အရေးကြီးဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့ အိုပါးတွေ၊ လုပ်ဖော်ကိုင်ဖက် (ရင်းနှီးတယ်ဆိုရင်) တွေကို ကိုယ့်ရဲ့စက်ဝန်းကာလကို ဖြတ်သန်းနေရတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားရင် သူတို့လည်းနားလည်ပေးနိုင်လို့ ရာသီစက်ဝန်းကို ပေါ့ပေါ့ပါးပါးနဲ့ အေးချမ်းစွာဖြတ်သန်းနိုင်မှာအမှန်ပါပဲ။ ။
ရေးသားသူ- အမရာကျော်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။