backup og meta

သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ

    စိတ်ရဲ့ အလုပ်လုပ်ပုံဟာ ရှုပ်ထွေးတယ်ဆိုတာ  သွေးဆုံးခါနီး အမျိုးသမီးတစ်ယောက်ကို ကြည့်ရင် သိသာနိုင်ပါတယ်။ သွေးဆုံးတဲ့အချိန်မှာ အဲဒီအမျိုးသမီးကိုယ်တိုင်တောင် သူ့စိတ်အတွေး ဘယ်လိုဖြစ်နေလဲ ဆိုတာ သိဖို့ ခက်ပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ အကြောင်း ပြောပြပေးချင်ပါတယ်။

    သွေးဆုံးချိန်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ လူတိုင်းက သူ့ကို ရူးနေပြီလို့ စွပ်စွဲလို့ရလောက်အောင် ခြောက်ခြားစရာ ကာလပေါ့။ အမျိုးသမီးတွေအတွက် သွေးဆုံးချိန်ဟာ ဘဝရဲ့ သိသာထင်ရှားတဲ့ အချိုးအကွေ့တစ်ခု ဖြစ်ပါတယ်။ မ ဟော်မုန်းဓာတ် ကျဆင်းခြင်းကြောင့် ဇီဝဖြစ်စဥ်တွေ  ကမောက်ကမဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ဖြစ်လာတာပါပဲ။ သည်လိုအချိန်မှာ စိတ်တွေလည်း ဖရိုဖရဲဖြစ်မယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးနော်။ ဒါ့ကြောင့် သည်ဆောင်းပါးမှာ ကနဦးအနေနဲ့  အမျိုးသမီးတစ်ယောက် သွေးဆုံးချိန်မှာ တွေ့ကြုံရမယ့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေက ဘာတွေလဲ ဆိုတာရယ် …ဒါတွေကို အတတ်နိုင်ဆုံး ဘယ်လိုကျော်လွှားမလဲ ဆိုတာရယ် ကို ပြောပြပေးချင်ပါတယ်။ သွေးဆုံးချိန် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲ တွေ အကြောင်းကိုတော့ ဆောင်းပါးသတ်သတ် ရေးပေးပါဦးမယ်။

    သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ

    သွေးဆုံးချိန်၌ ဖြစ်တတ်သော စိတ် အပြောင်းအလဲများ ကတော့ စိတ်ဓာတ်ကျခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း၊ စိတ်နေစိတ်ထား အပြောင်းအလဲများခြင်း၊ အာရုံမစိုက်နိုင်ခြင်းတို့ဟာ သွေးဆုံးခါနီး အမျိုးသမီးတွေ အတွက် အစောဆုံး တိုက်ပွဲခေါ်သံတွေပါပဲ။ ဒီ အခြေအနေမျိုးကို သွေးဆုံးချိန် မတိုင်မီ ၄ နှစ်လောက်ကနေ စလို့ သွေးဆုံးပြီးနောက် နှစ်အနည်းငယ်အထိ ကြုံနေရနိုင်ပါတယ်။

     စိတ်ဓာတ်ကျခြင်း

     စိတ်ဓာတ်ကျခြင်းက သက်လတ်အမျိုးသမီးတိုင်းလိုလို ကြုံရပေမဲ့ မဟော်မုန်းဓာတ်လျော့သွားတဲ့ သွေးဆုံးခါနီး အမျိုး သမီးတွေမှာ ပိုပြီး ဆိုးပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးသမီးအများစုဟာ သွေးဆုံးမှာကို အရမ်းစိုးရိမ်ပူပန်နေကြလို့ပါပဲတဲ့။ နေထိုင်လို့ကောင်းပါ့မလား ၊ ရောဂါတွေ ဝင်လာမလား ၊ အိမ်ထောင်ရေးသုခတွေ လျော့သွားမလား စတဲ့ပူပန်မှုတွေဟာ မဟော်မုန်းဓာတ် လျော့သွားလို့ဖြစ်တဲ့ ညှိုးနွမ်းစိတ် အပေါ် ထပ်ဆင့်ပြီး စိတ်အခြေအနေကို ပိုဆိုးစေတာပါပဲ။ သည်အချိန်ကို အမျိုးသမီးဘဝရဲ့ အဆုံးသတ်အဖြစ် သတ်မှတ်လိုက်မိတဲ့အခါ  အဲဒီအတွေးကိုယ်တိုင်က စိတ်ဓာတ်ကျခြင်းကို သယ်ဆောင်လာတာပါပဲ။ ဒါကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်ကတော့ ဝါသနာပါရာကို လိုက်စားခြင်း၊ ယောဂကျင့်စဥ်၊ အာနာပါန ကျင့်စဥ်တွေ နဲ့ စိတ်ကို အနည်ထိုင် ငြိမ်သက်စေခြင်းပါပဲ။ ပျော်ရွှင်မှုဆိုတာ ရှာယူလို့ရမှန်းသိသွားတဲ့ အခါ အကြောင်းမဲ့ စိုးရိမ်စိတ် တွေ ဝင်မလာတော့ဘဲ စိတ်တွေ ငြိမ်သက်အေးဆေးသွားမှာပါ။ ဝါသနာတူတွေနဲ့ အတူတူ ပျော်မွေ့ရင်း စကားပြောဖော်တွေရလာတဲ့အခါ ကိုယ့်ကိုယ်ကို သွေးဆုံးခါနီးဆိုတာ မေ့သွားတဲ့အထိ ပျော်ဖို့ကောင်းလာပါလိမ့်မယ်။

    အကြောက်လွန် အစိုးရိမ်လွန် စိတ်ရောဂါဝေဒနာ (Panic disorder)

    သွေးဆုံးခါနီးအဆင့်မှာ သည်ရောဂါ ရှိနှင့်ပြီးသားဆိုရင် ပိုဆိုးလာနိုင်ပြီး မရှိသေးရင်လည်း ရှိလာနိုင်ခြေ များပါသတဲ့။ များသောအားဖြင့် လောကဓံ ဆိုးဆိုး၊ အတိတ်ဆိုးဆိုး ဖြစ်ရပ်တွေ ရှိထားဖူးတဲ့ အမျိုးသမီး နဲ့ အိမ်တွင်းအောင်းနေရတာများတဲ့ အိမ်ရှင်မတွေမှာ ပို အတွေ့ရများပါတယ်။ သည်လိုမျိုးကြုံရင်တော့ ပေါ့မနေဘဲ ကျွမ်းကျင်စိတ်ပညာရှင်နဲ့ စိတ်ကုထုံး ယူသင့်ပါတယ် ( စိတ်ရောဂါကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လို့လည်း ရပါတယ်။ )

     အစွဲအလမ်းကြီး ရောဂါဝေဒနာ (Obsessive compulsive disorder – OCD)

     ရောဂါအသစ် စတာ ( ဒါမှမဟုတ် ) ရှိရင်းစွဲ ရောဂါ ပိုဆိုးလာတာ( ဒါမှမဟုတ် ) ရောဂါလက္ခဏာပုံစံမှာ အပြောင်းအလဲဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။ သူကလည်း ဟော်မုန်းဓာတ်အတက်အကျနဲ့ ဆိုင်တတ်တာမို့ ဟော်မုန်းကုထုံးယူတာမျိုး လုပ်သင့်သလို စိတ်ကုထုံးယူတာမျိုးလည်း လုပ်သင့်ပါတယ်။ နှစ်ခု လုံးတွဲလုပ်ရင်တော့ တုံ့ပြန်မှု ပိုကောင်း ပိုသိသာပါတယ်။

     စိတ်အတက်အကျ ရောဂါဝေဒနာ (Bipolar disorder)

     ဒါကတော့ ရောဂါရှိရင်းစွဲ အမျိုးသမီးများတွေကို လေ့လာထားရာမှာ သွေးဆုံးခါနီးအချိန်ဆို ရောဂါလက္ခဏာ ပိုဆိုးလာတာကို ကြုံတွေ့ရပါတယ်။ ရာခိုင်နှုန်း တအားမများပေမဲ့ တွေ့ရတတ်တဲ့ အခြေအနေမို့ ဗဟုသုတ အနေနဲ့ ထည့်ပေးထားတာပါ။ သူလည်းပဲ စိတ်ကုထုံးယူသင့်တဲ့ အခြေအနေပါပဲ။ အခန့်မသင့်ရင် သောက်ဆေးနဲ့ပါ ထိန်းရတတ်ပါတယ်။

     စိတ်ကစဉ့်ကလျား ရောဂါ (Schizophrenia)

     သည်ရောဂါက များသောအားဖြင့် အပျိုပေါက်အရွယ်မှာ သူ့အလိုလို ဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ မီးယပ်ကိုင်တယ် ဆိုပြီး အယူအဆလွဲတတ်ကြပါသေးတယ်။ အသက် ၄၅-၅၀ နှစ်အတွင်း အမျိုးသမီးတွေကတော့ ဖြစ်ပွားနှုန်း ဒုတိယအမြင့်ဆုံးပါပဲတဲ့။ အမျိုးသားတွေ သည်ရောဂါ မဖြစ်သလောက် ရှားပါတယ်။ ဒါကို ကြည့်ရင် စိတ်ကစဉ့်ကလျားရောဂါကို ဖြစ်စေဖို့ (သို့) ရှိပြီးသားရောဂါကို ပိုဆိုးစေဖို့ရာ မဟော်မုန်းဓာတ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ သူသည်လည်း စိတ်ရောဂါ အဆင့်မို့ စိတ်ရောဂါကုဆရာဝန်နဲ့ စနစ်တကျ တိုင်ပင်ကုသရမှာပါပဲ။

    အိပ်စက်ချိန် အပြောင်းအလဲများ

    သွေးဆုံးတော့မယ့် အမျိုးသမီး တစ်ဝက်ကျော်လောက်ဟာ ညအိပ်မပျော်တာကို တွေ့ရပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်အလိုမကျတာ၊ စိတ်တိုတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ဓာတ်ကျလက္ခဏာ ပြနိုင်ခြေပိုများတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာပါ အကျဖက်ကို ဦးတည်လာပါလိမ့်မယ်။ သည်လို အိပ်မရဖြစ်ခြင်းက မဟော်မုန်းဓာတ်ပမာဏ ကျဆင်းခြင်းနဲ့လည်း ဆက်စပ်ပါတယ်။ အဓိက ကတော့ Luteinizing Hormone ပေါ့ ။ သည်အတွက်ကတော့ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ tips တွေရေးပေးထားတဲ့ ဆောင်းပါးရှိတာမို့ ရှာပြီး ပြန်ဖတ်ကြည့်စေချင်ပါတယ်။ ကြိုးစားကြည့်တာကတော့မမှားပါဘူး။  ကိုယ်ခန္ဓာအပြင်ကနေ ဟော်မုန်းဓာတ်ဖြည့်ပေးတဲ့ ကုထုံးကတော့ ပိုထိရောက်ပြီး တုံ့ပြန်မှုကောင်းတွေရထားတယ်လို့ သိရပါတယ်။ သည်အကြောင်းကိုလည်း ဆောင်းပါး သီးသန့်ရေးပေးပါ့မယ်။ အိပ်ဆေးလိုမယ်ဆိုရင်တော့ melatonin သောက်ဆေးအနည်းငယ် ကူပေးနိုင်ပါတယ်။

    လိင်စိတ်ကျဆင်းခြင်း

    သည် ဖြစ်ရပ်က အပျိုကြီးတွေအပေါ်မှာ သက်ရောက်မှု သိပ်မရှိပေမယ့် အိမ်ထောင်သည် အမျိုးသမီးတွေ အတွက်ကတော့ အိပ်မက်ဆိုး သဖွယ်ပါပဲ။ မဟော်မုန်းကျဆင်းလာတာနဲ့ အမျှ ဆန့်ကျင်ဘက် လိင်အပေါ် လိင်စိတ်တိမ်းညွှတ်မှု နည်းပါးလာပြီး အိပ်ရာကိစ္စတွေ စိတ်မပါဖြစ်လာတတ်ပါတယ်။ သည်လိုအချိန်မျိုးမှာ မိမိရဲ့ အိမ်ထောင်ဖက်က နားလည်မှုရှိတဲ့ သူဖြစ်ဖို့ အရေးကြီးပါတယ်။ လိင်စိတ်တိမ်းညွတ်မှုနည်းသွားတာဟာ မေတ္တာ မရှိတော့လို့ မချစ်တော့လို့ မဟုတ်ဘူးဆိုတာ အိမ်ထောင်ဖက်ကို နားလည်သဘောပေါက်အောင် ရှင်းပြဖို့ နဲ့ အချိန်ပေးဆွေးနွေးဖို့ လိုပါမယ်။ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်ကို တခြားနည်းတွေနဲ့လည်းပြလို့ရတာမို့ မစိုးရိမ်ကြဖို့ပြောချင်ပါတယ်။ ( သည်အကြောင်းလည်း ကြုံရင် ဆောင်းပါးရေးပေးပါဦးမယ်။)

    မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – နှင်းနုအေး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement