backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတွေ အသက်အရွယ် တစ်ခုရောက်တဲ့ အချိန်မှာ ရှောင်လွှဲလို့ မရဘဲ ရင်ဆိုင်ရမယ့် ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ ခံစားရတဲ့ ကျန်းမာရေး အခြေအနေကို သွေးဆုံးကိုင် တယ်ခေါ်တာပါ။

သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။

ဒီတစ်ခေါက်မှာ ပြောချင်တာကတော့ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် သောက်သုံးလို့ရတဲ့ သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား! ဆိုတာပါ။ အဖြေလေးကို သိရှိနိုင်စေဖို့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သွေးဆုံးချိန် နီးပြီလား

များသောအားဖြင့်တော့ သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ သွေးဆုံး လက္ခဏာက သွေးမဆုံးခင် ၄ နှစ် လောက် အလိုမှာ စပြတတ် ပါတယ်။ အချို့ အမျိုးသမီးတွေဆို သွေးမဆုံးခင် ၁၂ နှစ်လောက်အလိုကနေစပြီး သွေးဆုံးတော့မယ့် အရိပ်အယောင်တွေကို ခံစားကြရတာပါ။

သွေးဆုံး တာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် မျိုးပွားအင်္ဂါတွေမှာ ကင်ဆာဖြစ်လို့ ကုသမှု တစ်ရပ်ရပ်ကို ခံယူရမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။

သွေးဆုံးတော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရလဲ

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား! သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

  • ပုံမှန် မဟုတ်ဘဲ သွေးဆင်းတယ်၊ ရာသီမမှန်ဘူး
  • မိန်းမကိုယ် ခြောက်သွေ့မယ်
  • အသားတွေ ပူစပ်ပူလောင် ဖြစ်မယ်
  • ချမ်းတုန်မယ်
  • ညဘက်မှ ချွေးထွက်မယ်
  • အိပ်ပျော်ဖို့ခက်ခဲမယ်။ အိပ်စက်မှု ပြဿနာတွေရှိမယ်
  • စိတ်ခံစားမှုတွေ ပြောင်းလဲမယ်
  • ကိုယ်အလေးချိန် တက်လာမယ်
  • ဇီဝကမ္မ ဖြစ်စဉ် နှေးလာမယ်
  • ဆံပင် ပါးလာမယ်
  • အသားအရေ ခြောက်သွ့ လာမယ်
  • အဆစ်တွေ တောင့်တင်းနာကျင်မယ်
  • ကြွက်သားတွေ လျော့လာမယ်
  • ခေါင်းကိုက်မယ်
  • အာရုံစူးစိုက်ဖို့ ခက်လာမယ်
  • မေ့တတ်လာမယ်
  • မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်မယ်
  • ရင်သား လျော့ရဲလာမယ်။
  • သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ထဲက ဟော်မုန်း​တွေ လျော့နည်းသွားတာကြောင့်လည်း သွေးဆုံးချိန်မှာ ဇီဝက္မဖြစ်စဉ် လုပ်ဆောင်မှု နှေးကွေးသွားပြီး ကိုယ်တွင်းကို ရောဂါတွေ ဝင်ရောက်လာတာပါ။ ဒီလို ရောဂါ ဝင်ရောက်လာတာကိုပဲ သွေးဆုံးကိုင်တယ်လို့ ခေါ်ဝေါ်ကြတာပါ။

    သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

    သွေးဆုံးချိန်မှာ ခံစားရတဲ့ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့ သွေးဆုံးကိုက် ပျောက်ဆေး တကယ်ရှိလား! ဆိုတော့ သွေးဆုံးကိုင် ပျောက်ဆေးလို့တော့ မရှိပါဘူး။ သွေးဆုံးကိုင်တာကို သက်သာစေဖို့ အတွက်တော့ ဟော်မုန်းအစားထိုး ကုထုံး ခံယူတာက အကောင်းဆုံးပါ။

    ဟော်မုန်းအစားထိုး ကုထုံး [HRT] ကုထုံးက သွေးဆုံးချိန် ခန္ဓာကိုယ်ထဲမှာ လျော့နည်းသွားတဲ့ ဟော်မုန်းတွေကို ပြန်အစားထိုးကုသတဲ့ ကုထုံးပါ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ estrogen နဲ့ progesterone ဟော်မုန်းတွေ နည်းသွားပါတယ်။ ဒီလို ဟော်မုန်းတွေ နည်းသွားတာက ညဘက်မှာ ချွေးစေးတွေ ပြန်တာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာမျိုးတွေ ဖြစ်စေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်း နည်းသွားတာကြောင့် ဖြစ်လာတဲ့ အခြေအနေတွေကို သက်သာစေဖို့အတွက် ဟော်မုန်းကုထုံးကို ခံယူလို့ ရပါတယ်။ 

    ဟော်မုန်းအစားထိုး ကုထုံး [HRT]

    ဟော်မုန်းအစားထိုး ကုထုံး [HRT] က သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနာ နဲ့ သွေးဆုံးချိန် မတိုင်ခင်မှာ ခံစားရတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက် သုံးလေ့ရှိတဲ့ ကုထုံးပါ။ ကုထုံး မခံယူခင်မှာတော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။

    HRT ကုထုံးမှာ oestrogen ဟော်မုန်းကိုပဲ သီးသန့် အစားထိုး တာမျိုးရှိသလို ဟော်မုန်း ၂ မျိုးပေါင်းစပ် အစားထိုးတာမျိုးလည်း ရှိပါတယ်။

    Oestrogenကို များသောအားဖြင့်က

    • သန္ဓေတား ကပ်ခွာ
    • အရေပြားမှာ လိမ်းတဲ့ ဂျယ်လ် ဒါမှမဟုတ် စပရေး
    • လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း
    • ဆေးပြားတွေကနေ ရရှိနိုင်ပါတယ်။

    တကယ်လို့ သားအိမ် ရှိဦးမယ်ဆိုရင်တော့ သားအိမ်နံရံတွေကို oestrogen ကြောင့် ထူထဲလာတာမျိုး မဖြစ်အောင် ကာကွယ်ဖို့အတွက် progesterone ကို ရရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဟော်မုန်း ၂မျိုးပေါင်းသုံးသင့်ပါတယ်။ ဒီဟော်မုန်း ၂ မျိုး ပေါင်းစပ်ပါဝင်နေတဲ့ ကုထုံးကို ဟော်မုန်းအစားထိုး ကုထုံး [HRT] လို့ ခေါ်တာပါ။

    Progesterone ဟော်မုန်းကို

    • သန္ဓေတား ကပ်ခွာ – oestrogen ဟော်မုန်းပါ တစ်စိတ်တစ်ပိုင်း ပါဝင်နေတာမျိုးပါ
    • IUD [သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း]
    • တားဆေး သောက်ဆေးတွေပါ။

    ဟော်မုန်းအစားထိုး ကုထုံး [HRT] ရဲ့ ကောင်းကျိုးများ

    ဟော်မုန်းအစားထိုး ကုထုံး [HRT]ရဲ့ အဓိက ကောင်းကျိုးကတော့ သွေးဆုံးချိန် မတိုင်ခင် ကာလတွေနဲ့ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားတွေ ပူစပ်ပူလောင် ဖြစ်တာ၊ ဦးနှောက် ထိုင်းမှိုင်းသွားတာ၊ အဆစ်တွေ နာတာ၊ စိတ်ခံစားမှု ပြောင်းလဲတာ၊ မိန်းမကိုယ် ခြောက်သွေ့တာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။

    ဒီကုထုံး ခံယူပြီးချိန်မှာ ပူစပ်ပူလောင် ဖြစ်တာ၊ ညဘက်ချွေးစေးတွေ ပြန်တာတွေက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သက်သာသွားမှာပါ။ အခြား လက္ခဏာတွေ ဖြစ်တဲ့ စိတ်ခံစားမှု ပြောင်းတာနဲ့ မိန်းမကိုယ် ခြောက်သွေ့တာတွေကတော့ လအနည်းငယ် အကြာမှာ သက်သာသွားမှာပါ။

    ဟော်မုန်းအစားထိုး ကုထုံး [HRT] က ဟော်မုန်း​ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ အရိုးပွတာ နဲ့ နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    ဟော်မုန်းအစားထိုး ကုထုံး [HRT] က ဘေးထွက်ဆိုးကျိုး ရှိလား

    ဟော်မုန်းအစားထိုး ကုထုံး [HRT] မှာ ဟော်မုန်းဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုပဲ ကုထုံး မခံယူခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့

    • သားအိမ်ကင်ဆာ ဖြစ်တာ (အထူးသဖြင့် အီစထရိုဂျင် တစ်မျိုးတည်း သုံးတဲ့သူတွေမှာ တွေ့ရပါတယ်။)
    • သွေးခဲတာ
    • သည်းခြေကျောက်တည်တာ
    • ရင်သားကင်ဆာဖြစ်နိုင်ခြေ များတာတွေ ကြုံရတတ်ပါတယ်။

    ဒါကြောင့် HRTကို နှစ်ရှည်ပေးလေ့လည်း မရှိပါဘူး။ ဆေးပေးပြီးရင်လည်း ရက်ချိန်းမှန်မှန်ပြရပါတယ်။

    အကောင်းဆုံးကတော့ သွေးဆုံးကိုင်လက္ခဏာတွေကို လူနေမှုပုံစံပြောင်းလဲတာ၊ အစားအသောက် အနေအထိုင် ပြုပြင်တာနဲ့ ကုသတာပါ။ ဘာကြောင့်လဲဆိုတော့ အများစုက နှစ်အနည်းလောက်မှာ အလိုလိုသက်သာသွားတာ၊ ကျင့်သားရသွားတာတွေ ဖြစ်လို့ပါ။

    ဒါတွေနဲ့ မရတော့ဘူး။ လူနာကလည်း ကျန်းမာရေးအခြေအနေအရ လိုအပ်တယ်ဆိုမှသာ HRT ကုထုံးကို စဉ်းစားတာပါ။ HRTက သွေးဆုံးကိုင်လက္ခဏာတွေအတွက် ဦးစားပေး ကုထုံးတော့ မဟုတ်သေးပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement