backup og meta

မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ

    ရှေ့က ရေးခဲ့တဲ့ estrogen မ ဟော်မုန်းအကြောင်း ကို ဖတ်ထားခဲ့ရင်တော့ သည်ဆောင်းပါးကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်ပါလိမ့်မယ်။ သွေးဆုံးတယ်ဆိုတာ တကယ်တော့ သားဥအိမ်က သားဥမကြွေတော့တာကိုပြောတာပါပဲ။ သွေးဆုံးတာက ရာသီမလာရုံသက်သက်ပဲ မဟုတ်ပါဘူး။ ပျိုဖော်ဝင်စတုန်းကလို ဟော်မုန်းအပြောင်းအလဲတွေ ထပ်ဖြစ်လာနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ ဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

    ဘယ်အရွယ်မှာ သွေးဆုံးမှာလဲ။

    တချို့က ရာသီသွေးမဆင်းတော့ရင် သွေးဆုံးပြီဆိုပြီးလည်းပြောကြတယ်။ တစ်နည်းအားဖြင့် မှန်ပါတယ်။ ပေါ်ပေါ်ထင်ထင်ကြည့်ပြီး သိလို့ရတာက သည်အချက်ပဲ ရှိတာကိုး။ ဘယ်အသက်အရွယ်မှာ သွေးဆုံးတယ်ဆိုတာကတော့ မျိုးရိုးနဲ့လည်းဆိုင်ပါတယ်။

    အများစုကတော့ ၄၅-၅၀ ပတ်ချာလည်တွေမှာ သွေးဆုံးလေ့ရှိကြပါတယ်။  အချိန်ကိုတော့ အကြမ်းဖျင်းအနေနဲ့ တစ်နှစ်စောင့်ကြည့်ရပါတယ်။ တစ်နှစ်တိတိ ဘာပြင်ပ ပယောဂမှ မပါဘဲကို သားဥ မကြွေတော့လို့ ဓမ္မတာသွေးမဆင်းတော့တဲ့ အချိန်ဆိုရင်တော့ သွေးဆုံးပြီလို့ ပြောလို့ ရပါတယ်။

    ဘာလို့လဲဆိုတော့ သွေးဆုံးပြီးတာတောင်မှ သွေးပြန်ဆင်းတာမျိုးကြုံတတ်လို့ပါ။ ဒါက ရောဂါပိုင်းဖြစ်သွားပြီမို့ နောက်မှ သက်သက်ရှင်းပြပါ့မယ်။ အဓိကသိစေချင်တာက တကယ်တမ်း သွေးဆုံး၊ မဆုံးဆိုတာက သားဥကြွေမကြွေနဲ့ပဲ ဆုံးဖြတ်ပါတယ် ဆိုတာရယ်၊ သွေးဆုံးတယ်ဆိုတာ ရောဂါ မဟုတ်ဘဲ သဘာဝသာဖြစ်တယ်ဆိုတာရယ်ပါ။

    သည်သဘာဝက အဓိက အားဖြင့် estrogen နဲ့ သူနဲ့မိတ်ဖက် progesterone မ ဟော်မုန်းတို့ ကျဆင်းမှုနဲ့ တိုက်ရိုက်ပတ်သက်နေတယ်။ ရှေ့ဆောင်းပါးမှာ  ပြောခဲ့ပြီးတဲ့ အတိုင်း သားဥကြွေရာမှဖြစ်တဲ့ သားဥတွင်းကနေ estrogen ကို အဓိကထုတ်တယ်။ ခု သားဥမကြွေလို့ သားဥတွင်း မရှိတော့တဲ့ အချိန်မှာ မူလ ရှိရင်းစွဲ estrogen ပမာဏကနေ ထိုးဆင်းသွားမှာပဲ။ အဓိက အရင်းအမြစ် ပျောက်သွားတာကိုး။ အဲ့လိုအချိန်မှာ ကိုယ်ထဲ estrogen များများစားစား ရှိစဥ်က ပုံမှန်အဆင်ပြေနေခဲ့တဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေ ဟာ အပြောင်းအလဲကြီး ပြောင်းလဲ ကုန်ကြတယ်။

    သည်ပြောင်းလဲမှု ကို အသားမကျသေးတဲ့အခါ သွေးဆုံးကိုင်တယ်ဆိုပြီးပြောကြတာပါပဲ။ သည်ဟာကလည်း ရောဂါ ကြီးကြီးမားမားရယ် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးနဲ့ တစ်ဦးတော့ မတူနိုင်ဘူးပေါ့လေ။ ကျန် အရင်းအမြစ်တွေဖြစ်တဲ့ adrenal gland၊ အဆီဆဲလ်တွေ၊ အသည်း၊ ရင်သားအဆီနဲ့ ဦးနှောက် တို့က ဘယ်လောက်ထိထုတ်ပေးနေနိုင်သေးလဲ ဆိုတာပေါ်လည်း မူတည်သေးတာကို။ ဘာအပြောင်းအလဲတွေဖြစ်မလဲ ကြည့်ကြရအောင်။

    မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ

    မီးယပ်သွေးဆုံးမှာ ဘာရောဂါတွေ ယှဉ်လာနိုင်လဲ ဆိုတော့

    (၁) မ မျိုးပွါးအင်္ဂါအဖွဲ့အစည်း အားလျော့လာမယ်။

    မွေးလမ်းကြောင်းနဲ့ သားအိမ်အတွင်းလွှာတွေ အကာအကွယ် အားနည်းတာကြောင့် မွေးလမ်းကြောင်း ပိုးဝင်လွယ်မယ်။ ရင်သား၊ တင်သား နဲ့ သားအိမ်ထိန်းကြွက်သားတွေ လျော့ရဲလာမယ်။ သည်အချက်ရဲ့ အကျိုးဆက်အနေနဲ့

    ၁။ ဆီးသွားတဲ့အခါ ပြဿနာရှိလာတတ်တယ်။ အလေးအပင်မတဲ့အခါ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ဆီးမထိန်းနိုင်တာ၊ ဆီးထွက်ကျတာ၊ ဆီးတစ်စက်တစ်စက် ယိုတာ၊ ဆီးသွားလို့ အားမရတာ စတာတွေဖြစ်လာမယ်။

    ၂။ သားအိမ်ကျွံကျတတ်တယ်။ သားအိမ်ထိန်း ကြွက်သားတွေ တင်းတင်းရင်းရင်း မရှိတော့တဲ့အတွက် သားအိမ်ဟာ မူလနေရာကနေ အောက်ကိုလျှောလာတတ်ပြီး ဆီးအိမ်ကိုသွားဖိတဲ့ အခါ အပေါ်က ဆီးပြဿနာ သံသရာလည်မယ်။ ခါးနာပြီး နေမထိထိုင်မသာ ဖြစ်တတ်တယ်။

    ၃။ အိမ်ထောင်ရေးသုခ မပြည့်ဝတော့ဘူး။ သဘာဝချောဆီထွက်စေတဲ့ estrogen နည်းသွားပြီမို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်မှုပိုလာနိုင်တယ်။ ဒါက လိင်စိတ်တိမ်းညွှတ်မှု ကျဆင်းသွားတာကြောင့်လည်း  ပါပါတယ်။

    သည် ပြဿနာရဲ့ အဖြေကတော့ kegel exercise ( ကီးဂဲလ် လေ့ကျင့်ခန်း) ပါပဲ။ သူက တင်ပဆုံနဲ့သားအိမ်ထိန်းကြွက်သားတွေကို အားကောင်းလာအောင်ပြန်လေ့ကျင့်ပေးတဲ့ နည်းပါပဲ။ သူ့နာမည်အတိုင်း google မှာရှာရင်ကို လေ့ကျင့်ခန်း အမျိုးအစားတွေ အတော်များများ ထွက်လာမှာပါ။ အမျိုးသမီးတွေအတွက် အလွယ်ဆုံး kegel exercise တစ်မျိုး ပေးရရင် “ဆီးထွက်မကျအောင် ညှစ်ပြီးထိန်းထားသလိုမျိုး ကြွက်သားတွေကို ညှစ်ညှစ်ပေးတာပါပဲ”။ ထိုင်နေရင်လည်း လုပ်လို့ရတာမို့ သတိရတိုင်း ဆက်တိုက်ဆိုသလို လုပ်ပေးနိုင်ရင် အကျိုးရှိပါတယ်။

    (၂) ကိုယ်အလေးချိန်တက်လာမယ်

    Estrogen ဟာ ခန္ဓာကိုယ်ကောက်ကြောင်းလှစေတယ်ဆိုတော့ သူ နည်းသွားတာနဲ့ ကောက်ကြောင်းပျောက်တာပါပဲ။ အဆီကို နေရာတကျဖြစ်အောင် ဖြန့်ပေးမယ့်သူ မရှိတော့ဘူးကိုး။ ဇီဝကမ္မဖြစ်စဥ်တွေလည်း နှေးသွားတော့ အဆီတွေက စုချင်သလိုစုပုံပြီး ခါးတုတ် ဗိုက်ပူ ဖြစ်လာတော့တာပဲ။

    နောက်ပြီး ဝလာတာရဲ့အကျိုးဆက် ဖြစ်လာနိုင်တဲ့ရောဂါကတော့ Sleep apnea (အိပ်ပျော်ချိန် အသက်ရှူမမှန်ခြင်း) ပဲ။ ကိုယ်အလေးချိန်တက်လာတာနဲ့ အမျှ လည်ပင်းတစ်ဝိုက် အဆီပိုအိတ်တွေ စုလာတာကြောင့်ရယ် ကြွက်သားနဲ့ အရေပြား တင်းအားတွေ လျော့ပြီး လေပြွန်ကို သွားဖိသလိုဖြစ်တာ ကြောင့်ရယ် Sleep apnea ဖြစ်ဖို့ ပိုအခြေအနေပေးသလိုဖြစ်သွားတာပါ။

    သည်မှာ အရေးကြီးတာကတော့ ကိုယ်အလေးချိန်ထိန်းထားဖို့ပါပဲ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီအောင် အစားအသောက်ပုံစံပြင်ဖို့က အဓိက ကျပါတယ်။ သည်နည်းနဲ့သာ ခန္ဓာကိုယ် ပုံမပျက်အောင် ထိန်းထားနိုင်ပါလိမ့်မယ်။

    (၃) အရိုးပါး အရိုးပွလာနိုင်ခြေ များမယ်

    Estrogen က အရိုးသိပ်သည်းဆကို များစေတယ်။ အရိုးတည်ဆောက်တဲ့နေရာမှာ estrogen က ဆဲလ် အပျက်ကိုနှေးစေပြီး အဖြစ်ကိုမြန်စေတယ်လို့ ဆိုခဲ့တော့ ခု သူနည်းသွားတဲ့ အချိန် အားလုံးပြောင်းပြန်ဖြစ်ပြီပေါ့နော်။ ဒါပေမယ့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတိုင်း အရိုးပါးအရိုးပွ ရောဂါကြီး ဖြစ်ကို ဖြစ်လာတော့မယ်ရယ် မဟုတ်ပါဘူးနော်။

    ကြိုတင်ပြင်ဆင်ထားဖို့သာ သတိပေးချင်တာပါ။ ကိုယ်က သွေးမဆုံးခင်ကတည်းက နွားနို့ပုံမှန်သောက်ပေးတာ၊ အရိုးပြုတ်ရည် သောက်ပေးတာ၊ calcium အားဆေးသောက်တာ စတဲ့ ဖြည့်တင်းမှုတွေ ကြိုလုပ်ထားရင် တအားကြောက်စရာမလိုပါဘူး။ မပြင်ဆင်ထားဘူးဆိုရင်တော့ ရောဂါအဆင့်ကိုပြောင်းသွားနိုင်တာမို့ စိုးရိမ်ရဖွယ်ရှိပါတယ်။

    အရိုးပွရောဂါ ရှိလာပြီဆိုရင်  ထိခိုက်ဒဏ်ရာရလိုက်တာနဲ့ အရိုးကျိုးနိုင်ခြေ များပါတယ်။ များသောအားဖြင့် ခါးရိုး၊ တင်ပါးဆုံရိုးနဲ့ ပေါင်ရိုးတွေ၊ လက်ကောက်ဝတ်ရိုးတွေ ကျိုးလွယ်တဲ့အတွက် သတိထားသင့်ပါတယ်။

    အရိုးကျိုးရာကနေ အိပ်ရာထဲလဲတဲ့အထိ မသန်မစွမ်းဖြစ် သွားနိုင်တာမို့ မပေါ့ကြဖို့မှာပါရစေ။

    (၄) အရေပြား ပြဿနာတွေ ကြုံရမယ်

    Estrogen ဓာတ် လျော့နည်းလာတာနဲ့ အမျှ အရေပြားမှာ တင်းအားလျော့ပြီး ပျော့တွဲလာမယ်။ ထိခိုက်ဒဏ်ရာ ရလွယ် ပိုးဝင်လွယ်မယ်။ အရွယ်ကျလွယ်ပြီး အိုရုပ်ပေါက်လာမယ်။ လိုအပ်တဲ့ ရေဓာတ်နဲ့ အဆီဓာတ် ခမ်းခြောက်လာမှာမို့ အသားခြောက်ပြီး နီစပ်ဖျဉ်း ဖြစ်လာတတ်တယ်။ ဆံပင်တွေ အကျွတ်များပြီး ထိပ်ပြောင်လာနိုင်သေးတယ်။

    သည်အချိန်မျိုးမှာ အပူအစပ်တွေ ၊ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုလာနဲ့ တခြား ဂတ်စ်ပါတဲ့ အချိုရည်တွေ ၊ အရက်သေစာ နဲ့ ဆေးလိပ်သောက်တာတွေကို ရှောင်ပေးသင့်ပါတယ်။ ဖြေရှင်းနည်း အနေနဲ့ကတော့ ရေများများသောက်ပေးတာ၊ ပုံမှန် အသားရေထိန်းသိမ်းဖို့ အလှဆီ လိမ်းတာ ကနေ Collagen ဖြည့်စွက်စာ သောက်တာ၊ Vitamin C သောက်တာ၊ ဟော်မုန်းကုထုံးယူတာ၊ အလှအပရေးရာဆေးကုသမှုခံယူ တာမျိုး အထိ လုပ်လို့ရပါတယ်။

    (၅) မှတ်ဉာဏ်စွမ်းအားလျော့နည်းလာမယ်။

    ဒါကတော့ သွေးဆုံးတဲ့ အမျိုးသမီးမှ မဟုတ်ပါဘူး။ အသက်ရလာသူအတော်များများ ကြုံရတဲ့ ပြဿနာရယ်မို့ အထူးအထွေရှင်းမပြတော့ပါဘူး။ အာနာပါန၊ ယောဂကျင့်စဥ်နဲ့ စိတ်အာရုံစူးစိုက်မှုကိုကောင်းစေတဲ့ ကစားနည်း လေ့ကျင့်ခန်းတွေနဲ့ မှတ်ဉာဏ်တိုးအောင် ပြန်လည်တည်ဆောက်ယူလို့ရပါတယ်။

    (၆) နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမယ်။

    Estrogen ကျဆင်းလာတဲ့အခါမှာ သွေးကြောပျော့ပြောင်းမှုအားနည်းလာပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ချေလည်း မြင့်တက်လာတာပါပဲ ။ မကောင်းတဲ့ သွေးတွင်းအဆီဓာတ် LDL ပမာဏကလည်း မြင့်လာဦးမှာမို့ နှလုံးသွေးကြောပိတ် သွေးကြောကျဉ်း ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့ ကယ်လိုရီ များတဲ့ အစားအစာတွေ၊ အငံဓာတ်၊ အချိုဓာတ် ကဲလွန်းတဲ့ အစားအစာတွေ ကိုရှောင်ရပါမယ်။

    ပြောခဲ့ပြီးတဲ့အတိုင်း သည် လက္ခဏာတွေက ရောဂါ ကြီးကြီးမားမား မဟုတ်ပေမဲ့ မိမိရဲ့ နေ့စဥ်ဘဝကို ထိခိုက်လောက်အောင် ဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

    မ ဟော်မုန်းကို အခြေခံပြီးဖြစ်တတ်တဲ့ တကယ့်ရောဂါတွေ အကြောင်းကိုတော့ နောက်ဆောင်းပါးမှာ ဖော်ပြပေးပါဦးမယ်။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – နှင်းနုအေး

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 17/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement