backup og meta

ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ
    ဆီးသွားလိုက်တဲ့အခါ ဆီးအရောင်က ပုံမှန်နဲ့ မတူဘဲ နောက်ကျိနေတာသတိထားမိတယ်ဆိုရင် အကြောင်းရင်းတစ်ခုခုရှိနိုင်ပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ ဆရာဝန်ပြပြီးဆီးစစ်ကြည့်မှ အတိအကျသိနိုင်မှာပါ။ ဒါပေမယ့် ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတာ ကိုယ်တိုင်လည်း ဗဟုသုတအဖြစ် လက္ခဏာလေးတွေနဲ့တွဲပြီး သိထားတာကောင်းပါတယ်။

    ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ

    ဆီးအရောင် နောက်ကျိနေတာ ဘာကြောင့်ဖြစ်နိုင်မလဲ ဆိုတော့

    (၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း

    ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးပြွန်တို့ကို ဘက်တီးရီးယားဝင်ရောက်တဲ့အခါ ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ ဆီးသွားတဲ့အခါ အရောင်နောက်ကျိနေတဲ့အပြင် ဒီလက္ခဏာတွေပါ ခံစားရနိုင်ပါတယ် –

    • ဆီးသွားရင် ပူတယ်၊ နာကျင်တယ်
    • ပုံမှန်ထက် ဆီးခဏခဏသွားတယ်
    • ဆီးတစ်စက်တစ်စက် ထွက်နေတယ်
    • ဆီးက အနံ့ဆိုးတယ် ဒါမှမဟုတ် သွေးပါတယ်

    ရောဂါပိုးကိုနှိမ်နင်းဖို့ ဆရာဝန်က လိုအပ်တဲ့ပဋိဇီဝဆေးတွေပေးပါလိမ့်မယ်။ ညွှန်ကြားတဲ့အတိုင်းဆေးမှန်မှန်သောက်ပါ။ တကယ်လို့ –

    • အဖျားတက်လာရင်
    • ချမ်းတုန်လာရင်
    • ဗိုက်အောက်ပိုင်းအောင့်လာရင်
    • မအီမသာဖြစ် ပျို့အန်လာရင် ဆရာဝန်ပြပါ။

    (၂) ရေဓာတ်ခမ်းခြောက်ခြင်း

    ရေသောက်နည်းရင်လည်း ဆီးကိုပျစ်စေပြီး အရောင် နောက်ကျိနေနိုင်ပါတယ်။ အရောင်တောင်ပိုရင့်နိုင်ပါသေးတယ်။ ဒီလိုဖြစ်ရင်ရေပိုသောက်ပေးပါ။ တကယ်လို့ –

    • ခေါင်းမူးတယ်
    • စိတ်ရှုပ်ထွေးလာတယ်
    • နှလုံးခုန် မြန်လာတယ်
    • အသက်ရှူရခက်လာတယ် ဆိုရင် ဆရာဝန် အမြန်ပြပါ။

    (၃) ကျောက်ကပ်ကျောက်တည်ခြင်း

    ကျောက်ကပ်အတွင်း ကျောက်တည်တဲ့အခါ ကျောက်အရွယ်အစား ကြီးလာရင် ဆီးအိမ်ထဲ ရောက်ရှိ ကျန်ရစ်နိုင်ပြီး ဆီးလမ်းကြောင်းမှာလည်း ရှိနေနိုင်တယ်။ ဒီလိုဖြစ်ရင် ဆီးသွားတဲ့အခါ နာကျင်မယ်၊ ခါးအောက်ပိုင်းနဲ့ ဘေးခြမ်းမှာ အောင့်မယ်။ ဆီးအရောင် နောက်ကျိနေမယ်၊ သွေးပါလာနိုင်တယ်။ ဆီးက အနံ့ဆိုးမယ်၊ အနီရောင်၊ ပန်းရောင် သို့မဟုတ် အညိုရောင် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ –

  • ခါးအောက်ပိုင်း နဲ့ ဘေးခြမ်းမှာအောင့်တာ ပိုပြင်းထန်လာရင်
  • မအီမသာဖြစ်ပြီး ပျို့အန်ရင်
  • ခဏခဏ ဆီးသွားနေရင်
  • ဆီးသွားတိုင်း ပူနေရင် အမြန် ကုသမှု ခံယူသင့်ပါတယ်။
  • (၄) လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ (STI)

    STI ရောဂါတွေကြောင့် ဖြစ်လာတဲ့ လိင်တံနဲ့ မိန်းမကိုယ်တို့ကနေ ထွက်တဲ့ အရည်၊ အချွဲတွေကြောင့် ဆီးကို အရောင် နောက်ကျိ စေပါတယ်။ သူတို့ရဲ့ လက္ခဏာတွေက –

    • လိင်တံ သို့မဟုတ် မိန်းမကိုယ်ကနေ အစိမ်းရောင်၊ အဝါရောင် ၊သွေးပါတဲ့ အရည်အချွဲတွေ ဆင်းတာ
    • ဆီးသွားချိန် သို့မဟုတ် လိင်ဆက်ဆံချိန်မှာ ပူတာ၊ နာတာ
    • လိင်တံ သို့မဟုတ် မိန်းမကိုယ်တဝိုက် ယားယံတာ တို့ဖြစ်တတ်ပါတယ်။

    ဒီရောဂါလက္ခဏာတွေရှိရင် ဆရာဝန်ပြပြီး ကုသမှုခံယူပါ။

    (၅) ဆီးကျိတ်ပြဿနာ

    ဆီးကျိတ်ကို ရောင်ရမ်းစေတဲ့ ဘယ်ပြဿနာ မဆို ဆီးသွားခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ သွေး ဒါမှမဟုတ် စွန့်ပစ်ပစ္စည်းတွေက ဆီးကျန်တွေထဲမှာ စုနေပြီး ဆီးအရောင်ကို နောက်ကျိစေပါတယ်။ ဒါ့အပြင် –

    • ဆီးသွားတဲ့အခါ ပူတာ၊ နာကျင်တာ
    • ဆီးသွားကာစမှာ တစ်စက်တစ်စက်ပဲ ထွက်တာ
    • ဆီးကို ညှစ်ပေါက်ရတာာ
    • ဆီးလုံး သေးတာ
    • မကြာခဏ ဆီးသွားရတာ
    • ဆီးမှာ သွေးပါတာ
    • သုက်လွှတ်တဲ့အခါ နာကျင်တာ
    • အဖျားတက်တာတွေ ခံစားရနိုင်တယ်။

    ဆီးကလည်း အရောင် နောက်ကျိနေတယ်။ ဒီထဲက လက္ခဏာတွေနဲ့ တူနေတယ်ဆိုရင် ဆရာဝန်ပြပါ။ ရောဂါ စောစော သိရလေ ကုသပျောက်ကင်းမှု မြန်ဆန်လေ ဆိုတာ သတိရပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement