backup og meta

နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် လေပြွန်ရောင် ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဖြစ်နိုင်ခြေများတဲ့သူများ

    နာတာရှည် လေပြွန်ရောင် ရောဂါ (Chronic bronchitis) ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဒါကြောင့် ဖြစ်တဲ့ အကြောင်းရင်းတွေကလည်း ခပ်ဆင်ဆင်ပါပဲ။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို သိထားရင် ကြိုတင်ကာကွယ်နိုင်သလို ကိုယ်က ဖြစ်နိုင်ခြေများတဲ့သူလားဆိုတာကိုလည်း ဆန်းစစ်နိုင်ပါတယ်။

    နာတာရှည် လေပြွန်ရောင် ခြင်းရဲ့ သဘောသဘာဝ

    ဘာတွေက ဖြစ်စေတာလဲဆိုတာကို မပြောခင် ရောဂါရဲ့ သဘောသဘာဝကို အရင်ပြောပြပါ့မယ်။ ဒါမှ ဖြစ်စေတဲ့အကြောင်းရင်းတွေနဲ့ ချိတ်ဆက်လို့ ရမှာပါ။

    နာတာရှည် လေပြွန်ရောင်တဲ့ ရောဂါမှာ လေပြွန်နံရံတွေက အကြောင်းအမျိုးမျိုးကြောင့် ခဏခဏ ထိခိုက်လာတဲ့အတွက် ရောင်ရမ်းလာပါတယ်။ ဒါကလည်း တစ်ခါ နှစ်ခါ မဟုတ်ပါဘူး။ နာတာရှည်ဆိုတော့ ကြာလာတဲ့အခါ လေပြွန်တွေ ပျက်စီးလာပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ချွဲတွေ ထွက်လာတဲ့အတွက် အဆုတ်ထဲကို လေဝင်ဖို့ ခက်လာပါတယ်။

    ဒါကြောင့်ပဲ အသက်ရှူရခက်ပြီး မောလာပါတယ်။ နာတာရှည် လေပြွန်ပျက်စီးတာဖြစ်တဲ့အတွက် မောတာက တဖြည်းဖြည်း ပိုဆိုးလာပါတယ်။ ရောင်ရမ်းတာက လေပြွန်တင် မဟုတ်ပါဘူး။ လေပြွန်နံရံမှာရှိတဲ့ ciliaလို့ခေါ်တဲ့ လေပြွန်တစ်လျှောက်က ပိုးမွှားတွေနဲ့ အမှုန်တွေကို ဖယ်ရှားပေးနေတဲ့ အမွေးနုလေးတွေကိုပါ ပျက်စီးစေပါတယ်။ ဒီအမွေးနုလေးတွေ မရှိတော့တဲ့အတွက် ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ အလွယ်တကူပေါက်ပွားလာပါတော့တယ်။

    နာတာရှည် လေပြွန်ရောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းများ

    နာတာရှည် လေပြွန်ရောင်တာက ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တယ်လို့ ထင်ကြပေမယ့် လက်တွေ့မှာ ဒီလိုမဟုတ်ပါဘူး။ ဘတ်တီးရီးယားတွေ ဗိုင်းရပ်စ်တွေက နောက်ဆက်တွဲတွေ ဖြစ်မှ ဝင်လာတာပါ။ အဓိကက ဆေးလိပ်ကြောင့်ပါပဲ။

    ၉၀ရာခိုင်နှုန်းသော နာတာရှည် လေပြွန်ရောင်ရမ်းတဲ့သူတွေကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တာ ဒါမှမဟုတ် ဆေးလိပ်သောက်ဖူးတဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ သောက်တာမဟုတ်ဘဲ ခဏလောက် ရှူမိရင်တောင် လေပြွန်နံရံက အမွေးနုလေးတွေ အလုပ်လုပ်တာ ရပ်သွားပါတယ်။ ဆိုလိုတာက ဒီခဏမှာ ပိုးမွှားတွေ၊ အမှုန်အမွှားတွေကို မဖယ်ထုတ်နိုင်တော့ပါဘူး။

    ဒါကြောင့် အချိန်အကြာကြီး ဆေးလိပ်သောက်မယ်ဆိုရင် ပိုပြီး ပျက်စီးမှာပါ။ လေပြွန်တွေလည်း ပျက်စီးလာမှာပါ။ ဆေးလိပ်အပြင် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်၊ ဆေးတံတို့ကလည်း ရလဒ်အတူတူပဲ ဖြစ်ပါတယ်။

    တဆင့်ခံဆေးလိပ်ငွေ့ရှူမိတယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အချိန်ကြာကြာရှူမိလေလေ ပိုပြီး ပျက်စီးလေလေပါပဲ။

    • ဖုန်မှုန့်

    ဖုန်မှုန့်တွေ ရှူမိတာကလည်း လေပြွန်တွေကို ကလိကအောက် ဖြစ်စေတဲ့အတွက် ရောင်ရမ်းစေတတ်ပါတယ်။

    • အခိုးအငွေ့တွေ

    ဆံပင်ညှပ်ဆိုင်မှာ သုံးတဲ့ စပရေးတွေ၊ အိမ်သုတ်ဆေးက ထွက်တဲ့အနံ့တွေပါ။ တစ်ဆက်တည်းပြောရရင် လုပ်ငန်းခွင်မှာ မကြာခဏ ရှူရှိုက်နေရတဲ့ ဓာတ်ငွေ့တွေ၊ အမှုန်အမွှားတွေလည်း ပါပါတယ်။ ဥပမာ ဝရိန်ဆော်ရာက ထွက်လာတဲ့ အခိုးအငွေ့။

    စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ မီးခိုးတွေ၊ ကားက ထွက်တဲ့ မီးခိုးတွေ၊ စားသောက်ဆိုင်နဲ့ နောက်ဆုံး အကြော်ဆိုင်က ထွက်တဲ့ မီးခိုးငွေ့တွေအထိ အားလုံးပါပါတယ်။

    လေထုညစ်ညမ်းမှုမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုပဲ မဟုတ်ပါဘူး။ အိမ်တွင်းလေထုညစ်ညမ်းမှုလည်း ပါပါတယ်။ ဥပမာ အိမ်ထဲမှာ ထင်းတွေ၊ မီးသွေးတွေနဲ့ နေ့စဉ် ချက်ပြုတ်နေရတာမျိုးပေါ့။ အိမ်ရှင်မတွေ ဆေးလိပ်မသောက်ပေမယ့် အဆုတ်ထိခိုက်တာ ဒါတွေကြောင့်ပါပဲ။

    ဘယ်သူတွေက ပိုပြီး ဖြစ်နိုင်ခြေများသလဲ။

  • အသက်
  • အသက် ၄၀ပတ်ဝန်းကျင်လောက်မှာ ပိုပြီး အဖြစ်များတာ တွေ့ရပါတယ်။

    • ကျား/မ

    အမျိုးသားတွေက အမျိုးသမီးတွေက ၂ဆ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အဓိကက ဆေးလိပ်သောက်တဲ့ ဦးရေ ပိုများတာကြောင့်ပါ။

    • ဆေးလိပ်သောက်တာ

    ဆေးလိပ်သောက်တဲ့သူတွေ၊ သောက်ဖူးတဲ့သူတွေက သာမန်လူတွေထက်စာရင် ဖြစ်နိုင်ခြေ သိသိသာသာကို များပါတယ်။

    • အဆုတ်ကို ထိခိုက်စေတဲ့ အရာတွေကို အကြာကြီး ရှူရှိုက်နေရသူတွေ

    ဆေးလိပ်ငွေ့တွေ အပါအဝင် မီးခိုးငွေ့တွေ၊ ဖုန်တွေ၊ လေထုညစ်ညမ်းမှုတွေနဲ့ ကြာကြာထိတွေ့ရလေလေ ဖြစ်နိုင်ခြေများလေလေပါပဲ။

    • မျိုးဗီဇ

    မျိုးဗီဇအရ Alpha-1 antitrypsin ပရိုတိန်း ချို့တဲ့သူတွေ၊ မိသားစုမှာ နာတာရှည် လေပြွန်ကျဉ်းမျိုးရိုးရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ပါသောက်မယ်ဆိုရင် ဖြစ်နိုင်ခြေ ပိုများလာမှာပါ။

    နာတာရှည်လေပြွန်ရောင်စေတဲ့ အဓိက တရားခံက ဆေးလိပ်ဖြစ်တာကြောင့် ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ခြေ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · ခုလေးတင် တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement