backup og meta

လေပြွန်ရောင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေပြွန်ရောင်ခြင်း

    လေပြွန်နဲ့ ပတ်သတ်ပြီး ရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ လေပြွန်နံရံမှာ ရောဂါပိုးဝင်ခြင်းကြောင့် အများဆုံးဖြစ်ရပါတယ်။ လေပြွန်ရောင်တဲ့အခါ အဆုတ်ဆီ အောက်ဆီဂျင်ရောက်ရန် ခက်သွားတာကြောင့် အသက်ရှူမဝတာဖြစ်တတ်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို ကြာရှည်ထိတွေ့ရှူရှိုက်ခြင်းကလည်း လေပြွန်ရောင်စေတဲ့အချက်တွေ ဖြစ်ပါတယ်။

    လေပြွန်ရောင်ခြင်း ဆိုတာ ဘာလဲ

    လေပြွန်ရောင်ခြင်းက ရေတိုလည်း ဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

    ရုတ်တရက် လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်ကာ ပိုဆိုးပါက နှစ်နဲ့ချီ ကြာတတ်ပါတယ်။ အချိန်ကြာ ချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ ခံစားရတတ်ပြီး တခါတလေမှာ ချွဲသလိပ်အထွက်များတတ်ပါတယ်။ အသက်ရှူရလည်း ခက်နိုင်ပါတယ်။ COPD ခေါ် နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါအထိ  ဖြစ်သွားနိုင်ပါတယ်။

    အကြောင်းအရင်းများ

    ယေဘုယျအားဖြင့်တော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြားအချက်တွေကြောင့် လေပြွန်ရောင်နိုင်ပါတယ်။ အတိအကျဆိုရရင် ရုတ်တရက် လေပြွန်ရောင်ခြင်းက ဘက်တီးရီးယားပိုးဝင်ခြင်း (သို့) မတည့်တာ တစ်ခုခုနဲ့ ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မီးခိုး၊ အမှုန်များ၊ ဖုန်များနဲ့ စက်ပစ္စည်းတို့မှ စွန့်ထုတ်ပစ္စည်းတွေက အဆုတ်ကို ထိခိုက်စေနိုင်ပြီး ရုတ်တရက် လေပြွန်ရောင် စေနိုင်တယ်။

    ဒါတွေကို မကြာခဏထိတွေ့တဲ့အခါ အဆုတ်နဲ့ လေပြွန်များ အချိန်ကြာကြာ ထိခိုက်ပြီး နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်လာနိုင်ပါတယ်။ ရုတ်တရက် လေပြွန်ရောင်ခြင်းလိုပဲ ဖုန်များ၊ မီးခိုးငွေ့များနဲ့ ညစ်ညမ်းသောလေထုကို မကြာခဏရှူရှိုက်ရသူတွေမှာ နာတာရှည်လေပြွန်ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ မကြာခဏလေပြွန်ရောင်သူတွေမှာလည်း နာတာရှည်လေပြွန်ရောင်နိုင်ချေ များပါတယ်။

    လက္ခဏာများ

    အချိန်ကြာချောင်းဆိုးခြင်း၊ အဝါရောင် သို့ အစိမ်းရောင် ချွဲများထွက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက လည်ချောင်းနာခြင်း၊ ရင်ဘက်အောင့်ခြင်း၊ နာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်းတို့လိုမျိုး အအေးမိလက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။ တချို့လူတွေမှာ လေလမ်းကြောင်း ရောင်ရမ်းနေခြင်းကြောင့် အသက်ရှူလည်းကျပ်နိုင်ပါတယ်။ ကံကောင်းတာက ရုတ်တရက်လေပြွန်ရောင်ခြင်းက အချိန်မကြာတတ်တာကြောင့် ချောင်းဆိုးခြင်းအပါအဝင် တခြားသောလက္ခဏာတွေဟာ ရက်ပိုင်းအတွင်းပြန်ကောင်းသွားပါတယ်။

    နာတာရှည်လေပြွန်ရောင်သူတွေမှာ ချောင်းဆိုးခြင်း၊ ရင်ဘက်တင်းကျပ်ခြင်း၊ ချမ်းတုန်ခြင်းနဲ့ ဖျားခြင်းတို့ကဲ့သို့ လက္ခဏာများ ထပ်ကာထပ်ကာခံစားရပြီး တခြားသော အချိန်ကြာချွဲကျပ်ခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ နာတာရှည်လေပြွန်ရောင်ခြင်းလက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ လပေါင်းများစွာ သို့ နှစ်နဲ့ချီပြီးတောင် ကြာနိုင်ပါတယ်။

    ကုသမှု

    များသောအားဖြင့် ရုတ်တတရက်လေပြွန်ရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် နာတာရှည်လေပြွန်ရောင်တာ ဒါမှမဟုတ် ရုတ်တရက်လေပြွန်ရောင်တာ အချိန်ကြာနေပြီဆိုရင် ဒါမှမဟုတ် နေရထိုင်ရမသက်သာဘူးဆိုရင်တော့ ဆေးကုသမှုခံယူသင့်တယ်။

    ဆေးဝါးများ – ဆရာဝန်က ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ အခြားသောနောက်ဆက်တွဲအခြေအနေတွေအတွက် လိုအပ်တဲ့ ဆေးများပေးပါလိမ့်မယ်။

    အခြားကုသမှု – နာတာရှည်လေပြွန်ရောင်ပါက အဆုတ်ပြန်လည်သန်စွမ်းရေးဟုခေါ်သော ကုသနည်းကို ခံယူရနိုင်ပါတယ်။ ပိုသက်သောင့်သက်သာအသက်ရှူနည်းကို သင်ပေးကာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားနိုင်စွမ်းလည်း ပိုကောင်းစေမှာဖြစ်တယ်။

    ကာကွယ်နည်း

    လေပြွန်ရောင်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ တကိုယ်ရည်သန့်ရှင်းရေးကောင်းရန် ဖြစ်ပါတယ်။ အပြင်မှ ပြန်လာတိုင်း သို့ ဓာတုပစ္စည်းများနဲ့ ထိတွေ့ပြီးတိုင်း ပိုးမွှားကင်းစေရန် လက်ကို သေချာသန့်စင်သင့်ပါတယ်။ ဆေးလိပ်ကိုလည်း ဖြတ်သင့်ပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုနဲ့ ဗိုင်းရပ်စ်မဝင်စေရန် ဆေးလိပ်သောက်နေသော နေရာများလည်း ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement