backup og meta

အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

    ကိုရီးယားကားတွေကြည့်တိုင်း ရုပ်ရှင်ထဲက ဖြူဖြူဖွေးဖွေး ချစ်စရာမင်းသမီးလေးတွေရဲ့ အသားအရေမျိုး လိုချင်တယ်ဟုတ်။ ခုခေတ်ကြီးကလည်း အရမ်းကိုတိုးတက်လာတော့ အရင်က မဖြစ်နိုင်တာတွေ ခုခေတ်မှာ အကုန်ရနိုင်ပြီလေ။ ဒီထဲမှာ ကိုယ့်ရဲ့ ညိုညစ်နေတဲ့ အသားအရေကို ဖြူအောင် ဆေးသောက်မလား၊ ဆေးထိုးမလား၊ စိတ်တိုင်းမကျတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ပြုပြင်မလား။ အကုန်အကုန်လုပ်လို့ရနေပြီဆိုတော့ အဲဒီ သဘာဝကို ဆန့်ကျင်တဲ့ အလှအပ လုပ်ငန်းတွေနောက်က ဆိုးကျိုးတွေလည်း ကပ်လိုက်လာပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားနာမှာကြောက်လို့ အသားဖြူအောင် ဆေးပဲ သောက်တော့မယ်လို ဆုံးဖြတ်ထားတဲ့ သူလေးတွေအတွက် အသားဖြူဆေးတွေရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ပြောပြပေးတော့မှာပါ။

    ကဲ ….. အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

    အသားဖြူဆေးသောက်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အသားဖြူဆေးတွေက ကိုယ်ခန္ဓာအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတော့

    ( ၁ ) နေထိုင်မကောင်းဖြစ်စေပါတယ်။

    အသားဖြူဆေးတိုင်း ဖြစ်တယ်လို့တော့မဆိုလိုပါဘူး။ အရေပြားဆရာဝန် တော်တော်များများက မထောက်ခံထားတဲ့ ဒီအသားဖြူဆေးဈေးကွက်မှာ FDA ထောက်ခံချက်မရတဲ့ ဆေးတွေ တစ်ပုံကြီးရှိတာကြောင့် ဆိုးကျိုးများစေတဲ့ ဆေးကို ရွေးဝယ်သောက်မိတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

    အရည်အသွေး စိတ်မချရတဲ့ အသားဖြူဆေးတော်တော်များများက ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ ခေါင်းခဲနေတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ညညအိပ်မပျော်တာနဲ့ အရမ်းအိပ်ချင်နေတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို ဖြစ်စေတတ်ပါတယ်။ ကိုယ်သောက်နေတဲ့ အသားဖြူဆေးက ကိုယ့်ကို ဒီလို လက္ခဏာတွေ ခံစားစေရတယ်ဆိုရင် ချက်ချင်း ရပ်လိုက်ပါ။

    ( ၂ ) ကိုယ်တွင်းဟော်မုန်းတွေကို အပြောင်းအလဲဖြစ်စေပါတယ်။

    အရေပြားပေါ်မှာ နေရောင်ခြည်ထဲကပါတဲ့ ခရမ်းလွန်ရောင်ခြည် တွေကို ပြန်တုန့်ပြန်ဖို့အတွက် melanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းလေးတွေရှိပါတယ်။ အရှင်းဆုံးပြောရရင် melanin များများရှိလေ အသားရောင် ပိုရင့်လေလေပါ။ အသားဖြူဆေးတွေဆိုတာ ဒီ ကိုယ်ခန္ဓာက melanin ထုတ်လုပ်နေမှုကို တားဆီးလိုက်တာပါပဲ။ ဒါပုံမှန်ဖြစ်နေတဲ့အရာကို ဆန့်ကျင်သလိုဖြစ်တဲ့အပြင် အခြားကိုယ်တွင်းက ဟော်မုန်းတွေကိုပါ အပြောင်းအလဲဖြစ်စေပြီး အရေပြားရဲ့ လုပ်ငန်းစနစ်တွေလည်း ကပြောင်းကပြန် ဖြစ်သွားစေနိုင်ပါတယ်။

    ( ၃ ) ဓာတ်မတည့်ခြင်း။

    ကိုယ်သောက်လိုက်တဲ့ ဘယ်ဆေးမဆို ကိုယ်နဲ့ ဓာတ်မတည့်တာမျိုး ရှိတတ်ပါတယ်။ အသားဖြူဆေးတွေလည်း ဒီအတိုင်းပါပဲ။ အခြားဆေးတွေလိုပဲ သောက်လိုက်တဲ့သူမှာ ဓာတ်မတည့်တာမျိုးတွေကို ဖြစ်စေပါတယ်။ ပုံမှန် ဖြစ်တတ်တာတွေကတော့ အင်ပြင်ထတာ၊ အသားအရေတွေ ယားတာ၊ လည်ချောင်းယားတာ၊ မျက်နာကြီးထူအမ်းအမ်းဖြစ်နေတာနဲ့ လျှာထုံနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့တွေဆို အသက်ရှူကျပ်လာတဲ့အထိတောင် ဖြစ်တတ်ပြီး ဆေးကုသမှု အမြန်ခံယူရတတ်ပါတယ်။

    ( ၄ ) အသည်းကို ထိခိုက်နိုင်ပါတယ်။

    အသားဖြူဆေး အပါအဝင် ကိုယ်သောက်လိုက်တဲ့ ဘယ်ဆေးမဆို အသည်းကပဲ ချေဖျက်ပေးပြီး သွေးထဲကို ပို့ဆောင်ပေးတာပါ။ တချို့ FDA ထောက်ခံချက်မရတဲ့ မယုံကြည်ရတဲ့ အသားဖြူဆေးတွေမှာကျ အသည်းက ခံနိုင်တာထက်ပိုတဲ့ ဆေးပမာဏ အများကြီးပါနေတတ်ပါတယ်။ ဒီဆေးတွေ သောက်လိုက်မိရင် အသည်းဆဲလ်တွေကို ထိခိုက်သွားစေပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ပိုဖြစ်စေပါတယ်။

    ( ၅ ) ကင်ဆာဖြစ်စေပါတယ်။

    FDA ထောက်ခံချက်မရတဲ့ အရည်အသွေးစိတ်မချရတဲ့ အသားဖြူဆေးတွေမှာ ကင်ဆာဖြစ်ဖို့ အားပေးတဲ့ ပါဝင်ပစ္စည်းတွေ ပါနေတတ်တာကြောင့် တွေ့ကရာဆေးတွေကို ဝယ်မသောက်စေချင်ပါဘူး။ ကိုယ်သောက်မယ့်ဆေးရဲ့ ပါဝင်ပစ္စည်းတွေကို ဆေးဘူးနောက်မှာသေချာ ဖတ်ကြည်သင့်ပါတယ်။

    ဒ့ါကြောင့် ဟိုဆေးလေးကကောင်းတယ်၊ ဒီဆေးလေးကကောင်းတယ်ဆိုပြီး အသားဖြူစေတဲ့ ဆေးတွေ လျှောက်မသောက်တာ အကောင်းဆုံးပါ။ သောက်ချင်လွန်းတယ်ဆိုရင်လည်း FDA ထောက်ခံထားတဲ့ ဆေးတွေ ကို အဓိကရွေးဝယ်သောက်ပါ။ ကိုယ်သောက်မယ့် ဆေးရဲ့ ဆေးဘူးမှာ ပါဝင်ပစ္စည်းတွေ အကြောင်း ထည့်မထားရင် အဲဒီဆေးကို ယောင်လို့တောင် လှည့်မကြည့်လိုက်ပါနဲ့။ ကိုယ့်အသားအရေအတွက် အဆိုးတွေကိုပဲ ဖြစ်စေပါလိမ့်မယ့်။

    အသားလည်းဖြူချင်တယ် ဆေးလည်းမသောက်ချင်ဘူးဆိုတဲ့ သူတွေကျတော့ သဘာဝ သစ်သီးတွေနဲ့ ပေါင်းတင်တာမျိုး၊ ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြောင်းပေးတာမျိုး၊ ကိုယ့်အသားအရေကို ဂရုစိုက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

    ရေးသားသူ- Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement