အရာဝတ္ထု တစ်ခုခုနဲ့ ထိခိုက်မိ ဆောင့်မိပြီးနောက်ပိုင်း အရေပြားပေါ်မှာ အညိုအမည်းစွဲလာတာမျိုး လူတိုင်း ဖြစ်ဖူးကြမှာပါ။ အဲ့ဒီလို ထိမိ ဆောင့်မိတဲ့အခါ အပြင်မှာသွေးမထွက်ပေမဲ့ အရေပြားအောက်မှာရှိတဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်သွားပြီး အရေပြားအောက်မှာပဲ သွေးစိမ့်ထွက်လာပါတယ်။ အဲ့လိုစိမ့်ထွက်လာတဲ့သွေးတွေဟာ အနီရောင်မှ အညိုရောင်သို့ တဖြည်းဖြည်းချင်း အရောင်ပြောင်းသွားပြီး ကျွန်မတို့ရဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်များအဖြစ် ပေါ်လာကြပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်ရှင်းပေးတဲ့စနစ်က စုပ်ယူ ရှင်းလင်းပေးလိုက်တဲ့အခါ တဖြည်းဖြည်းမှိန်သွားပြီး ပျောက်ကွယ်သွားတာပါ။
တစ်ခါတစ်ရံမှာ အညိုအမည်းကွက်တွေဟာ ထူးထူးခြားခြားထိခိုက်မိတာမျိုးလည်းမရှိ ဘာကြောင့်မှန်းလည်းမသိဘဲ ပေါ်လာတတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။ တချို့အခြေအနေတွေက စိုးရိမ်စရာမလိုပေမဲ့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်တွေ့ဆုံပြီး ကုသမှုခံယူဖို့ လိုအပ်တဲ့အခြေအနေတွေလည်း ရှိပါတယ်။
၁။ သင်ဟာ အားကစားလိုက်စားသူတစ်ယောက်ဖြစ်ခဲ့လျှင်
ဘောလုံးကန်ခြင်း၊ လက်ဝှေ့ထိုးခြင်း တို့ ပြုလုပ်လေ့ရှိသူဆိုရင်တော့ ထိခိုက်ဒဏ်ရာတွေ အညိုအမည်းစွဲတာတွေနဲ့ ရှောင်လွှဲလို့မရပါဘူး။ အသေးအဖွဲ ထိခိုက်မှုတွေအတွက် စိတ်ပူစရာမရှိပေမဲ့ လဲကျခြင်း၊ ပြင်းပြင်းထန်ထန် ဆောင့်မိခြင်း၊ ဝိုက်လက်သီးနဲ့ထိုးမိခြင်းတို့ကြောင့် ဒဏ်ရာရပြီး အညိုအမည်းစွဲခဲ့မယ်ဆိုရင်တော့ ရိုးရှင်းတဲ့ RICE နည်းလမ်းလေးကို စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။ (R = Rest ဒဏ်ရာရသည့် အစိတ်အပိုင်းကို အနားပေးပါ။ , I = Ice ရေခဲကပ်ပါ။, C= compression ဆေးပတ်တီးစည်းပါ အတင်းအကျပ်ကြီး မစည်းရပါ, E= elevation- ဒဏ်ရာရသည့် အစိတ်အပိုင်းကို နှလုံးထက်မြင့်အောင် မြှောက်ထားပါ)။ နာကျင် ရောင်ရမ်းမှုတွေ မြန်မြန်ဆန်ဆန် သက်သာလာတာကို တွေ့ရပါလိမ့်မယ်။
၂။ သက်ကြီးရွယ်အိုများ
သက်ကြီးရွယ်အိုတွေဟာ လူငယ်လူရွယ်တွေထက် ပိုပြီး အလွယ်တကူ အညိုအမည်းစွဲတတ်ပါတယ်။ အကြောင်းကတော့ သွေးကြောတွေမှာရှိတဲ့ collagen၊ ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ elastin နဲ့ cushion လိုမျိုး တွန်းကန်ပေးနိုင်တဲ့ အဆီလေးတွေ နည်းပါးလာတဲ့အတွက် သူတို့ရဲ့သွေးကြောလေးတွေဟာ ငယ်ရွယ်သူများနဲ့မတူဘဲ ပေါက်လွယ်၊ ထိခိုက်လွယ်လို့ပါ။ သာမန်ထိခိုက်မိတာမျိုးဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ RICE နည်းလမ်းလေးကိုပဲ အသုံးချနိုင်ပါတယ်။
၃။ သွေးကျဲဆေးနှင့် အကိုက်အခဲပျောက်ဆေးများ
Warfarin လို့ခေါ်တဲ့ သွေးကျဲဆေး၊ Aspirin နဲ့ Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ပုံမှန် ရေရှည် သောက်သုံးနေတဲ့သူတွေမှာလည်း အရေပြား အညိုအမည်းကွက်တွေ အလွယ်တကူ ဖြစ်ပေါ်တတ်ပါတယ်။ အဆိုပါဆေးများဟာ ကျွန်မတို့သွေးထဲမှာ ရှိတဲ့ သွေးဥမွှာလေးတွေရဲ့ ပုံမှန်အလုပ်တစ်ခုဖြစ်တဲ့ သွေးတိတ်စေတဲ့ လုပ်ငန်းကို ပိတ်ပင်ထားလို့ပါပဲ။
၄။ စတီးရွိုက်ဆေးများ
ပန်းနာရင်ကျပ်ရောဂါ၊ လေးဘက်နာရောဂါ နဲ့ အရေပြားရောဂါအချို့ကို ရောဂါကုသရာမှာ စတီးရွိုက်ဆေးများပါဝင်တတ်ပါတယ်။ သွေးခြေဥတွေ အလွယ်တကူ ဖြစ်နိုင်ခြင်းကလည်း စတီးရွိုက်ဆေးတွေရဲ့ ဖြစ်လေ့ရှိတဲ့ ဘေးထွက်အာနိသင်တစ်ခုပါပဲ။ ရေရှည်လည်းသုံးရတယ် ဆေးပမာဏလည်းများတယ်ဆိုရင် အရေပြားလည်း ပါးလာနိုင်ပါတယ်။
၅။ သွေးဥမွှားနည်းခြင်း
အကယ်၍ အပေါ်ကအကြောင်းရင်းတွေထဲကတစ်ခုမှ မပါဘဲ၊ ဘာထိခိုက်မှုမှမရှိဘဲကို အရေပြားမှာ အညိုအမည်းကွက်တွေ ပေါ်ပေါ်လာတတ်တယ်ဆိုရင်တော့ ဒီအချက်ကို စဉ်းစားသင့်ပါပြီ။ သွေးဥမွှားလေးတွေဟာ ကျွန်မတို့ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် သွေးထွက်ပြီဆိုရင် သွေးခဲလေးတွေလုပ်ပေးပြီး သွေးအမြန်တိတ်အောင် ပြုလုပ်ပေးပါတယ်။ သွေးဥမွှားနည်းခြင်းဟာ မွေးရာပါရောဂါကြောင့် ဖြစ်နိုင်သလို အချို့သော အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်စဥ် သွေးဥမွှားနည်းခြင်းမျိုးလည်း ရှားရှားပါးပါးကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာတော့ သွေးရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့လိုပါပြီ။
၆။ သွေးရောဂါတစ်ခုခုဖြစ်နေလျှင်
အရေပြားပေါ်မှာ အညိုအမည်းစွဲရုံတစ်ခုတည်းက ကြီးကြီးမားမားစိုးရိမ်စရာမရှိပေမဲ့ အခြားလက္ခဏာတွေပါတွဲပြီးပြနေရင်တော့ မပေါ့ဆသင့်ပါဘူး (ဥပမာ- နှာခေါင်းသွေးလျှံခြင်း၊ ရာသီသွေးဆင်းများခြင်း၊ ခွဲစိတ်ပြီးနောက် သွေးမတိတ်ခြင်း/သွေးထွက်လွန်ခြင်း)။ သွေးရောဂါအမျိုးအစားများစွာရှိတဲ့အတွက် ကျွမ်းကျင်တဲ့ သွေးရောဂါအထူးကုဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူရပါမယ်။
၇။ အသည်းမကောင်းခြင်း
အကယ်၍ သင့်ရဲ့အသည်းမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် ပျက်စီးနေရင် သွေးဥမွှားလေးတွေဟာ သွေးထဲမှာ ရှိသင့်သလောက်မရှိဘဲ နည်းနေနိုင်ပါတယ်။ ဥပမာ- အသည်းရောင်အသားဝါ စီ ရောဂါနဲ့ အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးသော အခြေအနေတွေပါ။
၈။ သွေးကင်ဆာ
အရေပြားမှာ အညိုအမည်းကွက်များ အလွယ်တကူ ပေါ်လာခြင်းဟာ leukemia သွေးဖြူဥကင်ဆာနဲ့ lymphoma လို့ခေါ်တဲ့ သွေးကင်ဆာတွေရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ အဆိုပါကင်ဆာတွေဖြစ်နေပြီဆိုရင်တော့ အခြားလက္ခဏာမျိုးစုံပါပြလာပါလိမ့်မယ်။ ဥပမာ- မောပန်းနွမ်းနယ်ခြင်း၊ ပြန်ရည် အကျိတ်များရောင်ခြင်း နဲ့ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ သွေးရောဂါဆရာဝန်ဆီ သွားရောက် ပြသဖို့ မနှောင့်နှေးသင့်ပါဘူး။
ရေးသားသူ – Dr. Saint
[embed-health-tool-bmi]