backup og meta

အရေပြားယားယံတာ မှိုစွဲနေလို့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားယားယံတာ မှိုစွဲနေလို့လား

    အရေပြားယားယံတယ်ဆိုတာ အင်မတန်မှ ကသိကအောက်ဖြစ်စရာ လက္ခဏာပါ။ ကုတ်လေ ကုတ်လေ ယားမပြေဖြစ်သလို လူကြားထဲရောက်ရင်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အရေပြားယားယံတာ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။

    ဥပမာ သာမန်ခြင်ကိုက်ရင်လည်း ယားတတ်ပါတယ်။ အရေပြားပိုးဝင်တာ၊ မှိုစွဲတာတွေ ဖြစ်ရင်လည်း ယားယံတတ်တာပဲ။ နောက်ဆုံး ကျောက်ကပ်ရောဂါ၊ အသည်းရောဂါလို ရောဂါကြီးတွေမှာတောင် ယားတတ်ပါသေးတယ်။

    ဒီတော့ အရေပြားယားပြီဆို ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲပါတယ်။

    အရေပြားယားယံတာ မှိုစွဲနေလို့လား

    အရေပြားယားယံပြီဆိုရင် ဘာကြောင့်လဲဆိုတာ သိဖို့ ခက်ခဲတယ်ဆိုပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မိမိမှာ ဖြစ်နေတဲ့ လက္ခဏာတွေကို စစ်ဆေးကြည့်ပြီး ဘာဖြစ်နေလဲဆိုတာ အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ အရေပြားယားယံတာက မှိုစွဲတာကြောင့် အဖြစ်များပါတယ်။ ခုလို မိုးတွင်းဆို ပိုတောင် ဆိုးပါသေးတယ်။

    မှိုစွဲတာက ခန္ဓာကိုယ်ရဲ့ ချွေးထွက်များတဲ့ ချောင်တွေ (ဥပမာ ခြေချောင်းကြား၊ ပေါင်ကြား)တွေမှာ အဖြစ်များပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အရေပြား မှိုစွဲရောဂါတွေကတော့

  • ပွေး
  • သဲဝဲ
  • ညှင်း
  • ပေါင်ခြံပွေး စတာတွေပဲ ဖြစ်ပါတယ်။
  • အရေပြားမှိုစွဲတာရဲ့ အတွေ့ရအများဆုံး လက္ခဏာကတော့ ယားယံတာပဲ ဖြစ်ပါတယ်။ ဥပမာ သဲဝဲဆို ခြေချောင်းကြားတွေ ယားပါတယ်။ ပေါင်ခြံပွေးဆိုရင် ပေါင်ခြံတစ်ဝိုက်မှာ ယားပါတယ်။ ။ ပွေးတို့၊ ညှင်းတို့ ဆိုရင်လည်း ဖြစ်တဲ့နေရာမှာ ယားနေတတ်ပါတယ်။ ဒီလိုယားယံတာအပြင် တစ်ခုချင်းစီမှာ သီးသန့် လက္ခဏာတွေလည်း ရှိပါသေးတယ်။

    အဖြစ်များတဲ့ အရေပြားမှိုစွဲရောဂါများ

    အရေပြားယားယံတာ မှိုစွဲနေလို့လား

    • ပွေး

    ပွေးက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ပေါက်နိုင်ပါတယ်။ အရေပြားယားယံတာအပြင်

    -ကွင်းပုံစံ အကွက်တွေကို တင်ပါး၊ ကိုယ်လုံး၊ ခြေ၊ လက်တွေမှာ တွေ့ရတတ်ပါတယ်။ ပွေးကွက်တွေနဲ့ တူလို့ ပွေးလို့ ခေါ်တာ ဖြစ်ပါတယ်။

    -ပွေးကွက်ပုံစံက အလယ်မှာ ဖျော့ပြီး အနားသတ်တွေက အနီရောင်၊ အညိုရောင် ဖြစ်နေတတ်ပါတယ်။

    -ခပ်ပြားပြား တင်းတင်းပုံစံရှိပါတယ်။

    -ပွေးကွက်တွေ တစ်ခုနဲ့ တစ်ခု ထပ်နေနိုင်ပါတယ်။

    • သဲဝဲ

    သဲဝဲဆိုတာ ဝဲနဲ့ မတူပါဘူး။ နှစ်ခုလုံးက ယားတာမှန်ပေမယ့် သဲဝဲက မှိုကြောင့်ဖြစ်ပြီး ဝဲကတော့ ကပ်ပါးကောင်ကြောင့် ဖြစ်တာပါ။ သဲဝဲဖြစ်တဲ့အခါ ခြေချောင်းကြားတွေမှာ အင်မတန်ယားပါတယ်။ ဒါ့ပြင်

    -ခြေချောင်းတွေကြားက အရေပြား လန်တာ၊ ခြောက်သွေ့အက်ကွဲတာတွေ ဖြစ်တတ်ပါတယ်။

    -ခြေချောင်းလေးတွေ ရောင်ရမ်းတတ်ပါတယ်။

    -ယားယံတာက ဖိနပ်ချွတ်တဲ့အချိန်၊ ခြေအိတ်ချွတ်တဲ့အချိန်တွေဆို ပိုဆိုးပါတယ်။

    -စပ်ဖျင်းဖျင်းဖြစ်တဲ့အပြင် အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။

    ညှင်းကလည်း အတွေ့ရများတဲ့ အရေပြားမှိုစွဲရောဂါပါ။ သူ့မှာ အရေပြားယားယံတာက တခြားမှိုစွဲတာတွေလောက် မဆိုးပါဘူး။ သူ့ရဲ့ အဓိက ပြဿနာက အသားအရောင်ထိခိုက်တာပါ။ အရေပြား အနည်းငယ်ယားယံတာအပြင်

    -အရေပြားမှာ အဖြူကွက်တွေ ဒါမှမဟုတ် မူလအသားအရောင်ထက် ပိုရင့်တဲ့ အကွက်တွေ ပေါ်နေတတ်ပါတယ်။ ရင်ဘတ်၊ ကျော၊ ဂုတ်၊ လက်မောင်းတွေမှာ တွေ့ရတတ်ပါတယ်။ အကွက်တွေက ထင်းနေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

    -အကွက်တွေကနေ အရေပြားအဖက်လေးတွေ ကွာတတ်ပါတယ်။

    • ပေါင်ခြံပွေး

    ပေါင်ခြံပွေးကလည်း ပွေးနဲ့ လက္ခဏာချင်း ဆင်တူပါတယ်။ ပေါင်ခြံက ပူနွေးစိုစွတ်ပြီး ချွေးထွက်လွယ်တဲ့နေရာဖြစ်တဲ့အတွက် တခြားနေရာထက်စာရင် ပွေးပေါက်လွယ်ပါတယ်။  ပေါင်ခြံပွေးကတော့ ပေါင်ခြံနဲ့ ပေါင်တံတွေမှာ ယားယံတတ်ပါတယ်။ ဒါ့ပြင်

    -ပွေးလိုပဲ ပေါင်ခြံနဲ့ ပေါင်တံမှာ ပွေးကွက်တွေ ပေါက်တတ်ပါတယ်။

    -အကွက်တွေက စက်ဝိုင်းပုံ၊ လခြမ်းပုံ စသဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။

    -အကွက်ရဲ့ အနားသတ်မှာ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။

    -အကွက်တွေကနေ အရေပြားအဖက်လေးတွေ ကွာတတ်ပါတယ်။

    -ယားတာအပြင် စပ်ဖျဉ်းဖျဉ်း ခံစားရတတ်ပါတယ်။

    ဒီလိုမျိုးသိထားမယ်ဆိုရင် အရေပြားယားယံလာတာနဲ့ လက္ခဏာတွေ တိုက်စစ်ကြည့်ပြီး မှိုကြောင့်လား၊ တခြားကြောင့်လားဆိုတာကို အကြမ်းဖျင်းခွဲခြားတတ်သွားမှာပါ။ အရေပြားမှိုစွဲတာက ယားယံတာအပြင် နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်တာ၊ သူများကို ကူးစက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေပြားမှိုစွဲတယ်လို့ သံသယရှိရင် သေချာကုသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement