စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားရတဲ့အချိန်၊ ခွဲစိတ်ကုသမှုခံယူနေချိန်၊ အဖြစ်အပျက် တစ်စုံတစ်ရာကြောင့် စိတ်တုန်လှုပ်ခြောက်ခြားသွားတဲ့အခါ ဆံပင်သန်စွမ်းမှု၊ ဆံပင်ရှည်တာ ခဏတာ ရပ်တန့်သွားပါတယ်။ ဒီပြဿနာအရင်းခံကြောင့် နောက်ပိုင်း ဆံပင်တွေ အများအပြား ကျွတ်လာတဲ့အခါမှ လူတော်တော်များများက သတိထားမိတတ်ပါတယ်။
အရေပြားမှိုရောဂါ စွဲကပ်ခြင်း
ဦးရေပြားမှာ ပွေးကဲ့သို့ မှိုအရေပြားရောဂါ ကူးစက်ခံရတဲ့အခါမျိုးမှာလည်း ဆံပင်တွေ အကွက်လိုက် ကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေး သေချာသုံးစွဲဖို့ လိုအပ်ပါတယ်။ အဓိက မှိုရောဂါကြောင့် ဆံပင်ကျွတ်တာဖြစ်တဲ့အတွက် ဒီပြဿနာ အမြစ်ပြတ်ပျောက်သွားမယ်ဆိုရင် ဆံပင်က ပြန်ပေါက်လာမှာပါ။
ကျန်းမာရေးပြဿနာ
ကိုယ်ခံအားစနစ်ဟာ ဆံသားမွေးညှင်းပေါက်တွေကို တိုက်ခိုက်ခြင်းကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ လေ့လာနိုင်ခြင်း မရှိသေးပေမယ့် ဆေးဝါးအထောက်အကူနဲ့ ဆံပင်ကျွတ်တာနည်းအောင်၊ ဆံပင်ပြန်ပေါက်လာအောင် ထိန်းထားနိုင်ပါတယ်။
တခြားသော အကြောင်းရင်းတွေ
မကြာခဏ ဆံပင်ဖြောင့်၊ ကောက်၊ ပုံသွင်း၊ ဆေးဆိုးခြင်း၊ ဆံပင်ထောင်ဖို့ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ပုံသွင်းဂျယ်လ်၊ ခရင်မ်တွေ အသုံးပြုခြင်း၊ ခေါင်း ခဏခဏ လျှော်ခြင်း သို့မဟုတ် ခေါင်းလုံးဝမလျှော်ပဲ ပစ်ထားခြင်း၊ သံဓါတ်ချို့တဲ့ခြင်း၊ အစာအာဟာရမမျှတခြင်းတို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ။
၁။ ဆယ်ကျော်သက်အရွယ် အမျိုးသားများ ဆံပင်ကျွတ်ခြင်းဟာ ရံဖန်ရံခါ ဖြစ်တတ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ ပရိုတင်းဓါတ်၊ သံဓါတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စုံလင်အောင် စားပေးဖို့တော့ လိုပါတယ်။
၂။ ကိုယ့်ရဲ့ ဆံပင်ကို ထိခိုက်ပျက်စီးစေတဲ့ အပြုအမူမျိုးတွေ၊ အလေ့အကျင့်တွေကို ရှောင်ပေးပါ။ မရှောင်နိုင်ဘူးဆိုရင်လည်း ဆံသားကို ပြန်လည်ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ပေးပါ။
၃။ ဆံသားနဲ့ ဦးရေပြားကို အပူဖြင့် ပုံသွင်းတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ။
၄။ ဆံပင်ကျွတ်တာ အရမ်းကြာတဲ့အထိအောင် လုံးဝမသက်သာလာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ဆံပင်ကျွတ်စေတဲ့ ပြဿနာအရင်းအမြစ်ကို ရှာဖို့ လိုပါတယ်။
၅။ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ခေါင်းပုံမှန်လျှော်ပေးပါ။ ပူလွန်းတဲ့ရေထက် ရေအေး၊ ရေကျက်နွေးနဲ့ ခေါင်းလျှော်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆံပင်အခြောက်ခံစက် အသုံးပြုတာထက် ဆံသားကို သေချာခြောက်အောင်သုတ်ပေးပါ။
၆။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့သေချာတိုင်ပင်ပြီးဆွေးနွေးကြည့်ပါ။
၇။ ကိုယ်သောက်နေတဲ့ဆေးတွေကြောင့် ဆံပင်ကျွတ်တာဆိုရင်လည်း ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေးပြောင်းသောက်တာမျိုး လုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။