သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ

ဝက်ခြံပေါက်တယ်ဆို ပါးနဲ့ နှာခေါင်းမှာပဲ အဖြစ်များကြပါတယ်။ မျက်နှာကို အသားအရေထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့အခါ ခဲတံလေးတွေနဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံးလှရင်၊ ပုံစံကျရင် မျက်နှာအလှမှာပြည့်စုံထင်ရှားစေတယ်ဆိုပေမယ့် အဲဒီမျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ဆားဝက်ခြံလေးတွေကြောင့် ပြဿနာရှိနိုင်ပါတယ်။

မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်းဖြစ်လာနိုင်တယ်။

ဘာကြောင့်ဖြစ်လာရသလဲ

မျက်ခုံးမွေးရဲ့အမြစ်အိတ်တွေက ပိတ်ဆို့လွယ်ပါတယ်။ အမြစ်အိတ်တစ်ခုစီမှာ အဆီဂလင်းရှိပါတယ်။ အဲဒီဂလင်းမှာ အရေပြားဆဲလ်သေတွေ ကပ်ငြိပြီး ပိတ်ဆို့သွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ဝက်ခြံအမျိုးမျိုးမှာ-

  • အရေပြားအောက်မှာ ပိတ်ဆို့နေတဲ့ ဆားဝက်ခြံ အဖြူဆံလေးတွေ
  • မီလာနင်ကြောင့် အမည်းရောင်ဖြစ်နေတဲ့ ဆားဝက်ခြံအမည်းတွေ( ဖုန်မဟုတ်)
  • နီမြန်း၊ နာကျင်ရတဲ့ ဝက်ခြံဖု
  • ပြည်တည်နေတဲ့ (အလယ်မှာအဖြူရောင်အဆံရှိနေ) ဝက်ခြံဖု
  • အရေပြားအတွင်းထဲထိ နက်တဲ့ နာကျင်ရတဲ့ဝက်ခြံဖု(နည်းနည်းကြီးတယ်) စတာတွေပါဝင်ပါတယ်။

အလှကုန်ပစ္စည်းတွေကြောင့်လည်းဖြစ်နိုင်တယ်

ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေကြောင့်လည်း မျက်ခုံးထဲမှာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ မျက်နှာသစ်တဲ့အခါမှာ၊ မိတ်ကပ်ဖျက်တဲ့အခါ မျက်ခုံးကိုတော့သေချာသန့်စင်ဖို့ ဂရုမထားမိတတ်ကြပါဘူး။ မိတ်ကပ်လိမ်းတဲ့ပစ္စည်းတွေက မသန့်ရင်၊ ဘက်တီးရီးယားတွေရှိနေရင်လည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။

မျက်ခုံးထဲက ဝက်ခြံကို ဘယ်လိုလုပ်ရမလဲ

ဝက်ခြံပေါက်လာတယ်ဆို benzoyl peroxide ပါတဲ့ ဆေးလေးတို့ထားလို့ရပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ဆေးတွေက ဝက်ခြံမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို လျော့ပါးစေပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဆားဝက်ခြံအပါအဝင် မျက်ခုံးက ဝက်ခြံတွေကို ပိုမဆိုးအောင်နဲ့ အမာရွတ်မကျန်စေအောင် ရှောင်ရမယ့်အချက်တွေက –

  • မျက်နှာသစ်တာကို တစ်နေ့နှစ်ကြိမ်ထက် မပိုပါနဲ့။
  • ပြင်းတဲ့ မျက်နှာသစ်ဆေးနဲ့ scrubsတွေ မသုံးပါနဲ့။
  • အသားအရေကိုခြောက်သွေ့စေတာ( အစိုဓာတ်မထိန်းတာ)
  • မိတ်ကပ်မဖျက်ဘဲ အိပ်တာ
  • ဝက်ခြံကုထုံးတွေ တစ်ပတ်တစ်ခါအသစ်ပြောင်းတာ

ဘယ်လိုကာကွယ်မလဲ

  • တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ။ ချွေးတအားထွက်ထားတဲ့အခါ အဆီပြန်တာ ကာကွယ်ပြီး ဆဲလ်သေဖယ်ရှားနိုင်ဖို့ မျက်နှာသစ်ပါ။
  • ခေါင်းပုံမှန်လျှော်ပါ။ ဆံပင်တွေ မျက်နှာပေါ်မကျအောင် ဂရုစိုက်ပါ။
  • စိတ်ဖိစီးမှုကိုလျှော့ပါ။
  • ချွေးပေါက်မပိတ်စေမယ့် အသားအရေထိန်းပစ္စည်းတွေကို သုံးပါ။
  • အဆီနည်းတဲ့ နေရောင်ကာခရင်မ်သုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 28/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။