Oral Sex ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခံတွင်းအကာ (Dental Dam)နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။
Oral Sex ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ခံတွင်းအကာ (Dental Dam)နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေကို ပြောပြပေးချင်ပါတယ်။
ခံတွင်းအကာ (Dental Dam) ဆိုတာ ပျော့ပျောင်းပြီး ကျုံ့နိုင်ဆန့်နိုင်တဲ့ အလွှာပါးအချပ်လေးတွေဖြစ်ပါတယ်။ ကြက်ပေါင်စေးကနေ လုပ်တာရှိသလို polyurethane ကနေ လုပ်တာလည်းရှိပါတယ်။ အစကတော့ သွားကုသမှုလုပ်တဲ့အချိန်မှာ သွားနဲ့ခံတွင်းကြားကို ခြားပေးထားဖို့အသုံးပြုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Oral sex လုပ်တဲ့အချိန်မှာပါ လိင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ပါအသုံးပြုလာကြ တာပဲဖြစ်ပါတယ်။
ကွန်ဒုံးလိုပဲ ခံတွင်းအကာ (Dental Dam)တွေကလည်းရောဂါကူးစက်မှုကို လျှော့ချပေးပေမဲ့ လူအတော်များများက ခံတွင်းအကာ (Dental Dam) ကို သုံးဖို့နေနေသာသာ ကြားဖူးတဲ့သူတောင် ခပ်ရှားရှားပါ။ ဘာ့ကြောင့်လဲဆိုတော့ လိင်ကနေတစ်ဆင့်ရောဂါကူးစက်မှုကိုကာကွယ်ဖို့နည်းလမ်းအတော်များများက penetrative sex လို့ခေါ်တဲ့ ယောင်္ကျားနဲ့မိန်းမ လိင်ဆက်ဆံတဲ့အချိန်မှာရောဂါမကူးဖို့ကိုပဲ အဓိကထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ပါ။ ဒီနည်းတွေထဲမှာအတွင်ကျယ်ဆုံးနဲ့ အသုံးအများဆုံးကတော့ အမျိုးသားကွန်ဒုံး ဖြစ်ပါတယ်။ ကွန်ဒုံးကလိင်ကနေတဆင့်ကူးစက်တဲ့ရောဂါတွေကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပေမဲ့ oral sex ကနေတစ်ဆင့်လည်း ကာလသားရောဂါ၊ ဂနိုရောဂါ (ဆီးပူညောင်းကျရောဂါ)၊ chlamydia ရောဂါ၊ အသည်းရောင်အသားဝါပိုးနဲ့ ခုခံအားကျဆင်းမှုရောဂါတွေ ကူးစက်နိုင်ပါသေးတယ်။ ဒီရောဂါတွေ မကူးစက်အောင် oral sex ပြုလုပ်တဲ့အချိန်မှာ ခံတွင်းအကာ (Dental Dam) ကိုအသုံးပြုဖို့လိုအပ်ပါတယ်။ ခံတွင်းအကာ (Dental Dam) ရဲ့အဓိကအလုပ်ကတော့ oral sex လုပ်ချိန်မှာ မိန်းမကိုယ်ဝနဲ့ စအိုက ထွက်လာတဲ့အရည်တွေ မထိအောင်တားဆီးပေးပြီး ရောဂါမကူးစက်အောင်တားဆီးပေးတာပါပဲ။
ခံတွင်းအကာ (Dental Dam) ကအသုံးပြုရလွယ်ကူပါတယ်။ ခံတွင်းအကာ (Dental Dam) အချပ်ကိုဖြန့်လိုက် ပြီး oral sex ပြုလုပ်မဲ့ မိန်းမကိုယ်၀ ဒါမှမဟုတ် စအိုပေါ်တင်ပြီး အသုံးပြုရုံပါပဲ။ ခံတွင်းအကာ (Dental Dam) သုံးတော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေကတော့
– water-based lubricant သုံးပြီးထုတ်ထားတဲ့ ခံတွင်းအကာကိုပဲသုံးပါ၊ လိုးရှင်းနဲ့ ဆီတို့လို oil-based lubricant တွေကထုတ်တဲ့ ခံတွင်းအကာတွေက ထိရောက်မှုသိပ်မရှိလို့ပါ
– ကိုယ့်အဖော်က ကြက်ပေါင်စေးနဲ့ ဓာတ်မတည့်ရင် polyurethane ကထုတ်တဲ့ ခံတွင်းအကာကိုရွေးပါ
– အသုံးမပြုခင် သက်တမ်းကုန်နေသလား သေချာစစ်ဆေးပါ၊ သတ်မှတ်ထားတဲ့အပူချိန်၊ နေရာမှာပဲသိမ်းပါ
– အသုံးမပြုခင် ခံတွင်းအကာ (Dental Dam) ပေါက်ပြဲနေတာ၊ ကြေမွတွန့်ကြေနေတာမျိုးရှိမရှိ သေချာစစ်ဆေးပါ၊ ရှိရင်ချက်ချင်းလွှင့်ပစ်လိုက်ပါ။ အသုံးပြုနေချိန်မှာ အလားတူ ဖြစ်ရင်လည်းလွှင့်ပစ်လိုက်ပါ
– ခံတွင်းအကာ တစ်ခုကို Oral sex တစ်ကြိမ်အတွက်ပဲ အသုံးပြုပါ
– ခံတွင်းအကာကို ဆွဲဆန့်တာမျိုး လုံးဝမလုပ်ပါနဲ့၊ ပေါက်ပြဲသွားနိုင်လို့ဖြစ်ပါတယ်
– ခံတွင်းအကာရဲ့ အဓိကတာဝန်က မိန်းမကိုယ်နဲ့ စအိုကထွက်တဲ့အရည်တွေကိုတားဆီးပေးဖို့ဖြစ်ပါတယ်၊ ဒါ့ကြောင့် အသုံးပြုနေတုန်း ခံတွင်းအကာ နေရာမရွေ့အောင် သေချာဂရုစိုက်ဖို့လိုပါတယ်
ခံတွင်းအကာက အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းမဟုတ်တာကြောင့် အသုံးပြုမယ်ဆိုရင်တော့ အခက်အခဲရှိနိုင် ပါတယ်။ ဒါလည်းစိုးရိမ်စရာမရှိပါဘူး။ အလွယ်တကူဝယ်လို့ရတဲ့ကွန်ဒုံးကိုပဲ ခံတွင်းအကာ (Dental Dam) ဖြစ်အောင်ပြုပြင်ယူပြီးအသုံးပြုနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက်
– အထုပ်ဖောက်ပြီးကွန်ဒုံးကိုသေချာထုတ်ယူပါ
– ကွန်ဒုံးကို အသုံးပြုခါနီး လုပ်သလို ဖြည်လိုက်ပါ (ဒါမှမဟုတ်) ဆွဲဆန့်လိုက်ပါ
– ကွန်ဒုံး ထိပ်ဖျားနဲ့ အောက်ခြေနားကိုကပ်ပြီး ကပ်ကြေးနဲ့ဖြတ်လိုက်ပါ
– ပြီးရင်ကွန်ဒုံးကိုအလယ်ကနေကတ်ကြေးနဲ့တောက်လျှောက်ညှပ်ချလိုက်ပါ
– ဒါဆိုရင်တော့ ကွန်ဒုံးအချပ်လိုက်ရလာမှာဖြစ်ပြီး ဒါကို oral sex လုပ်ချိန်မှာ ခံတွင်းအကာ (Dental Dam) အစားအသုံးပြုနိုင်ပါပြီ
နောက်ဆုံးမျှဝေပေးချင်တာကတော့ ခံတွင်းအကာ (Dental Dam) တွေက ပါးစပ်နဲ့လိင်ဆက်ဆံရာကနေ ရနိုင်တဲ့ ရောဂါတွေကိုကာကွယ်နိုင်ပေမဲ့ နည်းလမ်းမှန်မှန်နဲ့အသုံးပြုဖို့ အထူးအရေးကြီးပါတယ်။ နောက်ပြီး ခံတွင်းအကာအသုံးပြုလည်း လိင်အင်္ဂါရေယုန်ရောဂါ၊ HPV ကူးစက်ရောဂါနဲ့ဆီးခုံသန်းကောင်တွေ ကူးစက်ခံရနိုင်ပါသေးတယ်။ ဒီရောဂါတွေက ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေတင်မကဘဲ အရေပြားချင်းထိစပ်ရုံနဲ့တင် ကူးစက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။ ခံတွင်းအကာ (Dental Dam) တွေက oral sex လုပ်ရင်သုံးလို့ရပေမဲ့ မိန်းကလေးကို oral sex လုပ်ပေးတဲ့နေရာမှာပဲ သုံးနိုင်ပါတယ်။ ယောင်္ကျားလေးကို လုပ်ပေးရင်တော့ ကွန်ဒုံးကပိုအဆင်ပြေမှာဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်ချင်ပါတယ်။
ရေးသားသူ – Dr.Htoo Tint
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။