backup og meta

HIV စစ်ဆေးနည်း ဘယ်နှမျိုး ရှိသလဲ။

HIV စစ်ဆေးနည်း ဘယ်နှမျိုး ရှိသလဲ။

HIV စစ်ဆေးတာက အရေးကြီးသလားဆိုတော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ HIV က စစကူးကူးချင်းဆို လက္ခဏာမပြလို့ပါ။ ပြခဲ့ရင်တောင်မှ အစပိုင်းမှာဆို တုပ်ကွေးဆန်ဆန် ဖျားတာ၊ ကိုယ်လက်ကိုက်တာလောက်ပဲ ပြတာပါ။ နောက်ပိုင်း AIDSအဆင့်ကို ရောက်သွားပြီဆိုမှသာ သိသာတဲ့ လက္ခဏာတွေ ပြတာပါ။ ဒါကြောင့် HIV ဖြစ်နေပြီလားဆိုတာကို လက္ခဏာနဲ့ ဆုံးဖြတ်တာထက် ဆေးစစ်လိုက်တာက ပိုသေချာပါတယ်။ ဒီဆောင်းပါးမှာ HIV စစ်ဆေးနည်း ၃မျိုးကို ပြောပြပေးပါတယ်။

HIV စစ်ဆေးနည်း ၃မျိုး

HIVပိုးက ဒီနေ့ ကူး၊ နောက်နေ့ စစ်ရင် ပေါ်တာမျိုး မဟုတ်ပါဘူး။ သူ့မှာ Window periodဆိုတာ ရှိပါတယ်။ Window periodဆိုတာ နားလည်အောင် ပြောရရင် ပိုးရှိပေမယ့် စစ်လိုက်ရင် မတွေ့နိုင်တာမျိုးပါ။ စစ်ဆေးနည်း တစ်ခုနဲ့ တစ်ခုမှာ Window periodက မတူပါဘူး။ အများစုကတော့ ရက်၉၀ (၃လ) လောက်မှာ စစ်ရင် ပိုပြီး တိတိကျကျ အဖြေထွက်နိုင်ပါတယ်။

(၁) Antibody test

သွေး ဒါမှမဟုတ် ခံတွင်းအရည်ထဲမှာ HIVပိုးရှိရင် သူ့ကိုခုခံတဲ့ ပဋိပစ္စည်း (Anibodies) ထွက်ပါတယ်။ ထိတွေ့မှုရှိပြီး ၂၃−၉၀ရက်အတွင်း စစ်ရင် အဖြေမှန်နိုင်ပါတယ်။ ဒါကို 3rd  generation test လို့လည်း ခေါ်ပါတယ်။

(၂) Antigen/ Antibody test

HIVရဲ့ Antigenရော Antibodyကိုရော ရှာတာပါ။ သူ့ကိုတော့ အဖြေတိကျစေဖို့ ထိတွေ့မှုရှိပြီး အနည်းဆုံး၁၈−၄၅ရက်ကြာမှ စစ်ဆေးသင့်ပါတယ်။ ဒါကို 4th generation test (Combo test) လို့လည်း ခေါ်ပါတယ်။

သွေးကြောထဲက သွေးယူပြီး စစ်လို့ရသလို Rapid test kitနဲ့ လက်ထိပ်သွေးဖောက်ပြီး စစ်လည်း ရပါတယ်။ လက်ထိပ်သွေးဖောက်ပြီးစစ်ရင်တော့ ၁၈−၉၀ရက်ကြာမှ စစ်ဆေးသင့်ပါတယ်။

(၃) NATs

NATsဆိုတာ Nucleic acid Amplification Testပါ။ နောက်တစ်နည်းနဲ့ Viral loadလို့လည်း ခေါ်ပါတယ်။ HIV ပိုးကောင်ရေ ပမာဏကို စစ်တာပါ။ သူကတော့ ထိတွေ့ပြီး ၁၀ရက်ကနေ ၃၃ရက်လောက်ကြာတဲ့အခါ စစ်နိုင်ပါတယ်။ ထိတွေ့ပြီး ၁၀ရက်လောက်နေရင် စစ်လို့ရပြီဆိုတော့ မကြာခင်ကမှကူးထားတယ်လို့ သံသယရှိသူတွေ ဒါမှမဟုတ် မကြာခင်က ထိတွေ့မှုရှိပြီး HIV အကူးခံထားရတဲ့ လက္ခဏာတွေပါ ပြတဲ့သူတွေ၊ Antibody testတွေ Antigen/ Antibody testတွေနဲ့ စစ်ထားပြီး Negativeပြလို့ သေချာချင်တဲ့ သူတွေမှာ စစ်လေ့ရှိပါတယ်။

Self-testingနဲ့လည်း စစ်လို့ရတယ်ဆို

ကိုယ့်မှာ HIVလို့ သံသယရှိတဲ့အခါ ဆေးရုံဆေးခန်း တန်းသွားတဲ့သူက ရှားပါတယ်။ ခုခေတ်လူတွေက  HIVဗဟုသုတလည်း မနည်းတော့တာကြောင့် ကိုယ့်ဟာကိုယ်ပဲ ဓာတ်ခွဲခန်းသွားပြီး HIVစစ်ပေးပါဆိုပြီး စစ်ချလိုက်တာပါပဲ။ ဒါကိုတောင်မှ ကိုယ့်ကို သူများတွေ တစ်မျိုးမြင်မှာစိုးလို့ တိတ်တိတ်ဆိတ်ဆိတ်ပဲ စစ်ချင်တဲ့ သူတွေလည်း ရှိပါတယ်။ သူတို့က Self testingနဲ့ စစ်နိုင်ပါတယ်။

Self testနဲ့ စစ်တာ အများစုကက Antibody ကို စစ်တာပါ။ လက်ထိပ်ကို သွေးဖောက်ပြီး စစ်လို့ရသလို ခံတွင်းထဲက အရည်ကို ယူပြီးလည်း စစ်လို့ရပါတယ်။ သူကလည်း ၂၃−၉၀ရက်လောက်မှ စစ်ရင် အဖြေပိုမှန်နိုင်ပါတယ်။ သွေးကြောထဲကနေ သွေးယူပြီး စစ်တာကတော့ ဒါထက်ပိုစောပြီး သိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ Self testနဲ့ စစ်ဆေးလို့ ရပြီလားဆိုတာကိုတော့ မသိသေးပါဘူး။

HIV စစ်ဆေးပြီး ရလာတဲ့ အဖြေကိုဘယ်လို ယူဆကြမလဲ။

အဖြေကတော့ positive ဒါမှမဟုတ် negative ထွက်လာမှာပါ။

  • Positive ထွက်လာခဲ့ရင်

Self-testနဲ့ပဲဖြစ်ဖြစ်၊ ဓာတ်ခွဲခန်းမှာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်စစ်ပြီး Positiveလို့ ထွက်လာခဲ့ရင် နီးစပ်ရာဆေးခန်း ဒါမှမဟုတ် HIV/AIDS ဆေးခန်းတွေကို သွားပြီး တိုင်ပင်ပါ။ နောက်တစ်ခါ ထပ်စစ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

အစတည်းက ဆေးခန်းမှာ ဆရာဝန် ညွှန်ကြားချက်နဲ့ စစ်ပြီး Positiveလို့ ထွက်လာခဲ့ရင်လည်း သေချာအောင် နောက်တစ်ခါ စစ်ခိုင်းပါလိမ့်မယ်။ ဒါမျိုးက မှားပြီး ပြောမိရင် မကောင်းဘူးကိုး။

ဘယ်နှခါပဲဖြစ်ဖြစ် Positiveပဲ ထွက်လာရင်ရော။ ဒါဆိုရင်လည်း စိတ်မပျက်ပါနဲ့။ HIVရှိတယ်လို့ အဖြေထွက်တာက AIDSရောဂါရှိနေပြီလို့ ပြောလိုက်တာ မဟုတ်ပါဘူး။ ဆေးသေချာသောက်မယ်ဆိုရင် ကိုယ်ထဲမှာ ပိုးကောင်ရေ မရှိသလောက်ပမာဏဖြစ်အောင် ထိန်းချုပ်နိုင်မှာပါ။

ဒါဆို သာမန်လူလိုပဲ နေလို့ရတယ်။ အိမ်ထောင်ပြုလို့ရတယ်။ ကလေးယူလို့ ရပါတယ်။

  • Negative ထွက်လာရင်

Negative လို့ ထွက်လာရင် ပိုပြီးသေချာအောင် Window period ကျော်တဲ့အခါ၊ ဆိုလိုတာ ၃လလောက်နေရင် တစ်ခေါက်ထပ်စစ်ပါ။ အဲ့ဒီမှာလည်း Negative ပဲ ထွက်လာရင်၊ ပြန်စစ်ဖို့ စောင့်နေတဲ့ ၃လအတွင်းမှာလည်း HIVကူးနိုင်တဲ့ အပြုအမူတွေ ထပ်မလုပ်ခဲ့ရင် တကယ် Negativeလို့ ယူဆနိုင်ပါတယ်။

HIV စစ်ဆေးနည်း ကရတဲ့ အဖြေတွေက မလွဲနိုင်ဘူးလား။

လွဲနိုင်တာပေါ့။ HIV စစ်ဆေးနည်းတွေက ၉၀ရာခိုင်နှုန်းကျော် မှန်တယ်ဆိုပေမယ့် ဒါက ရာနှုန်းပြည့် မဟုတ်ဘူးလေ။ ဘယ်လိုတွေ မှားနိုင်လဲဆိုတော့

  • ပိုးမရှိဘဲနဲ့ ပိုးရှိတယ်ဆိုပြီး အဖြေထွက်လာတာ

False positiveလို့ ခေါ်ပါတယ်။ Antibody testတွေမှာ တခြားပိုးကြောင့် ထွက်တဲ့ Antibodyကို HIV Antibodyလို့ မှားပြီး သတ်မှတ်လိုက်တာမျိုးပါ။ ခံတွင်းအရည်ကို သုံးပြီး စစ်တဲ့ Rapid testတွေကို ပိုမှားနိုင်ပါတယ်။ နောက်တစ်ခုကတော့ ရှားပေမယ့် ဓာတ်ခွဲခန်းရဲ့ အားနည်းချက်ကြောင့် အဖြေမှားသွားတာမျိုးပါ။

  • ပိုးရှိရဲ့သားနဲ့ မရှိဘူးလို့ ထွက်တာတာ

ဒါကိုတော့ False negativeလို့ ခေါ်ပါတယ်။ များသောအားဖြင့် Window periodထဲမှာ စစ်မိလို့ပါ။ စောစောစစ်လိုက်တဲ့အခါ ဒါမျိုးဖြသ်တတ်ပါတယ်။ နောက်ပြီး PrEPတို့ PEPတို့ သောက်နေတယ်ဆိုရင်လည်း ပိုးမရှိသလို ပြတတ်ပါတယ်။ Window periodကျော်မှ စစ်ရင်တော့ False negative ရနိုင်ခြေက နည်းပါတယ်။

အဖြေတွေ မှားမထွက်အောင် ဘယ်လိုဂရုစိုက်ရမလဲ။

အဖြေတွေ မှားနိုင်တဲ့အတွက် Positiveပဲထွက်ထွက်၊ Negativeပဲထွက်ထွက် ဒုတိယအကြိမ် ပြန်စစ်တာပါ။ ကိုယ့်ဟာကိုယ် စစ်မယ့်သူတွေလည်း Window periodကျော်မှ စစ်ပါ။ စစ်ဆေးနည်းတစ်ခုချင်းစီရဲ့ Window periodကို မသိဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စစ်တာ အကောင်းဆုံးပါ။ နောက်ပြီး စိတ်ချရတဲ့ ဓာတ်ခွဲခန်းမှာ စစ်ဖို့လည်း လိုပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

HIV testing https://www.cdc.gov/hiv/testing/index.html#:~:text=CDC%20recommends%20that%20everyone%20between,at%20least%20once%20a%20year. Accessed date Jan 18, 2023

HIV self testing https://www.cdc.gov/hiv/testing/self-testing.html Accessed date Jan 18, 2023

HIV testing overview https://www.hiv.gov/hiv-basics/hiv-testing/learn-about-hiv-testing/hiv-testing-overview Accessed date Jan 18, 2023

WHO recommends self testing https://www.who.int/publications/i/item/WHO-CDS-HIV-19.36 Accessed date Jan 18, 2023

Types of HIV tests https://www.cdc.gov/hiv/basics/hiv-testing/test-types.html Accessed date Jan 18, 2023

ယခုပုံစံ

18/01/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ဆက်ဆံခြင်းမှ HIV ပိုး ကူးစက်မခံရစေဖို့

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 18/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement