backup og meta

HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

    HIV/ AIDS နဲ့ ပတ်သက်ပြီး ယခုချိန်ထိကို လူမှုပတ်ဝန်းကျင်က မှားယွင်းစွာ နားလည်လက်ခံထားကြတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။ လူတွေ သိထားကြတဲ့ အလွဲတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ချင်ပါတယ်။

    HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေ

    HIV/ AIDS နဲ့ ပတ်သက်လို့ လူတွေသိထားတဲ့ မဟာအလွဲတွေက ဘာတွေများလဲ။

    ၁။ HIV နဲ့ AIDS ဆိုတာ ရောဂါ ၂မျိုးလား။ တူညီတဲ့ ရောဂါလား။

    HIV ဆိုတာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်စီး ပစ်တဲ့ ရောဂါပိုး ဖြစ်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနဲ့ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိတဲ့ မိခင်မှ သန္ဓေသားကို နို့တိုက်ရာမှ ကူးစက်ပါတယ်။ ရောဂါပိုးရှိတဲ့ သုက်ရည်၊ သွေး၊ မိခင်နို့ရည်တွေဟာ ကိုယ်ခန္ဓာ သွေးကြောထဲ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ ရောဂါပိုး ကူးစက်နိုင်ပါတယ်။ HIV ပိုးကြောင့် ကိုယ်ခံအားစနစ် ဆုတ်ယုတ်ပျက်စီးလာပြီးမှ နောက်ဆုံးအဆင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှုရောဂါလို့ ခေါ်တဲ့ AIDS ရောဂါ အခြေအနေကို ရောက်ပြီး အသက်ဆုံးရှုံးရတာ ဖြစ်ပါတယ်။

    ၂။ HIV ပိုး ကူးစက်ခံရတာနဲ့ AIDS ရောဂါ တန်းဖြစ်ပြီလား။

    မဖြစ်ပါဘူး။ HIV ပိုးကူးစက်ခံရပြီး ၂ပတ်မှ ၆ပတ်အတွင်း အပြင်းဖျားတာ၊ ပါးစပ်တွင်း အနာပေါက်တာ၊ ခန္ဓာကိုယ်အနှံ့ အင်ပြင်ထတာ၊ လည်ချောင်းနာတာ၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ မူးဝေမောပန်းပြီး ခေါင်းမူးခေါင်းကိုက်တဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ ၃လပြည့်ပြီးနောက် သွေးစစ်ကြည့်တဲ့အခါမှ ရောဂါပိုးရှိလား၊ မရှိဘူးလားဆိုတာကို သိနိုင်မှာပါ။ ကုသမှုမခံယူဘူးဆိုရင် HIV ပိုးဟာ ကိုယ်ခံအားစနစ်ထဲမှာ ရှိတဲ့ CD4 cell တွေကို ဖျက်ဆီးပစ်ပြီး ၃နှစ်မှ ၁၀ နှစ်အတွင်း ရောဂါပေါင်းစုံ ဝင်လာမယ်။ ကျန်းမာရေးအခြေအနေ ဆိုးရွားလာမယ်။ ကိုယ်ခံအားစနစ် အလွန်ပျက်စီးပြီး နောက်ဆုံးအခြေအနေ AIDS ရောဂါ ဖြစ်လာမှာပါ။

    ၃။ HIV ပိုး ကူးစက်ခံရခြင်းဟာ ဘဝရဲ့ အဆုံးသတ်လား။

    လုံးဝမဟုတ်ပါဘူး။ ART (Antiretroviral Therapy) လို့ ခေါ်တဲ့ ဆေးဝါးတွေဟာ သွေးထဲမှာ ရှိတဲ့ HIV ပိုးတွေကို ဆက်မပြန့်ပွားအောင်၊ CD4 cell တွေကို မဖျက်စီးနိုင်အောင် ထိန်းပေးနိုင်တဲ့အပြင် ပုံမှန်သောက်ပေးမယ်ဆိုရင် HIV ပိုးတွေကိုပါ လျော့နည်းသွားစေနိုင်ပါတယ်။ AIDS ရောဂါကြောင့် အသက်ဆုံးရှုံးရသူတွေဟာ HIV ပိုး ရှိမှန်း အလွန်နောက်ကျပြီးမှ သိတာကြောင့်၊ ဆေးကို အချိန်မှန်၊ ဂရုစိုက်ပြီး မသောက်တာကြောင့် ပိုးတွေဟာ ဆေးယဉ်သွားပြီး ဆေးမတိုးတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် HIV ပိုးရှိမှန်း သိပြီးတာနဲ့ ART ဆေးကို ပုံမှန်သောက်ပေးနိုင်ရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်သွားနိုင်ပါတယ်။

    ၄။ ART ဆေးကို ရပ်လိုက်လို့ ရလား။

    လုံးဝမရပါဘူး။ ART ဆေးဟာ နေ့စဉ် အချိန်မှန် သောက်ပေးနေရမယ့် ပိုးထိန်းဆေး ဖြစ်ပါတယ်။ ကိုယ့်မှာ ရောဂါပိုးရှိတဲ့အကြောင်း ဆေးစစ်ချက်ရပြီးတာနဲ့ ဆေး စသောက်ဖို့ လိုအပ်ပါတယ်။ ဆေးကို နေ့စဉ် နေ့တိုင်း အချိန်မှန် သောက်ပေးမယ်၊ ကျန်းမာရေးကို ဂရုစိုက်မယ်၊ အနေအထိုင်၊ အစားအသောက် ဆင်ခြင်မယ် ဆိုရင် အသက်ရှည်ရှည် နေထိုင်နိုင်တဲ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူကိုပါ ကူးစက်နိုင်ခြေ မရှိသလောက် နည်းပါတယ်။ ရောဂါပိုးရှိတဲ့ မိခင်တွေအနေနဲ့လည်း ART ကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေးကို လုံးဝမကူးစက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်မှာ HIV ပိုးရှိရင် ကလေးယူလို့ မရဘူးဆိုတာ ဟုတ်လား။

    လုံးဝမဟုတ်ပါဘူး။ အမျိုးသားမှာဖြစ်စေ၊ အမျိုးသမီးမှာ ဖြစ်စေ ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ART ဆေးကို နေ့စဉ် အချိန် သောက်ပေးမယ်၊ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်ပုံကို အရင်ကထက် ပိုပြီး ဂရုစိုက်ပေးမယ်ဆိုရင် ကလေးယူလို့ ရတဲ့အပြင် မွေးလာတဲ့ကလေးကိုလည်း HIV ပိုး လုံးဝမကူးစက်သည်အထိ ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အမြဲ မျက်ခြေမပြတ် စောင့်ကြည့်နေမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

    ၆။ HIV ပိုး ရှိတဲ့ သူ ၂ဦး လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးဖို့ မလိုအပ်တော့ဘူးလား။

    HIV ပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို အသုံးပြုရပါမယ်။ ကွန်ဒုံးဟာ HIV ရောဂါပိုးအပြင် လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။

    ၇။ တစ်လင် တစ်မယား စနစ်ကျင့်သုံးသူတွေ ကွန်ဒုံးမသုံးလည်း ဖြစ်လား။

    ကလေးယူဖို့ စဉ်းစားတာကလွဲရင် လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးအသုံးပြုတာ အကောင်းဆုံးပါပဲ။ HIV ပိုးဆိုတာ လိင်ဆက်ဆံတာ တစ်ခုတည်းကြောင့် ကူးစက်နိုင်တာ မဟုတ်ပါဘူး။ ရောဂါပိုးရှိတဲ့ သွေးတွေဟာ သွေးကြောထဲ တစ်နည်းနည်း ဝင်ရောက်သွားတာ ဥပမာ- ပါးစပ်၊ ခြေလက်၊ ကိုယ်ခန္ဓာပေါ်မှာ ရှိတဲ့ အနာနဲ့ ထိတွေ့မိတဲ့အခါ ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။

    ၈။ HIV ပိုးရှိကြောင်း ပြင်ပလက္ခဏာသွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ ရလား။

    လုံးဝမရပါဘူး။ ရုပ်ရည်၊ ကိုယ်ခန္ဓာ အချိုးအစား၊ အရပ်အမောင်း၊ ကျန်းမာရေးအခြေအနေ တစ်ခုတည်းကို အပေါ်ယံကြည့်ပြီး HIV ပိုး မရှိနိုင်ဘူးလို့ တိတိကျကျ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။

    တချို့လူတွေမှာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ HIV ပိုး ရှိနေသည့်တိုင်အောင် ဘယ်လို လက္ခဏာ၊ နာမကျန်းဖြစ်ခြင်း၊ ရောဂါဖြစ်ခြင်း အမူအရာတွေ မတွေ့ရတတ်တာတွေ ရှိပါတယ်။

    ၉။ ပွေ့ဖက်နမ်းရှုပ်ခြင်း၊ အသားချင်း ထိတွေ့ရာကနေ HIV ပိုး ကူးစက်နိုင်လား။

    HIV ပိုးဟာ တံတွေးကနေ တစ်ဆင့် မကူးစက်နိုင်သလို၊ ထိုင်ခုံတစ်ခုတည်းမှာ အတူထိုင်ခြင်း၊ ပစ္စည်းအတူအကွ သုံးစွဲခြင်းဖြင့်လည်း မကူးစက်နိုင်ပါဘူး။ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ အသားချင်းထိတွေ့ခြင်း၊ လက်ကိုင်ခြင်းကနေလည်း လုံးဝမကူးစက်နိုင်ပါဘူး။

    HIV နဲ့ AIDS ရောဂါရှိနေသည့်တိုင်အောင် သေချာကုသမှုခံယူရင် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့ အခါတိုင်း ကွန်ဒုံးကို အသုံးပြုပါ။

    ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို အမြဲ စောင့်ကြည့်စစ်ဆေးပါ။ လူသားတိုင်း ကျန်းမာပျော်ရွှင်ပြီး သာယာလှပတဲ့ ဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement