အမျိုးသားတွေမှာဆို – ဆီးသွားတဲ့အခါ ပူနေတာ၊ လိင်တံကနေ အဝါရောင် အဖြူရောင်လိုမျိုး အရည်တွေ ၊ ပြည်တွေ ဆင်းနေပါလိမ့်မယ်။
အမျိုးသမီးတွေမှာဆို – မိန်းမကိုယ်ကနေ အဝါရောင် အဖြူရောင်လိုမျိုး အရည်တွေဆင်းလာတတ်ပြီး ဆီးသွားတိုင်းလည်း ပူနေတတ်ပါတယ်။
လည်ချောင်းနဲ့ စအိုမှာဖြစ်နေတဲ့ ဆီးပူညောင်းကျရောဂါကတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။
ရောဂါပိုးကူးစက်ခံရပြီး ဘယ်လောက်အကြာမှာ လက္ခဏာတွေ စတင်ခံစားရတာလဲ။
အမျိုးသားတွေမှာဆို ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက် ကနေ ၇ ရက်အတွင်း လက္ခဏာတွေ စပြတတ်ပါတယ်။ ရက် ၃၀ ကြာပြီးမှ လက္ခဏာပြတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ရောဂါပိုးရှိနေပေမယ့် ဘာလက္ခဏာမှ မခံစားရတဲ့သူတွေလည်း ရှိပါတယ်။ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းသော အမျိုးသားတွေနဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်က ရောဂါရဲ့ လက္ခဏာတွေ မရှိတတ်ပါဘူး။
ဒီလိုလက္ခဏာတွေ မပြတဲ့သူတွေက ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုခံစားရတတ်ပါတယ်။ သူတို့မှာ ရောဂါရှိနေမှန်း မသိကြတော့ ဆေးကုသမှု မခံယူကြဘူးလေ။ ဒီတော့ နောက်ဆက်တွဲ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများသွားတာပေါ့။ ဒါ့အပြင် ဒီလူတွေကပဲ အခြားသူတွေကို ကူးစက်စေဖို့ အခွင့်အလမ်းပိုများစေတာပါ။
ဆီးပူညောင်းကျရောဂါက လူတစ်ယောက်ကိုယ်ထဲ ဘယ်လောက်အထိနေနိုင်တာလဲ။
ရောဂါကို သေချာကုသမှု မခံယူဘူးဆိုရင် သင့်ကိုယ်ခန္ဓာထဲမှာ ဆက်ပြီး ပေါက်ပွားနေနိုင်တဲ့ ရောဂါတစ်ခုပါ။ သေချာကုသမှု မခံယူမချင်း ကိုယ့်ဆီကနေ အခြားသူဆီကိုပါ ကူးစက်စေနိုင်ပါတယ်။
ဆီးပူညောင်းကျ ရောဂါပိုးတစ်ခါဝင်ဖူးထားတဲ့သူတွေက နောက်တစ်ခါ ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ ဟုတ်လား။
မဟုတ်ပါဘူး။ ဝက်သက်လိုမျိုး တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါ ပြန်မဖြစ်တဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါပိုးတစ်ခါဝင်ထားဖူးပြီး ကုသလို့ ပျောက်သွားပေမယ့် ကိုယ်တွင်းမှာ ရောဂါပိုးကို တိုက်တဲ့ပဋိပစ္စည်းတွေ ကျန်မနေတာကြောင့် အနေအထိုင်မဆင်ခြင်ရင် အကြိမ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါဖြစ်ဖူးပြီး နောက်တစ်ခါ ထပ်ဖြစ်ရင် ရောဂါ ရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများသွားတတ်ပါတယ်။
ဆီးပူညောင်းကျရောဂါက ကုသလို့ရလား။
ဆီးပူညောင်းကျရောဂါက ကုသလို့ရတဲ့ ရောဂါတစ်ခုပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာကြောင့် ပိုးသတ်ဆေးတွေ ပေးပြီး ကုသလို့ ရပါတယ်။
ဆီးပူညောင်းကျရောဂါ ကို မကုသရင် ဘာဆက်ဖြစ်နိုင်လဲ။
ရောဂါကို မကုသဘဲ ထားတဲ့အခါ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမှာ လုံးဝကို သေချာပါတယ်။ အမျိုးသမီးတွေမှာဆို ရောဂါကြောင့် မျိုးပွားအင်္ဂါတွေ ထိခိုက်သွားတတ်ပြီး မြုံသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာဆို နောက်ဆက်တွဲအနေနဲ့ လိင်အင်္ဂါတွေ ရောင်ရမ်းပြီး လိင်ဆက်ဆံတဲ့အခါမှာ အခက်အခဲဖြစ်စေပါတယ်။ နှစ်ဦးစလုံးမှာ ဖြစ်တတ်တာကတော့ အဆစ်အမြစ်ရောင်ရမ်းတာ၊ အရေပြားပြဿနာတွေနဲ့ ရောဂါပိုးရောက်သွားတဲ့နေရာက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတတ်ပါတယ်။
ဆီးပူညောင်းကျရောဂါ ကိုကာကွယ်လို့ရလား။
လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ရောဂါဆိုတော့ ကိုယ့်အိမ်ထောင်ဘက်ကို သစ္စာရှိရင် လုံးဝကို ကူးစက်နိုင်ခြေကို သိသိသာသာလျှော့ချနိုင်တဲ့ ရောဂါတစ်ခုပါ။ နောက်အခြား သတိထားသင့်တဲ့ အချက်တွေကတော့
- လိင်ဆက်ဆံဖော် အရေအတွက်ကို လျှော့ပါ။
- အပျော်ရှာတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။
- ကိုယ့်မှာ ရောဂါရှိနေပြီလို့ သံသယရှိတဲ့အခါ ဆေးကုသမှု သေချာခံယူပါ။ ကိုယ့်အိမ်ထောင်ဘက်ကိုလည်း စစ်ဆေးကြည့်ပါ။
- ရောဂါရှိနေပြီဆိုတာနဲ့ အခြားသူတွေဆီကို ရောဂါ ထပ်မပျံ့အောင် တားဆီးဖို့အတွက် သင်ကသာ တာဝန်အရှိဆုံးပါ ။ ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။