backup og meta

မနက်ပိုင်းတွင် လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်ပိုင်းတွင် လိင်ဆက်ဆံခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    မနက်ပိုင်းမှာ လိင်ဆက်ဆံတာ ပိုကောင်းလား၊ ညနေပိုင်းမှာ လိင်ဆက်ဆံတာက ပိုကောင်းလားဆိုတဲ့ အငြင်းအခုံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အငြင်းအခုံဟာ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ သဘာဝတရားကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသားတွေအတွက် မနက်ခင်းဟာ လိင်စိတ် အတက်ကြွဆုံးအချိန်ဖြစ်ပြီး အမျိုးသမီးတွေကျတော့ ညနေပိုင်း အိမ်ထောင်မှု ကိစ္စတွေ အားလုံးအပြီး အနားယူရတဲ့အချိန်ကို ပိုသဘောကြတတ်ကြပါတယ်။

    ဒီလို အချိန်ခြားနားမှု ဘာကြောင့် ဖြစ်နေရတာလဲ။

    ပထမအချက်ကတော့

    တက်စတိုစတီရုန်း ဟော်မုန်းခြားနားမှု။

    တက်စတို စတီရုန်းဟာ ယောက်ျားလေးတွေမှာပဲ ရှိတာ မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း တက်စတို စတီရုန်း ဟော်မုန်းရှိပါတယ်။ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို အမျိုးသမီး မျိုးဥအိမ်တွေမှ ထုတ်လုပ်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အဆီတစ်ရှူးကနေလည်း အီစထရိုဂျင် ဟော်မုန်းထွက်ရှိပါသေးတယ်။

    ဒီဟော်မုန်းတွေကအမျိုးသမီးတွေရဲ့ ကြီးထွားမှု၊ မျိုးပွားတစ်ရှူးများကို ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ကြီးထွားခြင်းကိုလွှမ်းမိုးနေပါတယ်။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်းဟော်မုန်းပမဏက မနက် ၆ နာရီမှ ၉ နာရီအတွင်းမှာ အမြင့်ဆုံးအချိန် ဖြစ်ပါတယ်။

    ဒါ့ကြောင့် မနက်ခင်းမှာ လိင်တံက ထောင်မတ်နေတတ်ပြီး အမျိုးသားတွေက မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းကို ပိုကြိုက်တတ်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းက ပမာဏ အနည်းဆုံးဖြစ်ပြီး သူတို့ရဲ့ တက်စတိုစတီရုန်း ဟော်မုန်းက ညနေပိုင်းမှာ တဖြည်းဖြည်း မြင့်တတ်သွားတာ ဖြစ်ပါတယ်။

    ဟော်မုန်းစက်ဝန်းများ မတူညီခြင်း။

    အမျိုးသားတွေဟာ မနက်ခင်းမှာ တက်စတိုစတီရုန်းဟော်မုန်းကွာဟမှုက ၂၅ % ကနေ ၅၀ % အထိ တစ်နေ့တွင်းချင်းမြင့်တက်နေပါတယ်။ ဒီလို ပမာဏခြားနားမှုကြောင့် မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ဖြစ်နေကြတာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာကျတော့ တက်စတိုစတီရုန်းဟာ နေ့ချင်း သိသိသာသာပြောင်းလဲမှု မရှိဘဲ လအလယ်ပိုင်း မျိုးဥကြွေချိန်လောက်မှာသာ တက်စတိုစတီရုန်းက သိသိသာသာပြောင်းလဲမှုကို တွေ့ကြုံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုပြောင်းလဲမှုဟာ အမျိုးသားတွေလောက် ပမာဏ မများပါဘူး။

    သန့်ရှင်းမှုကြောင့်။

    အမျိုးသမီး အများစုက လိင်မဆက်ဆံခင် သန့်သန့်ရှင်းရှင်း ဖြစ်နေတာကို ပိုသဘောကျကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတွက် မနက်ပိုင်း လိင်ဆက်ဆံဖို့ဆိုတာ မနက်ပိုင်းမှာထွက်ရှိတဲ့ ခံတွင်းနံ့တွေနဲ့ လိင်အင်္ဂါများရဲ့ အနံ့များက မနက်ပိုင်း လိင်ဆက်ဆံချင်စိတ်ကိုနည်းပါးနေမှာပါ။ အမျိုးသားတွေကျတော့ အနံ့ခံနိုင်စွမ်းဟာ အမျိုးသမီးတွေလောက် အာရုံခံနိုင်စွမ်းမကောင်းတဲ့ အတွက်ကြောင့် အနံ့အသက်ကိစ္စဟာ သူ့အတွက် ပြဿနာ တစ်ရပ်မဟုတ်ပါဘူး။

    ညပိုင်းလိင်ဆက်ဆံခြင်းမှာလည်း သက်ဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိသလို မနက်ပိုင်းလိင်ဆက်ဆံခြင်းမှာလည်း အကျိုးကျေးဇူးတွေ ရှိပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ နေ့တစ်နေ့ရဲ့ အစပိုင်းမှာ စိတ်ပြေလျော့စေနိုင်ပြီး စွမ်းအင် ပမာဏကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုကိုလည်း ဖြေလျော့ပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံချိန် စိတ်လှုပ်ရှားမှု အကောင်းဆုံး အချိန်ရောက်ရှိခြင်း (orgasm) ဖြစ်တဲ့အခါ သင်ရဲ့ စိတ်ပိုင်းကို ပိုကြည်လင်စေသလို သင့်ရဲ့ အဖော်ဖြစ်သူနဲ့လည်း ပိုရင်းနှီးလာစေမှာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းရဲ့ တစ်ခြားသောအကျိုးကျေးဇူးတွေကတော့

    ၁။ မနက်ပိုင်းမှာ ခန္ဓာကိုယ်ဟာ စွမ်းအား ပြည့်နေပါတယ်။

    မနက်ပိုင်းမှာ ခန္ဓာကိုယ်ရဲ့ စွမ်းအားတွေက အမြင့်ဆုံး အချိန်ဖြစ်တဲ့အတွက် လိင်ဆက်ဆံဖို့ အသင့်တော် ဆုံးအချိန်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ လိင်ဆက်ဆံချင်စိတ်ကို လွှမ်းမိုးနေတဲ့ တက်စတို စတီရုန်းဟော်မုန်း ပမာဏက မနက်ပိုင်း အချိန်တွေမှာ မြင့်တက်နေပါတယ်။ ၂၀၁၃ ခုနှစ်က လေ့လာချက်အရတွေ ဒီလိင်ဟော်မုန်း များလေလေ သင့်အနေနဲ့ စွမ်းအားပိုပြည့်ပြီး လိင်ဆက်ဆံချင်စိတ်များနေကြောင်း တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

    ၂။ လိင်ဆက်ဆံချိန် ပိုပြီး ကြာမြင့်ခြင်း။

    လိင်ဆက်ဆံခြင်းအပေါ်မှာ ဟော်မုန်းတွေက အများကြီး လွှမ်းမိုးနေပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်းများလေ လိင်ဆက်ဆံခြင်းက ပိုပြီး ကောင်းမွန်လေပါပဲ။ တက်စတိုစတီရုန်း ဟော်မုန်းများတဲ့အခါ ကာမရာဂစိတ်ပိုတက်ကြွပြီး လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုပြီး အားကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ဟော်မုန်းများနေတဲ့အချိန် လိင်တံထောင်မတ်မှု အားလည်း ပိုကောင်းကြောင်းတွေ့ရှိခဲ့ကြပါတယ်။

    ၃။ မနက်ပိုင်းမှာ ပွေ့ဖက်ခြင်းဟော်မုန်းလို့ လူသိများတဲ့ အောက်စီတိုစင် (oxytocin) ပိုပြီး ထွက်ရှိပါတယ်။

    မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းဟာ သင့်နဲ့ သင့်အဖော်ဖြစ်သူက်ု ပိုပြီး ရင်းနှီးလာစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လိင်ဆက်ဆံချိန်မှာ ပွေ့ဖက်ခြင်းဟော်မုန်းလို လူသိများတဲ့ အောက်စီတိုစင် (oxytocin) ထွက်ရှိပါတယ်။ အောက်စီတိုစင် (oxytocin) ဟာ ဦးနှောက်ထဲက ချစ်ခြင်းနဲ့ ရင်းနှီးခြင်းကို ထိန်းချုပ်တဲ့ ဓာတုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လိင်ဆက်ဆံချိန် ဒီဟော်မုန်းထွက်ရှိတဲ့အခါမှာ သင့်အနေနဲ့ သင့်ရဲ့ လက်တွဲဖော်နဲ့ ပိုပြီး ရင်းနှီးလာမှာ ဖြစ်ပါတယ်။

    ၄။ စိတ်ဖိစီးမှုကိုလျော့ပါးစေတယ်။

    စိတ်ဖိစီးမှုလျော့ပါးချင်ပါသလား။ မနက်ပိုင်းမှာ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှု လျော့ပါးစေနိုင်ပါတယ်။ ပျော်ရွှင်ကြည်နှုးဖွယ်ရာ လုပ်ဆောင်မှုတွေက စိတ်ဖိစီးမှု ပမာဏကို လျော့ပါးစေနိုင်ပါတယ်။ ဒီတော့ မနက်ပိုင်း အလုပ်မသွားခင် စိတ်ဖိစီးမှု ကင်းဝေးအောင် လုပ်ဆောင်ခြင်းဖြင့် ကျန်တစ်နေ့တာ လုံးကို စိတ်ကြည်လင်စွာနဲ့ ဖြတ်သန်းနိုင်မှာလည်း ဖြစ်ပါတယ်။

    ၅။ အမ်ဒေါ်ဖင် (endorphins) ဟော်မုန်းကို ထွက်ရှိစေတယ်။

    မနက်ပိုင်းလိင်ဆက်ဆံခြင်းဟာ အမ်ဒေါ်ဖင် (endorphins) လို့ ခေါ်တဲ့ နာကျင်မှုကို လျော့ပါးစေတဲ့ ဟော်မုန်းကို ထွက်ရှိစေတာကြောင့် သင့်အနေနဲ့ ကျန်တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံပြီး လိင်စိတ်အပြင်းပြဆုံးရောက်ရှိအပြီးမှာ ပျော်ရွှင်မှုကို အနည်းငယ်ခံစားရတာ ဖြစ်ပါတယ်။ ဒီတော့ သင့်ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်ထဲဒီအရာကို စတင်လုပ်ခြင်းဖြင့် ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။

    ၆။ ကိုယ်လက်လှုပ်ရှားမှု အသေးစားတစ်ခု ဖြစ်ပါတယ်။

    သေချာတာကတော့ မနက်ပိုင်း လိင်ဆက်ဆံချိန်ဟာ မနက်ပိုင်း တစ်နာရီ အပြေးစက်ပေါ်မှာ ပြေးတာနဲ့တော့ ယှဉ်လို့ မရပေမဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု အဖြစ် သတ်မှတ်နိုင်ပါသေးတယ်။

    လိင်ဆက်ဆံချိန် တစ်မိနစ်မှာ ၅ ကယ်လိုရီ လောင်ကျွမ်းနိုင်တယ်လို့ ဟားဗတ်ဆေးကျောင်းမှ လေ့လာချက်က ဆိုထားပါတယ်။ ဒီပမာဏက လမ်းလျှောက်ချိန် ကယ်လိုရီလောင်ကျွမ်းနှုန်းနဲ့ တူညီနေပါတယ်။ ဒီတော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အနည်းဆုံး ၇၅ ကယ်လိုရီလောက်တော့ လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ ဘာအားကစားမှ မလုပ်တာထက်စာရင် ကယ်လိုရီ ၇၅ လောက် လောင်ကျွမ်းတာက ကောင်းတယ်လို့ ဆိုရမှာပါ။

    ၇။ ဦးနှောက်အတွက်ကောင်းမွန်ပါတယ်။

    ဦးနှောက်ရဲ့ စွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင်တော့ မနက်ပိုင်း လိင်ဆက်ဆံခြင်းက အဖြေတစ်ခု ဖြစ်လာပါလိမ့်မယ်။ လေ့လာချက် တော်တော်များများ အရတော့ ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းဟာအာရုံကြော အချက်ပြချက်တွေနဲ့ ဒိုပါမင်း (dopamine) လို့ခေါ်တဲ့ ဟော်မုန်းအပါအဝင် တစ်ခြားဟော်မုန်းများကို ထွက်ရှိစေပါတယ်။ ဒိုပါမင်း(dopamine) ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ ဟော်မုန်းဖြစ်ပြီး သင့်ဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ သိစိတ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။

    ၈။ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။

    မနက်ပိုင်း လိင်မှု ကိစ္စလုပ်ဆောင်ခြင်းက ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာချက် အရတော့ လိင်ဆက်ဆံခြင်းက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ ကိုယ်ခံအား စနစ်ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။

    ၉။ သင့်ကို ပိုပြီး နုပျိုစေနိုင်ပါတယ်။

    မနက်ပိုင်း လိင်ဆက်ဆံခြင်းက သင့်ရဲ့ ကိုယ်ပိုင် နုပျိုနည်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံခြင်းဟာ အောက်စီတိုစင်( oxytocin)၊ ဘီတာ အမ်ဒေါ်ဖင်း ( beta endorphins) နဲ့ တစ်ခြားသော အရောင်အရမ်းကို လျော့ပါးစေနိုင်တဲ့ ပစ္စည်းများကို ထွက်ရှိစေနိုင်လို့ပါ။

    လေ့လာချက်တစ်ခုအရတော့ တစ်ပတ်ကို ၃ ကြိမ် လိင်ဆက်ဆံခြင်းဟာ ဒီအကြိမ်အရေတွက်လောက် လိင်မဆက်ဆံတဲ့ သူတွေထက် နှစ်ပေါင်းများစွာ နုပျိုစေနိုင်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံချိန် အထွတ်အထိပ်ရောက်ခြင်းဟာ သင့်ရဲ့ အရေပြားကျန်းမာရေး အတွက်လည်းကောင်းမွန်ပါတယ်။

    မနက်ပိုင်း လိင်ဆက်ဆံနိုင်ဖို့ အတွက် နည်းလမ်းများ။

    မနက်ပိုင်း လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုပေမဲ့ သင့်စိတ်ကူးရတဲ့ အချိန်တော့ ကောက်ကာငင်ကာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ သင့်အနေနဲ့ မနက်ပိုင်း လိင်ဆံတက်ဖို့အတွက် ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။ အခုဒီမှာတော့ Hellosayarwon ပရိတ်သတ်ကြီးအတွက် သင့်အနေနဲ့ တစ်နေ့တာ လုပ်ငန်းစဉ်အချိန်ဇယားထဲမှာ မနက်ပိုင်းလိင်ဆက်ဆံမှု လုပ်ဆောင်နိုင်ရန်အတွက် ဘယ်လိုထည့်သွင်းရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

    ၁။ အချိန်မလောက်မှာ စိုးရိမ်နေပါသလား။

    မနက်ပိုင်းလိင်ဆက်ဆံခြင်းအတွက် မနက်ပိုင်းမှာ ကိုယ်လုပ်ဆောင်နေကျအရာတွေ အတွက် အချိန်မလောက်မှာ စိုးရိမ်နေပါသလား။ ဒါကို ဖြေရှင်းဖို့ နည်းလမ်းကတော့ နှိုးစက်ကို မိနစ် ၂၀ ကစလို့ ကိုယ်လိုချင်တဲ့ အချိန်အထိ တစ်နာရီလောက်အထိ Alarm ပေးထားလို့ရပြီး မနက်ပိုင်း ရေချိုးခန်းမဝင်မှာ ပြုလုပ်နိုင်ပါတယ်။

    ၂။ အကျိုးကျေးဇူးတွေကို အာရုံစိုက်ပါ။

    အမျိုးသားတွေရော၊ အမျိုးသမီးတွေရော မနက်ပိုင်းလိင်ဆက်ဆံပြီးနောက် အလုပ်မှာ ပိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြကြောင်း လေ့လာချက်တွေက ဆိုပါတယ်။ ဒါ့အပြင် မနက်ပိုင်း လိင်ဆက်ဆံအပြီးမှာ vasopressin လို့ခေါ်တဲ့ သိစိတ်အပေါ် လွှမ်းမိုးနိုင်တဲ့ ဟော်မုန်းမြင့်တတ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အမျိုးသားတွေဟာသူ့ရဲ့ ကြင်ဖော် အပေါ် ပိုပြီး စိတ်ပိုင်းဆိုင်ရာရင်းနှီးမှု ပိုများလာစေနိုင်ပါတယ်။

    ၃။ ဖြည်းဖြည်းချင်းစတင်ပါ။

    အချိန်ပေးပြီး ပွေ့ဖက်ခြင်း၊ အဖော်ဖြစ်သူကို ချီးမွမ်းခြင်း ပြုလုပ်ပါ။ အမျိုးသမီးတွေ လိင်ဆက်ဆံချင်စိတ်ကို အဓိက တားဆီးတဲ့ အရာတစ်ခုက သူမခန္ဓာကိုယ် ပုံရိပ် အပေါ် ထင်မြင်ချက်ဖြစ်တဲ့အတွက်ကြောင့် မနက်ခင်းမှာ သူမရဲ့ ပုံစံက ဘယ်လောက်လှပကြောင်း ချီးကျူးနိုင်ပါတယ်။

    ၄။ အိမ်ရာ စောစောဝင်ပါ။

    အိပ်ရေးမဝတဲ့အခါ အမျိုးသမီးတွေရော၊ အမျိုးသားတွေမှာရော တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာပါတယ်။ ဒါ့ကြောင့် ဟော်မုန်းပမာဏ ပုံမှန်ရှိနေစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝ Alarm – System ဖြစ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း cortisol ကို နည်းပါးစေဖို့ အတွက် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။

    အနှစ်ချုပ်

    မနက်ပိုင်းလိင်မှုကိစ္စလုပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါ။ ဒီအထဲက အချက်တွေကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင် သင့်ရဲ့ ခွန်အားတွေ အမြင့်ဆုံးအချိန် ဖြစ်နေတဲ့အတွက် လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန် ဖြစ်နေခြင်း၊ စိတ်ဖိစီးမှု ကင်းဝေးခြင်း၊ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ရင်းနှီးမှု ပိုရှိလာခြင်းနဲ့ နုပျိုမှုကို ခံစားရနိုင်ခြင်းတို့ ဖြစ်ပါတယ်။

    ဒါအပြင် အလုပ်ဆင်းရတဲ့နေ့တွေမှာ စိတ်ဖိစီးမှု ကင်းဝေးစွာနဲ့ ပျော်ရွှင်စွာနဲ့ နေ့တစ်နေ့ကို စတင်နိုင်မှာ ဖြစ်ပါတယ်။ နေ့တိုင်းလုပ်ဆောင်ဖို့က ပင်ပန်းလွန်းနေမယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement