backup og meta

အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ

    လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုတာ လိင်မှုကိစ္စလုပ်နေတဲ့ သူတိုင်း၊ လိင်မှု ကိစ္စလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ လူတိုင်း သိသင့်တဲ့ ရောဂါတွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီရောဂါတွေ ဖြစ်ပွားလာရင် လူအများက ကုသဖို့ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့အပြင် STD တချို့က ဆေးဝါးနဲ့ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ ဒါ့ကြောင့် ရောဂါတွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီးမှ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်ပါတယ်။ ဒီလို အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ဖို့အတွက် Hello sayarwon ပရိတ်သတ်ကြီးအတွက် အတွေ့ရများတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ၁၄ မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။

    ၁။ လိင်အင်္ဂါ အသားပို (HPV)

    လိင်အင်္ဂါ အသားပို ကိုဖြစ်စေတဲ့ Human papillomavirus (HPV) ဟာ အတွေ့ရများတဲ့ ကူးစက်ဗိုင်းရပ်စ် ဖြစ်ပြီး AIDS ကိုဖြစ်စေတဲ့ HIV ဗိုင်းရပ်စ်နဲ့ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) တို့နဲ့ မတူပါဘူး။ လိင်အင်္ဂါ အသားပိုကို HPV ရှိတဲ့လူနဲ့ မွေးလမ်းကြောင်း၊ စအိုနဲ့ ပါးစပ်တို့ဖြင့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။  HPV ကူးစက်ခံရရင် လိင်အင်္ဂါအသားပို ဖြစ်စေနိုင်ပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပေမဲ့ တချို့သော အသားပိုတွေက သားအိမ်ခေါင်းကင်ဆာနဲ့ စအိုကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် ကာကွယ်ဆေးတွေနဲ့ ကာကွယ်နိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    ပန်းဂေါ်ဖီ နဲ့ တူတဲ့ ပန်းရောင် (သို့) အသားရောင်ရှိ အသားပိုတွေ ထွက်လာနိုင်ပါတယ်။ များသောအားဖြင့် လက္ခဏာ မပေါ်တတ်ပါဘူး။

    ၂။ ဆီးခုံမွေးသန်းများ (Crabs)။

    Crabs ဆိုတာ ဆီးခုံမွေးမှာ နေထိုင်တဲ့ သန်းများကို ခေါ်တာ ဖြစ်ပါတယ်။ ဒီသန်းတွေဟာ ဆံပင်နဲ့ တခြား ခန္ဓာကိုယ်အမွေးတွေမှာ နေထိုင်တဲ့ သန်းများနဲ့ ပုံစံမတူဘဲ ကမ်းခြေမှာ တွေ့ရတဲ့ ဂဏန်းလေးတွေနဲ့ ပိုတူပါတယ်။ ဒီသန်းတွေဟာ ခန္ဓာကိုယ် လိင်အင်္ဂါနားတစ်ဝိုက်က အမွေးများမှာ နေထိုင်ပြီး သွေးကိုသောက်သုံးကာ အသက်ရှင်ကြပါတယ်။ ဆီးခုံမွေးသန်းတွေဟာ လိင်ဆက်ဆံချိန် ကူးစက်လွယ်ပြီး လူတစ်ယောက်ဆီးခုံမွေးကနေ နောက်လူတစ်ယောက်ထံ ကူးသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီသန်းတွေကို သတ်ဖို့ အင်မတန်လွယ်ပြီး ဆေးဆိုင်တွေက လိမ်းဆေးတွေနဲ့ ကုသနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    အပြင်းအထန် ယားယံခြင်း၊ ဆီးခုံမွေးမှာ သန်းများနဲ့ ဥသေးသေးလေးများကို တွေ့ရခြင်း။

    ၃။ ဝဲနာ (Scabies)။

    ဝဲဆိုတာကတော့ Sarcoptes scabiei လို့ခေါ်တဲ့ အကောင်လေးများ အရေပြား အပေါ်ဆုံး အလွှာမှာ နေထိုင်တဲ့ အခါ ဖြစ်ပေါ်တဲ့ ယားယံမှုကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအကောင်လေးတွေ အရေပြားကို ဥဥဖို့ တူးတဲ့ အခါမှာ အရေပြား အလွန်အမင်းယားယံခြင်းကို ဖြစ်စေနိုင်ပြီး အနီကွက်များကို ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အမြဲတမ်းလိင်မှ တစ်ဆင့်ကူးစက်တာ မဟုတ်ဘဲ အရေပြားနဲ့ ထိတွေ့ရာမှလည်း ကူးစက်နိုင်ပါတယ်။ သို့ပေမဲ့ လူငယ်အများစုမှာတော့ ဝဲနာဟာ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ ဝဲနာတွေကို လိမ်းဆေးတွေနဲ့ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    အထူးသဖြင့် ညဘက်တွင်း အပြင်းအထန်ယားယံပြီး အရေပြားပေါ် အနီကွက်များပေါ်ခြင်း

    (ရောဂါ လက္ခဏာတွေ ပေါ်ဖို့ အတွက် အနည်းဆုံး ၂ ပတ်ကနေ ၆ ပတ် အထိ ကြာမြင့်နိုင်ပါတယ်။)

    ၄။ ဆီးပူညောင်းကျ (ကာလသားရောဂါ) Gonorrhea။

    ဆီးပူညောင်းကျရောဂါကလည်း အလွယ်တကူ ကူးစက်နိုင်ပြီး မကုသဘဲ ထားမယ်ဆိုရင်အမျိုးသားများရော၊ အမျိုးသမီးများကိုပါ မြုံသွားသည် အထိ ဖြစ်စေနိုင်ပါတယ်။ ပဋိဇီဝဆေးတွေက ဆီးပူညောင်းကျ ရောဂါကို ပျော က်ကင်းစေနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    အတွေ့ရများတဲ့ ရောဂါလက္ခဏာတွေက ဆီးသွားချိန် ပူစပ်ခြင်းနဲ့ ပြည်ထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပြီး အစပိုင်းမှာတော့ ရောဂါလက္ခဏာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာတော့ ဒီကူးစက်ရောဂါဟာ အရေပြားမှာ အနီကွက်များကို ဖြစ်စေနိုင်ပြီး နောက်မှာတော့ အဆစ်အမြစ်တွေနဲ့ သွေးထဲကို ပျံ့နှံ့သွားနိုင်ပါတယ်။

    ယောက်ျားလေးတွေမှာတော့ လိင်တံမှ ပြည်ထွက်ခြင်းနဲ့ ဝှေးစေ့တို့ ရောင်ကိုင်းခြင်း

    အမျိုးသမီးတွေမှာတော့ အမျိုးသမီးမွေးလမ်းကြောင်းမှ ပြည်ထွက်ခြင်း၊ တင်ပါးဆုံအရိုးများနာကျင်ခြင်းနဲ့ ဓမ္မတာ မလာခင် သွေးဆင်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ သိပ်မပြင်းထန်တဲ့ အတွက် အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ မွေးလမ်းကြောင်း ကူးစက်ရောဂါတို့နဲ့ အမြဲတမ်းမှားတတ်ကြပါတယ်။

    ၅။ ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)

    လူအများစုက ဆစ်ဖလစ်ရောဂါရဲ့ အစောပိုင်း ရောဂါလက္ခဏာတွေကို သတိမထားမိကြပါဘူး။ ဆစ်ဖလစ်ရစ်ရောဂါကို မကုသဘဲထားမယ်ဆိုရင် သွက်ချာပါဒဖြစ်ခြင်း၊ မျက်လုံးကန်းခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဆစ်ဖလစ်ရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်။

    ရောဂါလက္ခဏာများ။

    ပထမဆုံး လက္ခဏာအနေနဲ့ လိင်အင်္ဂါ (သို့) စအိုနားမှာ မနာကျင်တဲ့ အနာဝိုင်းလေး တစ်ခုကိုတွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခြေဖဝါး၊ လက်ဝါးနဲ့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း အနီကွက်တွေကို တွေ့လာရမှာ ဖြစ်တဲ့ အပြင် ဂလင်းများရောင်ကိုင်းလာခြင်း၊ ဖျားနာခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ မောပန်းခြင်းတို့ကိုလည်း ခံစားလာရမှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ရောဂါရဲ့ နောက်ဆုံးအဆင့်မှာတော့ ခန္ဓာကိုယ် အရေးကြီး အင်္ဂါတွေ ဖြစ်တဲ့ နှလုံး၊ ဦးနှောက်၊ အသည်း၊ နာဗ်ကြောများနဲ့ မျက်လုံးတို့ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

    ၆။ Chlamydia ရောဂါ (မျိုးပွားအင်္ဂါများကို ထိခိုက်စေနိုင်သောရောဂါ)။

    Chlamydia trachomatis ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ Chlamydia ရောဂါဟာ အတွေ့ရများတဲ့ STD ရောဂါဖြစ်ပြီး အမျိုးသားရော၊ အမျိုးသမီးများကို ပါကူးစက်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ Chlamydia ရောဂါ ကို သားအိမ်ခေါင်း၊ စအိုလမ်းကြောင်းနဲ့ လည်ပင်းတို့မှာ ကူးစက်နိုင်ပြီး အမျိုးသားတွေကျတော့ ဆီးလမ်းကြောင်း၊ စအိုလမ်းကြောင်းနဲ့ လည်ပင်းတို့မှာ ကူးစက်ခံရနိုင်ပါတယ်။ Chlamydia ရောဂါကို ပါးစပ်ဖြင့်သော်လည်းကောင်း၊ မွေးလမ်းကြောင်း ဖြင့်သော်လည်းကောင်း၊ စအိုဖြင့်သော်လည်းကောင်း ရောဂါရှိတဲ့လူနဲ့ လိင်ဆက်ဆံရင် ကူးစက်ခံရနိုင်ပါတယ်။ သန္ဓေသားတွေအနေနဲ့လည်း မိခင်ဖြစ်သူက Chlamydia ရောဂါရှိမယ်ဆိုရင် ကူးစက်ခံရနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    Chlamydia ဟာ ပုံမှန်အားဖြင့် အစောပိုင်းမှာ ရောဂါ လက္ခဏာတွေ ပြလေ့မရှိပါဘူး။ ဒါပေမဲ့ ရောဂါကူးစက်ခံရပြီး ရက်သတ္တပတ် ၁ ပတ်မှ ၃ ပတ်အတွင်းကြာတဲ့ အခါ အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းမှ အနံ့ပြင်းတဲ့ ပြည်များ စီးဆင်းခြင်း၊ ဆီးသွားချိန်ပူစပ်ခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်း၊ ဝမ်းဗိုက်အောက်ဘက်ပိုင်းနာကျင်ခြင်း၊ ပျို့အန်ခြင်းနဲ့ အဖျားရောဂါတို့ဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေမှာတော့ လိင်တံမှ ပြည်ထွက်ခြင်း၊ ဆီးသွားချိန် ပူစက်ခြင်း၊ လိင်တံအဝနား ပူစပ်ပြီး ယားယံခြင်းနဲ့ ဝှေးစေ့ တစ်လုံး (သို့ ) နှစ်လုံးလုံး ရောင်ကိုင်း နာကျင်လာခြင်း (ဝှေးစေ့ ရောင်ကိုင်းခြင်းကတော့ အတွေ့ရနည်းပါတယ်။) တကယ်လို့ Chlamydia က စအိုလမ်းကြောင်းမှာ ကူးစက်ခံရမယ်ဆိုရင် စအိုအိမ်နာကျင်ခြင်း၊ ပြည်ထွက်ခြင်းနဲ့ သွေးထွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Chlamydia ကို စောစောသိပြီး မကုသရင် မြုံသည် အထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ Chlamydia ရဲ့ ရောဂါ လက္ခဏာတွေက သိပ်မသိတဲ့ အတွက် ရောဂါ ကူးစက်ခံရနေမှန်းတောင် လူတော်တော်များများ မသိကြပါဘူး။ သိလို့ ကုသမယ်ဆိုရင်တော့ ပဋိဇီဝဆေးများနဲ့ ကုသနိုင်ပါတယ်။

    ၇။ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) အမျိုးအစား ၁။

    ပါးစပ်နားတစ်ဝိုက်မှာ ရေယုန်နာတွေ ပေါက်ခြင်းဟာ HSV ဗိုင်းရပ်စ် အမျိုးအစား ၁ ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်မှသာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ နှုတ်ခမ်းခြင်း နမ်းရာမှလည်း ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ ရောဂါရှိနေတဲ့ လူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ ထိတွေ့ရမှလည်း ကူးစက်နိုင်သလို လိင်အင်္ဂါချင်းထိတွေ့ရာမှလည်း ကူးစက်နိုင်ပါတယ်။ ရေယုန်ကို ကုသလို့ မရပေမဲ့ ဆေးဝါးများနဲ့ ရောဂါ သက်သာလာအောင် ကုသလို့တော့ရပါတယ်။

    ရောဂါလက္ခဏာများ။

    နှုတ်ခမ်းတွင် ရေယုန်နာများပေါက်ခြင်း၊ လိင်အင်္ဂါများတွင် ရေယုန်နာများ ပေါက်ပွားခြင်း။

    ၈။ ရေယုန်ကို ဖြစ်စေတဲ့ herpes simplex virus (HSV) အမျိုးအစား ၂ ။

    လိင်အင်္ဂါမှာ ရေယုန်ပေါက်ခြင်းဟာ များသောအားဖြင့် HSV ဗိုင်းရစ်ပ် ၂ ကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အလွယ်တကူ ကူးစက်နိုင်ပြီး လိင်ဆက်ဆံရာမှ ဖြစ်စေ၊ ရေယုန်ကို တိုက်ရိုက်ထိတွေ့ရာမှ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ HSV -1 လိုပဲ ဒီရောဂါကို ကုသနိုင်တဲ့ ဆေးမရှိပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်သတ်ဆေးများက အနာများကို နည်းပါးစေပြီး ရောဂါ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    လိင်အင်္ဂါများ၊ စအို၊ ပေါင်နဲ့ တင်ပါးတို့တွင် နာကျင်ပြီး အရည်များရှိသော ရေယုန်နာများ ပေါက်ခြင်း၊ ဒီအနာတွေကို ပါးစပ်နဲ့ ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။

    ၉။ အသည်းရောင် B ရောဂါ။

    အသည်းရောင် B ဗိုင်းရပ်စ်ဟာ သွေး (သို့မဟုတ်) ခန္ဓာကိုယ်ထွက် တခြား အရည်များမှ ကူးစက်နိုင်ပြီး အသည်းကို ပြင်းထန်စွာ ပျက်ဆီးစေနိုင်ပါတယ်။ ဒီရောဂါကို လိင်ဆက်ဆံခြင်းဖြင့်သော်လည်းကောင်း၊ ဆေးထိုးအပ် အတူတကွ သုံးခြင်းဖြင့်သော်လည်းကောင်း၊ ဘလိတ်ဓားနဲ့ သွားတိုက်တံများ ဝေမျှ သုံးစွဲခြင်းဖြင့်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။

    ဒါ့အပြင် မိခင်မှာ ရောဂါရှိနေရင် ကလေးထံသို့လည်း ကူးစက်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ကုသဖို့ နည်းမရှိပေမဲ့ ရောဂါလက္ခဏာတွေကို ထိန်းသိမ်းပေးဖို့အတွက် ဆေးတွေတော့ ရှိပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်ဖို့ အတွက်တော့ အစွမ်းထက်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။

    ရောဂါလက္ခဏာများ။

    ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူတွေဟာ ပျို့အန်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ဆီးအနက်များသွားခြင်း၊ ရောဂါပြင်းထန်လာတဲ့အခါ အသားရေနဲ့ မျက်လုံးများဝါလာခြင်း တို့ ဖြစ်စေနိုင်ပါတယ်။ နာတာရှည်ဖြစ်သွားမယ်ဆိုရင် အသည်းကျွတ်ဆတ်လာခြင်းနဲ့ အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ လူအများစုမှာတော့ ရောဂါလက္ခဏာဟာ နှစ်ပေါင်းများစွာ ကြာတဲ့ အထိ ပေါ်လေ့မရှိပါဘူး။

    ၁၀။ HIV/AIDS။

    ဒီရောဂါကတော့ လူသိအများဆုံးနဲ့ လူအများ အကြောက်ကြဆုံးရောဂါတစ်ခုပါ။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်နာမည်နဲ့ ရောဂါအမည်ကို လူတော်တော်များများရောတတ်ကြတဲ့ အတွက် ကျွန်တော် ဒီအပိုင်းလေးမှာ သေချာရှင်းလင်းအောင်ဖော်ပြပေးသွားပါမယ်။ HIV ဆိုတာ human immunodeficiency virus ရဲ့ အတိုကောက်ဖြစ်ပြီး ခန္ဓာကိုယ်ခံအားစနစ်ကို တိုက်ခိုက်တဲ့ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီအတိုင်းထားမယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို လုံးဝပျက်ဆီးသွားအောင် ဖျက်ဆီးပစ်နိုင်ပါတယ်။

    AIDS ဆိုတာတော့ ရောဂါ နာမည်ဖြစ်ပြီး HIV ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာစုကိုခေါ်တာဖြစ်ပါတယ်။ AIDS ရဲ့ အရှည်ကောက်ကတော့ acquired immune deficiency syndrome လို့ခေါ်ပါတယ်။

    HIV ဟာ ခန္ဓာကိုယ်က ဖျားနာမှုတွေ၊ ရောဂါပိုးတွေကို သဘာဝအတိုင်းတိုက်ဖျက်ပေးတဲ့ ကိုယ်ခံအား စနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ ဒီ HIV ဗိုင်းရပ်စ်ဟာ CD4 cells လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် အတွင်းက သွေးဖြူဥဆဲလ်တွေကို တိုက်ခိုက်ပါတယ်။ ဒီဆဲလ်တွေကို T-helper cell လို့လည်း ခေါ်ပြီး HIV ဗိုင်းရပ်စ်က ဒီဆဲလ်တွေရဲ့ ပုံစံတူပြုလုပ်ပြီး ဒီဆဲလ်တွေ အတွင်းမှာနေထိုင်ခြင်းဖြင့် တိုက်ခိုက်ပါတယ်။ HIV ဗိုင်းရပ်စ်တွေက CD4 ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး ပုံစံတူလုပ်တာများလာလေ လူတစ်ယောက်ရဲ့ ကိုယ်ခံအား စနစ်က ချို့ယွင်းလာလေပါပဲ။

    ဒီတော့ HIV ဗိုင်းရပ်စ်ရှိပြီး ဘာကုသမှုမှ မခံယူထားတဲ့သူတွေဟာ ရောဂါပိုးတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ခိုက်ဖို့ ပိုခက်ခဲလာမှာ ဖြစ်ပါတယ်။ ဘာကုသမှုမှ မခံယူဘဲနေမယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို HIV ဗိုင်းရပ်စ်က ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း ဖျက်ဆီးပစ်နိုင်ပါတယ်။ သို့ပေမဲ့HIV ဗိုင်းရပ်စ် ပျံ့ပွားနှုန်းဟာ လူတစ်ယောက်ရဲ့ အသက်အရွယ်၊ ကျန်းမာရေး အခြေအနေနဲ့ မျိုးရိုးဗီဇတို့နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်များ ဝေမျှ သုံးစွဲခြင်းနဲ့ မိခင်မှာရောဂါ ရှိနေရင် ကလေးထံသို့ ကူးစက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပေါင်းများစွာကြာတဲ့ အထိရောဂါ လက္ခဏာ မပြတတ်တာကြောင့် သွေးစစ်တာက အကောင်းဆုံး စစ်ဆေးနည်း ဖြစ်ပါတယ်။ အချိန်မှန် ကုသမှုခံယူပြီး ပြင်းထန်တဲ့ ရောဂါတွေ မဖြစ်ပွားရန် ကာကွယ်နိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    ပုံမှန်အားဖြင့် ရောဂါလက္ခဏာ မပြတတ်ပေမဲ့ လူတချို့မှာတော့ ကူးစက်ခံရပြီး တစ်လ နှစ်လ အကြာမှာ ခဏတာ ဖျားနာမှုကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂလင်းများရောင်ကိုင်းခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ မောပန်း ခြင်းတို့ ဖြစ်နိုင်ပြီး ခံတွင်းမှာ ပြည်တည်နာများ ဖြစ်စေနိုင်ပါတယ်။

    HIV/AIDS အတွက်စစ်ဆေးမှုများ။

    ဆေးခန်းတွေနဲ့ အိမ်မှာ ပဲ ဖြစ်ဖြစ် FDA ( Food and Drug Administration) ကခွင့်ပြုထားတဲ့ HIV/AIDS စမ်းသပ်ပစ္စည်းတွေနဲ့ စစ်ဆေးနိုင်ပါတယ်။ သို့ပေမဲ့ တစ်ခါတစ်ရံမှာ HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၆ လအတွင်းမှာ တချို့သော စမ်းသပ်မှုတွေက ရောဂါကို အတည်မပြုနိုင်ပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ သင်က တခြားလူတွေကို ရောဂါ ကူးစက်နိုင်စေပါသေးတယ်။ ဒါ့ကြောင့် ကိုယ်မှာ HIV/ AIDS ရှိတယ်လို သံသယရှိတယ်ဆိုရင် သေချာအောင်သွေးစစ်ခြင်းဖြင့် ရောဂါများ ပြန့်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ တကယ်လို့ HIV ဗိုင်းရပ်စ်ရှိကြောင်းသိရမယ်ဆိုရင် AIDS ရောဂါ အဆင့်အထိ မပြောင်းသွားအောင် တားဆီးနိုင်ပါတယ်။

    HIV/AIDS ကုသနည်းများ ။

    လက်ရှိအချိန်ထိတော့ HIV ဗိုင်းရပ်စ်ကို ကုသဖို့နည်းမရှိပေမဲ့ HIV ဗိုင်းရပ်စ် ပမာဏ ခန္ဓာကိုယ်ထဲ ပြန့်ပွားလာခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတွေတော့ ရှိနေပါပြီ။ ဒီလို ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးတွေကို သောက်သုံးခြင်းဖြင့် ကူးစက်ရောဂါတွေ ထပ်ဖြစ်ပွားလာခြင်းကို တားဆီးနိုင်သလို AIDS ရောဂါ ရင့်လာခြင်းကိုလည်း တားဆီးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအား စနစ်က အရမ်းအားနည်းနေမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါတွေ ကူးစက်လာခြင်းကို ကာကွယ် (သို့) တိုက်ဖျက်ပေးနိုင်တဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။

    ၁၁။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ Trichomoniasis ရောဂါ။

    Trichomoniasis ဟာ အတွေ့ရများတဲ့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ဖြစ်ပြီး Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင် ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။ ရောဂါ လက္ခဏာကလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူတာကြောင့် ရောဂါ ကူးစက်ခံထားရတဲ့ သူတွေတောင် ရောဂါ ဖြစ်နေလားဆိုတာကို မသိကြပါဘူး။ ကူးစက်ခံထားရတဲ့ လူနဲ့ လိင်ဆက်ဆံမိရင် Trichomoniasis ရောဂါ ကူးစက်ခံရနိုင်ပြီး အမျိုးသမီးတွေမှာကူးစက်ခံရတဲ့အစိတ်အပိုင်းတွေက အမျိုးသမီး အင်္ဂါ နှုတ်ခမ်းသား၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်းနဲ့ ဆီးလမ်းကြောင်း တို့ ဖြစ်ပါတယ်။ အမျိုးသားတွေမှာတော့

    ကူးစက်ခံရတဲ့ နေရာက လိင်တံအတွင်းဆီးလမ်းကြောင်း ဖြစ်ပါတယ်။

    လိင်ဆက်ဆံချိန်မှာ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင်ဟာ မွေးလမ်းကြောင်းမှ လိင်တံသို့ ၊လိင်တံမှ မွေးလမ်းကြောင်းသို့ ပျံ့ပွားနိုင်တဲ့အပြင် မွေးလမ်းကြောင်း အချင်းချင်းသို့လည်း ပျံ့နှံနိုင်ပါတယ်။ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်တဲ့ လက်၊ ပါးစပ်နဲ့ စအိုတို့မှာတော့ ကူးစက်ခံရနိုင်ခြေနည်းပါတယ်။ လက်ရှိအချိန်ထိ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင် ကူးစက်ခံထားရတဲ့ လူတွေမှာ တချို့က ရောဂါ လက္ခဏာပြပြီး တချို့က ဘာလို့ ရောဂါ လက္ခဏာ မပြရတာလည်းဆိုတာ အဖြေရှာလို့ မရသေးပါဘူး။ ဖြစ်နိုင်တာကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ရောဂါ လက္ခဏာ မပြတာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရောဂါ ရှိတဲ့လူဟာ မရှိဘူးလို့ထင်ပြီး လိင်ဆက်ဆံရင် တခြားလူကို ကူးစက်စေနိုင်ပါတယ်။ ရောဂါရှိကြောင်း သိမယ်ဆိုရင်တော့ ဆရာဝန်ထံသွားရောက်ပြသပြီး ကုသနိုင်ပါတယ်။

    ရောဂါလက္ခဏာများ။

    များသောအားဖြင့် Trichomoniasis ရောဂါ ကူးစက်ခံထားရတဲ့ လူ ၇၀ ရာခိုင်နှုန်းလောက်မှာ ရောဂါ လက္ခဏာမပြပေမဲ့ ရောဂါလက္ခဏာ ပြတဲ့ လူတွေမှာတော့ လိင်အင်္ဂါ ယားယံခြင်းနဲ့ ရောင်ကိုင်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။

    အမျိုးသားတွေမှာဆိုရင်

    လိင်တံအတွင်း ဆီးလမ်းကြောင်းမှာ ယားယံခြင်းနဲ့ ပြည်အနည်းငယ်ထွက်ခြင်း၊ ဆီးသွားချိန်၊ သုက်ထွက်ချိန် ပူစပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာဆိုရင်တော့

    မွေးလမ်းကြောင်းအတွင်းမှ အနံ့ပြင်းတဲ့ အဝါရောင် – အစိမ်းရောင် စီးဆင်း မှုများကိုတွေ့ရမှာ ဖြစ်ပြီး မွေးလမ်းကြောင်း ယားယံခြင်း၊ လိင်ဆက်ဆံချိန်နဲ့ ဆီးသွားချိန် နာကျင်ခြင်းကို ခံစားကြရမှာ ဖြစ်ပါတယ်။

    ၁၂။ လိင်အင်္ဂါတွင် အနာများပေါက်ခြင်း (Chancroid)။

    လိင်အင်္ဂါတွင် အနာများပေါက်ခြင်းဟာ ဘက်တီးရီးယား ကူးစက်ခြင်းကြောင့် ဖြစ်ပွားတဲ့ ရောဂါ ဖြစ်ပြီး လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ ရောဂါ (STD) လည်း ဖြစ်ပါတယ်။ ဒီရောဂါဟာ အာဖရိကနဲ့ အာရှနိုင်ငံတွေလို တိုးတက်ခါစနိုင်ငံတွေမှာ ဖြစ်ပွားလေ့ရှိပြီး ပဋိဇီဝဆေးတွေနဲ့ ကုသလို့ ရနိုင်ပါတယ် ။

    ရောဂါလက္ခဏာများ။

    အမျိုးသားများမှာဆိုရင်

    လိင်တံမှာ အဖုများပေါက်လာမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ပြည်တည်နာများ ဖြစ်လာမှာပါ။ ဒါ့အပြင် လိင်အင်္ဂါနဲ့ ပေါင်ခြံတို့မှာ နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

    အမျိုးသမီးတွေမှာဆိုရင်

    လိင်အင်္ဂါနားတစ်ဝိုက် အဖုများပေါက်လာမှာ ဖြစ်ပြီး နောက်ပိုင်း ပြည်တည်နာများ ဖြစ်လာမှာပါ။ ဒါ့အပြင် ပေါင်ခြံအတွင်းက သွေးဖြူတစ်ရှုးများရောင်ကိုင်းလာစေနိုင်ပါတယ်။

    ၁၃။ လိင်အင်္ဂါတွင်း အနာများဖြစ်ပေါ်ပြီး ပြန်ရည်ကျိတ်များ ရောင်ကိုင်းလာသည့်ရောဂါ LGV (Lymphogranuloma Venereum)။

    LGV (Lymphogranuloma Venereum) ရောဂါဟာ Chlamydia trachomatis ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ STD ဖြစ်ပြီး လိင်အင်္ဂါ အနာများပေါက်ခြင်းနဲ့ ပေါင်ခြံတွင်းရှိ ပြန်ရည်ကျိတ်များရောင်ကိုင်းလာခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာ ယောက်ျားခြင်း လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အတွေ့ရများပြီး ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်။

    ရောဂါလက္ခဏာများ။

    လိင်အင်္ဂါနဲ့ စအိုမှာ အနာများပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း၊ မောပန်းလွယ်ခြင်း၊ ပေါင်ခြံရှိ သွေးဖြူကျိတ်များ ရောင်ကိုင်းလာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ စအိုကို လိင်ဆက်ဆံရာမှ ကူးစက်တာဆိုရင် LGV တွေဟာ စအိုအိမ် သွေးထွက်ခြင်းနဲ့ ပြည်ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ၁၄။ အမျိုးသမီး လိင်အင်္ဂါ ရောင်ရမ်းခြင်း ရောဂါ (Pelvic Inflammatory Disease)။

    အမျိုးသမီး လိင်အင်္ဂါတွေ ရောင်ရမ်းခြင်း ရောဂါ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ သပ်သပ်မဟုတ်ပေမဲ့ chlamydia နဲ့ ဆီးပူညောင်းကျ (gonorrhea) ရောဂါ တွေကို မကုသဘဲ ထားမယ်ဆိုရင် ထပ်တိုးတဲ့ ရောဂါ သစ် ဖြစ်ပါတယ်။ တကယ်လို့ ဘက်တီးရီးတွေက သားအိမ်နဲ့ တစ်ခြား မျိုးပွား အင်္ဂါတွေကို ပျံ့နှံသွားမယ်ဆိုရင် အမျိုးသမီး လိင်အင်္ဂါ ရောင်ရမ်းခြင်း ရောဂါ (Pelvic Inflammatory Disease) ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေ မြုံခြင်း အထိ ဖြစ်ပွားစေနိုင်တဲ့ အတွက် စောစောစီစီး ကုသသင့်ပါတယ်။

    ရောဂါလက္ခဏာများ။

    ဝမ်းဗိုက်အောက်ဘက်ပိုင်းနာကျင်ခြင်း၊ ဖျားနာခြင်း၊ ပုံမှန်မဟုတ်တဲ့ ပြည်များဆင်းခြင်း၊ လိင်ဆက်ဆံချိန်၊ ဆီးသွားချိန် နာကျင်ခြင်းခြင်းနဲ့ ဓမ္မတာ ကြားကာလမှာ သွေးဆင်းခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။

    လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေကို ဘယ်သူတွေ ကူးစက်ခံရနိုင်သလဲ။

    လိင်မှုကိစ္စပုံမှန်လုပ်နေတဲ့ ဘယ်သူမဆို လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )ကူးစက်ခံရနိုင်ပါတယ်။ ဒါပေမဲ့ လူငယ်များက လူကြီးတွေထက် STD ကူးစက်ခံရနိုင်ခြေမြင့်မားပါတယ်။ လိင်မှုကိစ္စ ပုံမှန်လုပ်နေတဲ့ အသက် ၂၅ နှစ်လောက်အရွယ်လူငယ်တွေထဲက တစ်ဝက်လောက်ဟာ STD ရောဂါ တစ်ခုမဟုတ် တစ်ခုတော့ ကူးစက်ခံရလေ့ရှိပါတယ်။ လိင်ဆက်ဆံဖော်များတဲ့ လူတွေဟာ STD ရောဂါ ရနိုင်ခြေ ပိုမြင့်ပါတယ်။ CDC (Centers for Disease Control and Prevention) အဖွဲ့ရဲ့ စောင့်ကြည့်ချက်အရ နောက်ပိုင်း လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ ဆစ်ဖလစ်နဲ့ LGV (Lymphogranuloma Venereum) လိုရောဂါမျိုး ပိုကူးစက်လာကြကြောင်း သိရပါတယ်။

    အပျိုစင်တွေ၊ လူပျိုတွေမှာရော လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေရှိနေနိုင်ပါသလား။

    အဖြေကတော့ ကူးစက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ STD ရောဂါ အများစုဟာ အရေပြားခြင်းထိတွေ့တာပဲဖြစ်ဖြစ် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းပဲ ဖြစ်ဖြစ် ဘယ်လို လိင်ဆက်ဆံမှု ပုံစံမျိုးမဆိုကနေ ကူးစက်နိုင်လို့ပါ။ အထူးသဖြင့် လိင်အင်္ဂါ အနာများကို ပေါက်စေတဲ့ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေက ပိုပြီး ကူးစက်နိုင်ပါတယ်။

    လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ကာကွယ်နည်းများ။

    လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းကတော့ ဘယ်လို လိင်မှုကိစ္စကိုမှ မလုပ်တာမျိုး ဒါမှမဟုတ်ရောဂါ မရှိတဲ့ အဖော်နဲ့ပဲ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးတာမျိုးက အကောင်းဆုံးပါပဲ။ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ရနိုင်ခြေကို လျှော့ချဖို့အတွက်ကတော့

    • ကိုယ့်ရဲ့အဖော်ကို STD ရှိ၊ မရှိ သေချာမေးမြန်းစုံစမ်းတာမျိုး။
    • နှစ်ယောက်သား လိင်မှု ကိစ္စ မလုပ်မီ သွေးသွားစစ်တာမျိုး။
    • ကွန်ဒုံး အသုံးပြုတာမျိုး။
    • သင့်အဖော်မှာ STD လက္ခဏာတွေ့နေရရင် လိင်ဆက်ဆံဖို့ ငြင်းတာမျိုး။
    • ရောဂါလက္ခဏာတွေကို သေချာစောင့်ကြည့်ပြီး ဆရာဝန်ထံ ပုံမှန် ကျန်းမာရေး စစ်ဆေးတာမျိုးကို ပြုလုပ်သင့်ပါတယ်။

    ကွန်ဒုံးများရဲ့ ကန့်သတ်ချက်များ။

    ကွန်ဒုံးတွေက လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD )တွေကို တားဆီးတဲ့ နေရာမှာ ထိရောက်ပေမဲ့ ပြည့်စုံတဲ့ ကာကွယ်မှုတော့မဟုတ်ပါဘူး။ ကွန်ဒုံးတွေဟာ ဆီးပူညောင်းကျ (gonorrhea)၊ chlamydia၊ HIV နဲ့ trichomoniasis တို့ကိုကာကွယ်ရာမှာ စွမ်းပေမဲ့ ရေယုန်၊ ဆစ်ဖလစ်နဲ့ လိင်အင်္ဂါ အသားပိုလို ရောဂါတွေကိုတော့ သိပ်မကာကွယ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကူးစက်ရောဂါတွေက ပေါက်နေတဲ့ အနာကို အရေပြားနဲ့ ထိတွေ့လိုက်ရုံဖြင့် ကူးစက်လေ့ရှိပြီး ဒီအနာတွေကိုလည်းကွန်ဒုံးတွေက မဖုံးပေးထားနိုင်ပါဘူး။ ဒါ့အပြင်ကွန်ဒုံးတွေဟာ ဆီးခုံသန်းတွေနဲ့ ဝဲနာတွေကိုတော့ လုံးဝ မကာကွယ်ပေးနိုင်ပါဘူး။

    လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) ရှိနေရင် လက်တွဲဖော်ကို ဘယ်လိုပြောပြရမလဲ။

    ကိုယ်ရဲ့ ဇနီးမယား၊ သို့ လင်ယောက်ျားကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင်တော့ သင့်မှာ STD ရှိနေကြောင့် ဖွင့်ပြောသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ကုသမှု ခံယူနေရင်တောင်၊ ကွန်ဒုံး အသုံးပြုမယ်ဆိုရင်တောင် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD ) တွေ ပျံ့နှံ့နိုင်လို့ပါပဲ။ တချို့သော STD တွေဆိုရင်တော့ ဆရာဝန်တွေက အဖော် ၂ ယောက်လုံးကို တစ်ပြိုင်နက် ကုသပေးပါတယ်။ ဒီလို ဖွင့်ပြောဖို့က တော်တော်ခက်နိုင်ပေမဲ့ စာရေးထားခဲ့တာမျိုးက သင့်အတွက်အဆင်ပြေပါလိမ့်မယ်။ ကိုယ့်အဖော်ကို ပြောပြီးပြီးဆိုရင်လည်း ကိုယ်ရဲ့ အဖော်က မေးခွန်းတွေမေးတာကို ဖြေဆိုဖို့နဲ့ သူ၊ သူမရဲ့ ခံစားချက်ကို ထုတ်ဖော်ပြတာကို သင် စောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

    လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) နဲ့ သန္ဓေ။

    ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ STD တွေကို သေချာ စစ်ဆေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ STD တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အချိန်မတိုင်မှီ ကလေးမွေးဖွားစေနိုင်ပြီး ကလေးမွေးဖွားခြင်းကိုလည်း ခက်ခဲစေနိုင်ပါတယ်။ ဒါ့အပြင် STD အများစုက ကိုယ်ဝန်ဆောင်နေတဲ့ အချိန်နဲ့ မွေးဖွားပြီး အချိန်မှာတောင် ကလေးကို ကူးစက်စေနိုင်ပါတယ်။ ဒီလို STD ရှိလျက်နဲ့ မွေးဖွားမယ်ဆိုရင် သားလျှောခြင်း၊ ကိုယ်အလေးချိန်နည်းခြင်း၊ အာရုံကြောဆိုင်ရာရောဂါများဖြစ်ခြင်း၊ မျက်လုံးကန်းခြင်းနဲ့ အသည်းရောဂါ အပြင် ပြင်းထန်တဲ့ ကူးစက်ရောဂါ တွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးကို လျှော့ချနိုင်တဲ့ ကုသနည်းတွေရှိပြီး ကိုယ်ဝန်ဆောင်ချိန် ကုသမှု ခံယူမယ်ဆိုရင် တစ်ချို့သော STD တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

    STD တွေက ပြန်ဖြစ်နိုင်ပါသလား။

    ကုသမှုအများစုကတော့ ကုသမှုခံယူပြီးလည်း နောက်တစ်ကြိမ် ပြန်ဖြစ်တာကို မကာကွယ်ပေးနိုင်ပါဘူး။ ဆေးဝါးတချို့က ဆီးပူညောင်းကျရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ chlamydia နဲ့ trichomoniasis တို့ကို ကုသနိုင်ပေမဲ့ ရောဂါရှိသူနဲ့ ပြန်လိင်ဆက်ဆံမယ်ဆိုရင် ထပ်ဖြစ်မှာပါ။ သင့်ရဲ့ အဖော်က မကုသရသေးဘူးဆိုရင် သင်က ကုသပြီးလည်း ထပ်ဖြစ်နိုင်ပါသေးတယ်။ သင်က ကြိုတင်ကာကွယ်မှုတွေ မပြုလုပ်ထားဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပြီး နောက်ထပ် STD ရောဂါ အသစ်တစ်မျိုးတောင် ရနိုင်ပါသေးတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement