၁။ အရင်ဆုံး ကိုယ့်ရဲ့ စိတ်ကိုတည်ငြိမ်သွားတဲ့အထိ စောင့်ပါ။ ဒီသတင်းကို စသိတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊ ပူလောင်မှု၊ သောကဝေဒနာတွေ ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ ဒီတော့ အချိန်အတိုင်းအတာတစ်ခု ပြီးသွားလို့ ကိုယ့်စိတ်က တည်ငြိမ်သွားပြီဆိုမှ စပြောရပါမယ်။
၂။ ကိုယ့်ရဲ့ အခြေအနေဖွင့်ပြောတဲ့အခါမှာ သူတို့မေးမယ့် မေးခွန်းတွေအတွက် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။ အရှင်းဆုံးနဲ့ နားလည်ဖို့ အလွယ်ကူဆုံး အဖြေတွေကိုပဲ ပေးပါ။
၃။ သူတို့ကို HIV ရှိနေကြောင်း ပြောဖို့ ကိုယ်တိုင်က ဒီရောဂါပိုးအကြောင်း သေသေချာချာ ဂဃဏနသိထားမှ သူတို့တွေ နားလည်အောင် ရှင်းပြနိုင်မှာဖြစ်ပါတယ်။
၄။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံဖို့၊ နားလည်ပေးဖို့ ဖွင့်ပြောပြနေချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း နားလည်ခွင့်လွှတ်ဖို့၊ တန်ဖိုးထားဖို့၊ စိတ်ဓါတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။
အချစ်ရေးအသစ်စဖို့ မျှော်လင့်ထားသူကို ဖွင့်ပြောတဲ့အခါမှာ ပိုပြီးတောင် စိတ်လှုပ်ရှားပူပန်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို နားလည်ပေးနိုင်မလား၊ လက်မခံဘဲ ထားသွားမလားဆိုတာ သေချာမသိနိုင်တဲ့ သူတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဒီတော့ သူတို့ကို ပထမဆုံးအကြိမ်တွေ့ပြီးတာနဲ့ နောက်တစ်ကြိမ်ချိန်းတွေ့တဲ့အခါမှာ ဖွင့်ပြောပြရပါမယ်။
၁။ ဖွင့်ပြောတဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါရဲ့ ကူးစက်ပျံ့နှံ့ပုံ၊ တားဆီးနိုင်ပုံ အစရှိတာတွေကို အရင်ဆုံး ပြောပြပါ။
၂။ စိတ်ကို အေးအေးထားပြီး ကိုယ်ပြောရမယ့် အကြောင်းအရာကို ဖြည်းဖြည်းချင်းစီ နားထဲဝင်အောင် ပြောပါ။
၃။ ကိုယ့်မှာ ရောဂါပိုးရှိတာမှန်တယ်၊ ဒါပေမယ့် လက်ရှိအချိန်မှာ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်၊ ကျန်းမာရေးကို ဂရုစိုက်တယ်၊ ချစ်ရတဲ့သူဆီကိုလည်း မကူးစက်စေဖို့ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာတွေကိုလည်း သိထားတဲ့အကြောင်း ပြောပြပါ။
၄။ သူတို့ကို သေချာစဉ်းစားဖို့ အချိန်ပေးပါ။ မလောလိုက်ပါနဲ့။ သူတို့အနေနဲ့လည်း ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ့်အပေါ်မှာ မေတ္တာဘယ်လောက်ရှိလဲ၊ ဘဝတစ်ခုကို အတူတည်ဆောက်ဖို့ အသင့်တော်ဆုံး လူတစ်ယောက်လား၊ သူတို့ကိုရော ကူးစက်နိုင်မလားဆိုပြီး တွေးပူနေရတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ အချိန်ပေးလိုက်ပါ။
ဒီအကြောင်းအရာကို ဖွင့်ဟဝန်ခံခြင်းဖြင့် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပိုပြီး နီးကပ်စေနိုင်သလို ဝေးကွာသွားတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဒါကို နားလည်လက်ခံထားပြီး ကိုယ့်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့သူတွေကို ကိုယ့်ရဲ့ အကြောင်းကို သေချာနားလည်အောင် ပြောပြပေးမှ သူတို့အနေနဲ့လည်း ဘယ်လိုဆုံးဖြတ်လို့ ရမလဲဆိုတာကို ပြန်ပြီး စဉ်းစားကြည့်နိုင်မှာပါ။ အကယ်လို့ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ရင်လည်း မမုန်းလိုက်ပါနဲ့။ ဒါဟာ သူတို့ဘဝ၊ သူတို့ရွေးချယ်မှု၊ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်တာပါပဲ။ ကိုယ့်အခြေအနေကို ဖုံးကွယ်ထားတာထက်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။
HIV ပိုးရှိပြီဆိုတာနဲ့ သေရမယ့်အချိန်ကို လက်ချိုးပြီး စောင့်နေရတဲ့ ခေတ်ဆိုတာ ကုန်လွန်သွားခဲ့ပါပြီ။ ဆေးကို မှန်မှန်သောက်မယ်။ ဆရာဝန်တွေ ပြောထားတဲ့အတိုင်း နေထိုင်စားသောက်မှု ပုံစံကို ပြုပြင်မယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်။ သွေးကို ၃လ တစ်ကြိမ်စစ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။