backup og meta

Tuberculosis Of The Genitourinary System (ဆီးလိင်လမ်းကြောင်းတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဆီးလိင်လမ်းကြောင်းတီဘီ ဆိုတာ ဘာလဲ။

ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ အဆုတ်ပြင်ပတီဘီကို ဆီးလိင်လမ်းကြောင်းတီဘီလို့ ခေါ်ပါတယ်။

ဆီးလိင်လမ်းကြောင်းတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

အဆုတ်ပြင်ပတီဘီအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဟာ ဆီးလိင်လမ်းကြောင်းတီဘီဖြစ်ပါတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဆီးလိင်လမ်းကြောင်းတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဆီးလိင်လမ်းကြောင်းတီဘီရှိသူ ၂၀ရာခိုင်နှုန်းမှာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။

ဒီရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့

  • ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်သည့်လက္ခဏာများ
  • ခါးနာခြင်း
  • ဆီးထဲသွေးပါခြင်း
  • သွေးလွှတ်ကြောတွင်း သွေးဖိအားမြင့်တက်ခြင်း
  • သုတ်ပို့ပြွှန်ရောင်ရမ်းခြင်း
  • ကပ်ပယ်အိတ်ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း
  • သန္ဓေမအောင်ခြင်း

အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့

  • လိင်တံပိုးဝင်ပြီး အနာဖြစ်ခြင်း
  • လိင်တံအရေပြားပိုးဝင်ခြင်း (Lupus vulgaris)

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားစေသလဲ။

တီဘီရောဂါဖြစ်ပွားစေတဲ့ အဓိကတရားခံက Mycobacterium tuberculosis ဘက်တီးရီးယားပိုးမွှား ဖြစ်ပါတယ်။ ဒီပိုးမွှားဟာ ၂၄နာရီတစ်ကြိမ် ဖြည်းဖြည်းချင်း ကြီးထွားကွဲပွားပြီး ခုခံအားဆဲလ်တွေထဲမှာ အသက်ရှင်နေထိုင်နိုင်ပါတယ်။ M. tuberculosis လောက် အတွေ့ရမများပေမယ့် M. kansaii, M. fortuitum, M. bovis, M avium-iintracellulare (MAI), M. xenopi, M. celatum စတဲ့ မျိုးစုတူ ဘက်တီးရီးယားတွေကြောင့်လည်း တီဘီရောဂါဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာ တွေ့ရတတ်တဲ့ လိင်အင်္ဂါတီဘီဟာ များသောအားဖြင့် အဆုတ်တီဘီကနေတဆင့် ရရှိလာတာဖြစ်ပါတယ်။ လိင်ကတဆင့် ကူးစက်နိုင်ချေနည်းပေမယ့် အမျိုးသားကနေအမျိုးသမီးဆီ ကူးစက်တဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။ အခြားသူတွေထက်စာရင် HIV ဗိုင်းရပ်စ်ပိုးရှိသူတွေမှာ တီဘီရောဂါဖြစ်ဖို့ အလားအလာပိုများသလို ယခင်က တီဘီပိုးဝင်ပြီး ရောဂါလက္ခဏာမပြဘဲ ရှိနေရာကနေ လက္ခဏာပြလာနိုင်ချေ ပိုများလာမှာဖြစ်ပါတယ်။ သုတ်ပို့ပြွန်တီဘီကိုတော့ လိင်ဆက်ဆံမှုများတဲ့ လူငယ်တွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။

ရှားရှားပါးပါးဆိုသလို အပေါ်ယံဆီးအိမ်အကျိတ်တွေကြောင့် intravesical bacilli Calmette-Gue’rin (BCG) ကုထုံး ခံယူနေရသူတွေမှာ သုတ်ပို့ပြွန်တီဘီနဲ့ ဆီးကျိတ်တီဘီ ဖြစ်ပွားနိုင်ပါတယ်။

ယေဘုယျအားဖြင့်ပြောရရင် မူလပိုးဝင်တဲ့နေရာက M.tuberculosis ပိုးမွှားတွေ သွေးကတဆင့် ဆီးကျိတ်ဆီရောက်တဲ့အခါ ဆီးကျိတ်တီဘီ ဖြစ်လာရပါတယ်။ တီဘီရောဂါရှိသူ အမျိုးသားအားလုံးရဲ့ ၁၀ရာခိုင်နှုန်းကနေ ၁၂ရာခိုင်နှုန်းမှာ ဆီးကျိတ်ဆီ ရောဂါပျံ့နှံ့တဲ့လက္ခဏာတွေ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ယခင်က တီဘီဖြစ်ဖူးတဲ့ လူနာတွေမှာ ဆီးကျိတ်တီဘီဖြစ်နိုင်ချေ အများဆုံးလို့ သတ်မှတ်နိုင်ပါတယ်။

စတီးရွိုက်ဆေးဝါး တာရှည်သုံးစွဲခြင်းနဲ့ ကိုယ်ခံအားကျဆင်းစေတဲ့ ကုထုံးတွေကလည်း တီဘီပိုးဝင်ဖူးသူတွေမှာ ရောဂါလက္ခဏာပြလာနိုင်ချေ ပိုမြင့်စေပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဥပမာ

  • တီဘီပိုးဝင်ဖူးခြင်း (အဆုတ်တီဘီ သို့မဟုတ် အဆုတ်ပြင်ပတီဘီ)
  • တီဘီလူနာနှင့် အနီးကပ်ထိတွေ့ဖူးခြင်း
  • ခုခံအားကျဆင်းခြင်း – ဥပမာ HIV ပိုး ကူးစက်ခံရခြင်း
  • ရွှေ့ပြောင်းသွားလာနေထိုင်ရခြင်း၊ လူနေမှုအဆင့်အတန်းနိမ့်ကျသည့် အပစ်ပယ်ခံ လူ့အသိုက်အဝန်းတွင် ရှင်သန်နေထိုင်ရခြင်း
  • နေရာဒေသ – အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ သြစတြေးလျနဲ့ အနောက်နိုင်ငံတွေထက်စာရင် အာရှနဲ့အာဖရိကမှာ တီဘီရောဂါဖြစ်ပွားမှုနှုန်း ပိုမြင့်ပါတယ်

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဆီးလိင်လမ်းကြောင်းတီဘီ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အထက်မှာပြောခဲ့သလိုပဲ ဆီးလိင်လမ်းကြောင်းတီဘီဟာ သိသာထင်ရှားတဲ့လက္ခဏာ ပြလေ့မရှိတဲ့အတွက် သက်ဆိုင်ရာဆရာဝန်အနေနဲ့ ရောဂါရဲ့သဘောသဘာဝကို အထူးသတိပြုဆင်ခြင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ရောဂါအဖြေရှာအတည်ပြုတဲ့နေရာမှာ လူနာရဲ့ရောဂါရာဇဝင်အကြောင်း အသေးစိတ်မေးမြန်းဖို့ အလွန်အရေးကြီးသလို ယခင်ကတီဘီဖြစ်ဖူးတဲ့ ဒါမှမဟုတ် တီဘီလူနာနဲ့ အနီးကပ်ထိတွေ့ဖူးတဲ့ အမျိုးသားတွေမှာ ဆီးကျိတ်တီဘီဖြစ်နိုင်ချေကို အလေးပေးစဉ်းစားသင့်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သုတ်ပို့ပြွန်ရောင်ရမ်းတဲ့ လူနာတွေကို ကုသမှုပေးတဲ့အခါ တီဘီရောဂါရှိမှန်း သတိမပြုမိတဲ့အတွက် သုတ်ပို့ပြွန်နဲ့ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပြီး ဓါတ်ခွဲစစ်ဆေးမှသာ ရောဂါအမည်တပ်နိုင်လေ့ရှိပါတယ်။

လူနာတစ်ယောက်မှာ ဆီးလိင်လမ်းကြောင်းတီဘီရှိမရှိ စဉ်းစားသင့်တဲ့ အခြေအနေတွေကတော့ ဆီးအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ ဆီးပြွန်ကင်ဆာ၊ ဆီးလိင်လမ်းကြောင်း ပိုးဝင်ခြင်း၊ ကပ်ပယ်အိတ် သို့မဟုတ် ဝှေးစေ့အကျိတ်ပေါ်ခြင်း၊ ခွဲစိတ်မှုခံယူပြီး ဆီးကျိတ်ရောင်ရမ်းခြင်း၊ bacilli Calmette-Gue’rin (BCG) ကုထုံးခံယူရခြင်း၊ macrophages ခေါ် ခုခံအားဆဲလ်များကြောင့် ဆီးကျိတ်ရောင်ရမ်းခြင်းနဲ့ ဘက်တီးရီးယားပိုးကြောင့် ဆီးကျိတ်ရောင်ရမ်းခြင်းတို့ပဲ ဖြစ်ပါတယ်။

လူနာရဲ့ရောဂါရာဇဝင်အပြင် အောက်ဖော်ပြပါ ဓါတ်ခွဲစစ်ဆေးမှုနဲ့ ပုံရိပ်ဖော်စစ်ဆေးမှုတွေကလည်း ရောဂါအဖြေရှာအတည်ပြုရာမှာ ထိထိရောက်ရောက် အထောက်အကူပြုနိုင်ပါတယ်။

  • သွေးစစ်ခြင်း – သွေးဆဲလ်စစ်ဆေးခြင်း၊ AFB ပိုးမွေးခြင်း
  • ဓါတ်မှန်ရိုက်ခြင်း – အဆုတ်တီဘီလက္ခဏာများကို စစ်ဆေးခြင်း
  • သလိပ်ပိုးမွေးခြင်း – အဆုတ်တီဘီသံသယရှိလူနာများကို သလိပ်နမူနာယူပြီး AFB ပိုးမွေးခြင်း

ဆီးလိင်လမ်းကြောင်းတီဘီကို ဘယ်လိုကုသလဲ။

ကုသမှုရဲ့ အဓိကရည်ရွယ်ချက်တွေက လူနာရဲ့ ကျောက်ကပ်လုပ်ငန်းစဉ် ကောင်းမွန်နေစေဖို့၊ အခြားသူဆီ ရောဂါကူးစက်နိုင်ချေ နည်းနိုင်သမျှနည်းစေဖို့နဲ့ တပြိုင်တည်းဖြစ်ပေါ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ အဆုတ်တီဘီထက်စာရင် ဆီးလိင်လမ်းကြောင်းတီဘီမှာ ဘက်တီးရီးယားပိုးကောင်ရေ ပိုနည်းလေ့ရှိတဲ့အတွက် ကုသမှုအပေါ် တုန့်ပြန်မှုပိုကောင်းပါတယ်။ ဒါ့အပြင် isoniazid နဲ့ rifampin ဆေးဝါးတွေကလည်း ဆီးလိင်လမ်းကြောင်း တီဘီကြောင့်ဖြစ်တဲ့ ရောဂါပိုးခိုအောင်းရာနေရာတွေကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။

တီဘီရောဂါကုသတဲ့အခါ ဆေးယဉ်ပါးတဲ့ပြဿနာ ဖြစ်မလာစေဖို့ ဆေးပေါင်းကုထုံးကို အဓိကအသုံးပြုမှာဖြစ်ပါတယ်။ ဆေးထိုးဆေးသောက်ရမယ့် အချိန်ကာလနဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးအဆက်မပြတ်ရလေအောင် ကျန်းမာရေးဝန်ထမ်းကိုယ်တိုင် လူနာကို တိုက်ရိုက်စောင့်ကြည့် ဆေးထိုးဆေးသောက်စေတဲ့စနစ်ကို ကျင့်သုံးဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

လက်ရှိအသုံးပြုနေတဲ့ စံကုထုံးအရ ပထမနှစ်လမှာ rifampin, INH, pyrazinamide တို့ကို သောက်သုံးရမှာဖြစ်ပြီး ဆေးယဉ်ပါးမှုမဖြစ်ပေါ်ခဲ့ရင် rifampin နဲ့ INH ကို နောက်ထပ်လေးလ ထပ်မံသောက်သုံးရမှာဖြစ်ပါတယ်။ အကယ်၍ ဆေးယဉ်ပါးမှုဖြစ်ပေါ်ခဲ့ရင် ပိုးမွေးပြီးရရှိလာတဲ့ ရလဒ်အဖြေအပေါ်မူတည်ပြီး ကုထုံးပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဆီးလိင်လမ်းကြောင်းတီဘီအတွက် ၄လကုထုံးခံယူဖို့ သတ်မှတ်ထားပြီး HIV ပိုးရှိသူတွေကိုတော့ ၉လကုထုံးခံယူဖို့ သတ်မှတ်ထားပါတယ်။

အာဟာရချို့ယွင်းနေတဲ့လူနာတွေကို တီဘီကုထုံးခံယူနေစဉ် ကာလတစ်လျှောက် အာဟာရဓါတ် ပြည့်ဝစွာဖြည့်တင်းပေးဖို့ အထူးလိုအပ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးမျာ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးလိင်လမ်းကြောင်းတီဘီကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

တီဘီရောဂါပျောက်ကင်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဘယ်လောက်ပဲ ရှုပ်ထွေးကြာရှည်တဲ့ကုသမှုမျိုးကို ခံယူရသည်ဖြစ်စေ ကုသမှုအစီအစဉ်အတိုင်း မပျက်မကွက်လိုက်နာဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် ဆေးအချိန်မှန်မှန်သောက်နိုင်အောင်၊ ဆေးသောက်ဖို့မမေ့ရအောင် ကျန်းမာရေးဝန်ထမ်းတွေက အကူအညီပေးနိုင်ပါတယ်။ ကုသမှုခံယူနေစဉ် အတောအတွင်း သင်လုပ်နေကျ လုပ်ငန်းဆောင်တာတွေ၊ သင်ဝါသနာပါတဲ့အရာတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ ကြိုးစားသင့်ပါတယ်။

ဒါ့အပြင် သင့်ရဲ့ခန္ဓါကျန်းမာရေးက စိတ်ကျန်းမာရေးအပေါ် လွှမ်းမိုးသက်ရောက်နိုင်တယ် ဆိုတဲ့အချက်ကို မမေ့သင့်ပါဘူး။ မမျှော်လင့်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတစ်ခုနဲ့ မလွှဲမရှောင်သာ ရင်ဆိုင်ရတဲ့အခါ အမှန်အတိုင်း လက်သင့်မခံနိုင်တာ၊ ဒေါသထွက်တာ၊ စိတ်မချင့်မရဲဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အဆိုပါစိတ်ခံစားမှုတွေကို အပြုသဘော ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ စိတ်ကျန်းမာရေးပညာရှင်၊ စိတ်ကုထုံးပညာရှင် စတဲ့ ကျွမ်းကျင်သူပညာရှင်တွေက သင့်ကို အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Tuberculosis of the Genitourinary System Overview of GUTB.

https://emedicine.medscape.com/article/450651-overview#a37.

Accessed May 7, 2018.

Tuberculosis of the genitourinary system-Urinary tract tuberculosis: Renal tuberculosis-Part I. https://www.ncbi.nlm.nih.gov/pmc/articles/PMC3737618/.

Accessed May 7, 2018.

Genitourinary Tuberculosis (GUTB).

https://www.myvmc.com/diseases/genitourinary-tuberculosis-gutb/ .

Accessed May 7, 2018.

Tuberculosis.

https://www.mayoclinic.org/diseases-conditions/tuberculosis/diagnosis-treatment/drc-20351256.

Accessed May 7, 2018.

ယခုပုံစံ

11/05/2020

Dr. Ye Mhan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်ရှူလမ်းကြောင်း အောက်ပိုင်း ပိုးဝင်ကူးစက်ခြင်းအကြောင်း သိကောင်းစရာ

အဆုတ်ပြည်တည်နာ သိကောင်းစရာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement