ထိပ်ကပ်နာအကြောင်း သိသင့်သမျှ လေးတွေကို ပြောပြပေးသွားဖို့ ရှိပါတယ်။
ထိပ်ကပ်နာအကြောင်း သိသင့်သမျှ
ထိပ်ကပ်နာအကြောင်း သိသင့်သမျှ တွေကတော့
ထိပ်ကပ်နာ ဆိုတာဘာလဲ
ထိပ်ကပ်နာဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပိုးတို့ကြောင့်ဖြစ်လာတဲ့ ဆိုင်းနပ်စ်ရောင်ရမ်းမှုဖြစ်ပါတယ်။ ဓာတ်မတည့်မှုများ၊ နှာခေါင်းအသားပို၊ သွားနှင့်ခံတွင်းပိုးဝင်ခြင်း၊ နှာရိုးအကန့်စောင်းနေခြင်းတို့ကလည်း ထိပ်ကပ်နာဖြစ်စေနိုင်ပါတယ်။
ထိပ်ကပ်နာကို ရောဂါလက္ခဏာကာမြင့်ချိန်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ် –
- Acute sinusitis (ရက်တိုအတွင်းဖြစ်တတ်တဲ့ထိပ်ကပ်နာ) က အများဆုံး ၄ပတ်အထိသာ ဖြစ်နိုင်ပြီး အအေးမိတာ၊ ဓာတ်မတည့်တာတွေနဲ့ရောပြီးဖြစ်တတ်ပါတယ်။
- Subacute sinusitis (ရက်ရှည်ထိပ်ကပ်နာ)က ၄ ပတ်ကနေ ၁၂ ပတ်အထိကြာနိုင်ပါတယ်။ Acute sinusitis နဲ့လက္ခဏာချင်းဆင်တူပေမယ့် ရောဂါအရှိန်တော့ပျော့ပါတယ်။
- Chronic sinus infections (နာတာရှည် ဆိုင်းနပ်စ်ပိုးဝင်ခြင်း)ကတော့ ရောဂါပိုးဝင်ခြင်း၊ နှာခေါင်းအသားပိုနဲ့ နှာခေါင်းအကန့်စောင်းနေတာ တို့ကြောင့်ဖြစ်လာတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အနည်းဆုံး ၁၂ ပတ် သို့မဟုတ် ပိုကြာနိုင်ပါတယ်။
ထိပ်ကပ်နာ အဖြစ်များသလား
ထိပ်ကပ်နာက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်းတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းအချက်တွေကို ဆင်ခြင်နေထိုင်မယ်ဆိုရင် အန္တရာယ်လျှော့ချနိုင်ပါတယ်။
ရောဂါလက္ခဏာများ
ထိပ်ကပ်နာရဲ့အဖြစ်များတဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ –
- မျက်နှာအစ်ခြင်း
- နှာခေါင်းလမ်းကြောင်းပိတ်ဆို့ခြင်း သို့ နှာပိတ်ခြင်းကြောင့် အသက်ရှူရခက်ခြင်း
- ချွဲသလိပ်ပုပ်များရှိနေခြင်း
- အဖျားရှိခြင်း
- ပုံမှန်အရောင်မဟုတ်သော နှာရည်ပျစ်ပျစ်များကျခြင်း
- မျက်လုံး၊ ပါး၊ နှာခေါင်း၊ နဖူး တဝိုက် နာကျင်ခြင်း၊ ကျိန်းစပ်ခြင်း၊ ရောင်ခြင်း
- အနံ့ခံနိုင်စွမ်း၊ အရသာခံနိုင်စွမ်းအားနည်းလာခြင်း တို့အပြင်
- နားကိုက်ခြင်း
- လည်ချောင်းနာခြင်း
- ခံတွင်းနံ့ဆိုးခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- မအီမသာဖြစ်ခြင်း
- သွားကိုက်ခြင်း
နာတာရှည်နဲ့ ရက်တိုထိပ်ကပ်နာရောဂါတို့က လက္ခဏာချင်းဆင်တူပေမယ့် ရက်တိုထိပ်ကပ်နာက အအေးမိတဲ့အခါ အတူဖြစ်တတ်တဲ့ ဆိုင်းနပ်စ်ယာယီရောဂါပိုးဝင်မှုတစ်ခုဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ
အောက်ပါအခြေအနေတွေထဲက လက္ခဏာတစ်ခုခုရှိလာရင် ဆရာဝန်ပြသင့်ပါတယ် –
- ကုသမှုမှာ တုံ့ပြန်မှုရှိမလာတာ၊
- ထိပ်ကပ်နာလက္ခဏာ ၇ရက်ကျော်တဲ့အထိ မပျောက်တာ
- အဖျားကြီးတာ
- မျက်လုံးရောင်တာ၊ မျက်စိနီရဲလာတာ
- စိတ်ရှုပ်ထွေးခြင်း
- အမြင်အာရုံဝေဝါးခြင်း
- ခေါင်းအရမ်းကိုက်ခြင်း
- ဇက်ကြောတောင့်တင်းခြင်း
ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ
နာတာရှည်ထိပ်ကပ်နာရဲ့အဖြစ်များတဲ့အကြောင်းရင်းတွေကတော့-
- နှာခေါင်းတွင်းအသားပိုဖြစ်ခြင်း
- Deviated nasal septum
- မွေးရာပါအသက်ရှူလမ်းကြောင်းပိတ်ဆို့ရောဂါ(cystic fibrosis)၊ အစာချေရည်အထက်ဆန်တက်ခြင်း၊ သို့မဟုတ် အိတ်ခ်ျအိုင်ဗီ နဲ့တခြားကိုယ်ခံအားဆိုင်ရာရောဂါတွေရဲ့ နောက်ဆက်တွဲလက္ခဏာများ
- ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးကြောင့် အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်ခြင်း
- ဓါတ်မတည့်မှုများ
ထိပ်ကပ်နာ ဖြစ်နိုင်ခြေရှိလာစေနိုင်တဲ့ အချက်များ
ထိပ်ကပ်နာဖြစ်ရင်ဖြစ်လာနိုင်မယ့် အန္တရာယ်အချက်တွေကဘာလဲ
- Deviated nasal septum သို့မဟုတ် နှာခေါင်းတွင်းအသားပိုဖြစ်ခြင်း
- ပန်းနာရင်ကျပ်ရှိခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်စေနိုင်တဲ့ Aspirin ဓါတ်မတည့်ခြင်း
- ကိုယ်ခံအားစနစ်ဆိုင်ရာရောဂါများ ဥပမာ- အိတ်ချိတ်အိုင်ဗီ/အေအိုင်ဒီအက်စ် သို့မဟုတ် cystic fibrosis
- Hay fever သို့မဟုတ် တခြားဓာတ်မတည့်ခြင်းများ
- စီးကရက်ငွေ့ လို လေထုညစ်ညမ်းမှုတွေ ပုံမှန်ထိတွေ့ရခြင်း
ရောဂါရှာဖွေစစ်ဆေးမှုနဲ့ ကုသမှု
ရောဂါရှာဖွေစစ်ဆေးမှုနဲ့ကုသမှုအတွက်က ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
ဘယ်လိုရောဂါစစ်ဆေးမလဲ
နာတာရှည်ထိပ်ကပ်နာရောဂါ စစ်ဆေးမှုတွေမှာ –
- နှာခေါင်းတွင်းမှန်ပြောင်းစစ်ဆေးမှု – နှာခေါင်းလမ်းကြောင်းအတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးခြင်း။
- CT scan သို့မဟုတ် MRI လို ပုံရိပ်ဖော်စစ်ဆေးမှုများ – နှာခေါင်းလမ်းကြောင်းနှင့်နှာခေါင်းအတွင်း အသေးစိတ်အခြေအနေကို ပြသနိုင်ပါတယ်။
- နှာခေါင်းနဲ့ဆိုင်းနပ်စ် ပိုးမွေးစစ်ဆေးခြင်း – ပိုးမွေးစစ်ဆေးမှုက ထိပ်ကပ်နာအတွက် အဖြစ်မနေလိုအပ်တဲ့ စစ်ဆေးမှုတော့မဟုတ်ပေမယ့် ကုသမှုနဲ့ရောဂါမသက်သာလာတဲ့အခါမျိုးမှာ ပိုးမွေးမြူခြင်းက ဘက်တီးရီးယား သို့မဟုတ် မှိုပိုးတို့လို အကြောင်းရင်းတွေကို စစ်ဆေးတွေ့ရှိနိုင်တာကြောင့်ဖြစ်ပါတယ်။
- ဓာတ်မတည့်မှုစစ်ဆေးခြင်း- အရေပြားစမ်းသပ်မှုက ဘေးအန္တရာယ်ကင်းပြီး နှာခေါင်းလမ်းကြောင်းပြဿနာပေါ်စေတဲ့ ဓာတ်မတည့်မှုအကြောင်းရင်းကို မြန်မြန်ဆန်ဆန်ဖော်ပြနိုင် ပါတယ်။
ဘယ်လိုကုသမလဲ
လူနာအများစုဟာ ထိပ်ကပ်နာသက်သာစေဖို့ အိမ်သုံးဆေးနည်းတွေနဲ့ ကြိုးပမ်းတတ်ကြပါတယ် –
- နာကျင်ကိုက်ခဲမှုသက်သာစေဖို့ မျက်နှာပေါ်ရေနွေးဝတ်ကပ်ပေးရင် ဆိုင်းနပ်စ်ထဲက ချွဲသလိပ်တွေ ကျလာစေနိုင်ပါတယ်။
- နှာခေါင်းထဲကို ဆားရည်နဲ့သန့်စင်ပေးရင် နှာခေါင်းပွင့်စေပြီး နှာရည်ထွက်ခြင်းသက်သာစေနိုင်ပါတယ်။
- အကိုက်အခဲပျောက်ဆေး တွေက အဖျားကျစေ၊ နာကျင်မှုသက်သာစေနိုင်ပါတယ်။
- အလွယ်တကူဝယ်ယူလို့ရတဲ့ နှာပွင့်ဆေး ဖျန်းဆေးနဲ့ အစက်ချဆေးတို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်ထက်တော့ ကျော်မသုံးသင့်ပါဘူး။ ရေရှည်စွဲသုံးရင် နှာပိတ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်။
ရောဂါလက္ခဏာပြင်းထန်လာရင်၊ ၇ ရက်အတွင်းမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။
- Corticosteroid အစက်ချဆေး သို့မဟုတ် ဖျန်းဆေးတွေက ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။
- တခါတရံ ဘက်တီးရီးယားကြောင့် ဖြစ်လာတဲ့ထိပ်ကပ်နာအတွက် ပဋိဇီဝဆေးဝါးတွေကို သုံးဖို့လိုနိုင်ပါတယ်။
ကုသနည်းတွေနဲ့မသက်သာရင် functional endoscopic sinus surgery (FESS) လို့ခေါ်တဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်လာနိုင်ပါတယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း
ဘယ်လိုနေထိုင်မှုပုံစံအပြောင်းအလဲတွေက ထိပ်ကပ်နာကို သက်သာစေနိုင်သလဲ
- စီးကရက်ငွေ့၊ သန့်ရှင်းရေးသုံးပစ္စည်းတွေမှာပါတဲ့ဓါတုပစ္စည်းတွေ နဲ့ လေထုညစ်ညမ်းစေတဲ့အမှုန်အမွှားတွေလို နှာခေါင်းနဲ့ဆိုင်းနပ်စ်ကို ကလိမယ့် အရာတွေကိုရှောင်ပါ။
- ရေနွေးငွေ့ရှူခြင်း – ရေနွေးပူပူထည့်ထားတဲ့ခွက်ထဲက အငွေ့ကိုရှူရှိုက်ခြင်း (ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးမဟုတ်)။ ရေနွေးထဲကို menthol အဆီအနည်းငယ်ထည့်သုံးနိုင်ပါတယ်။
- ဦးခေါင်းကိုမြှင့်ပြီးအိပ်ပါ- ခေါင်းအုံးနှစ်လုံးထပ်တာမျိုးက ထိပ်ကပ်နာကြောင့် နာကျင်ကိုက်ခဲမှုနဲ့ နေရခက်ခြင်းကို သက်သာစေနိုင်ပါတယ်။
မေးမြန်းစရာရှိတယ်ဆိုရင် ကျွမ်းကျင်သူ ဆရာဝန်တွေကို ဆွေးနွေးအကြံဉာဏ်တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။
[embed-health-tool-bmi]