backup og meta

နှာချေချင်တာအောင့်လိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာချေချင်တာအောင့်လိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်

    အစည်းအဝေးခန်းမှာ၊ အရေးကြီးပုဂ္ဂိုလ်တွေရှေ့မှာ၊ အများစီး ဘတ်စ်ကားပေါ်မှာ စတဲ့ လူအများကြားမှာရောက်တဲ့အချိန် ရုတ်တရက် ခပ်ပြင်းပြင်းနှာချေချင်လာရင် ဘယ်လိုလုပ်မလဲ။ တချို့သူတွေက တခြားသူတွေရှေ့ နှာချေလိုက်ရမှာကို သိပ်အားနာတတ်ကြပါတယ်။ ရုတ်တရက်ဆိုရင် နှာခေါင်းနဲ့ပါးစပ်ကို ပိတ်လိုက်မိပြီးအောင့်လိုက်တာမျိုး၊ အနည်းဆုံးတော့ နှာချေသံမကျယ်အောင် ကြိုးစားတတ်ကြပါတယ်။

    ဒါပေမယ့် ဒီလိုလုပ်တာ သိပ်ကိုမှားပါတယ်နော်။ချောင်းဆိုး၊နှာချေရင် နှာခေါင်းနဲ့ပါးစပ်ကိုဖုံးအုပ်ရမယ်ဆိုတာ ကိုယ့်ဆီက အမှုန်အမွှား၊ ဘက်တီးရီးယားတွေ တခြားသူဆီမပြန့်ပွားစေဖို့ လိုက်နာသင့်တဲ့အခြေခံကျန်းမာရေးအမူအကျင့်ပါ။ ဒါပေမယ့် နှာမချေရ၊အောင့်ထားရမယ်လို့ ဘယ်သူမှပြောမထားပါဘူး။

    နှာချေတယ်ဆိုတာခန္ဓါကိုယ်ထဲကို ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ မဝင်အောင် အာရုံကြောစနစ်က ပြုလုပ်တဲ့ အလိုအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒီအချိန်မှာ ပိတ်ပြီး မအောင့်လိုက်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတာ ဥပမာလေးတစ်ခုကို ကြည့်ရအောင်။

    BMJ Case Reports ဂျာနယ်ရဲ့ သတင်းတစ်ပုဒ်မှာ နှာချေမိမှာစိုးလို့ နှာခေါင်းနဲ့ပါးစပ်ကို အတင်းပိတ်အုပ်ပြီးအောင့်လိုက်ပြီးနောက် လည်ချောင်းကွဲသွားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးအကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့အတွက် နာကျင်မှုကြောင့် သူ့မှာ စကားလည်းမပြောနိုင်၊ ဘာမှလည်းမျိုမချနိုင်ဖြစ်နေရပါတယ်။

    လည်ချောင်းအနောက်ခြမ်းကွဲသွားတဲ့အဖြစ်ကဖြစ်တောင့်ဖြစ်ခဲပါပဲ။ အများအားဖြင့် ထိခိုက်မှုဒဏ်ကြောင့်သာဖြစ်တတ်တာပါ။ အော့အန်တာ၊လေအန် ပျို့တက်တာ၊ အပြင်းအထန်ချောင်းဆိုးတာတွေကြောင့်လည်းဖြစ်စေနိုင်ပါတယ်။

    ဒီအမျိုးသားကို အရေးပေါ်ခန်းမှာ စစ်ဆေးကြည့်တဲ့အခါ သူရဲ့လည်ချောင်းကနေ နံရိုးအိမ်အထိလေဝင်နေတဲ့ တစီစီအသံတွေကြားနေရပါတယ်။ ဒါဟာ လည်ချောင်းကွဲခြင်းကြောင့် သူ့ရဲ့ရင်ခေါင်းထဲမှာရှိတဲ့ အတွင်းပိုင်းတစ်ရှူးတွေနဲ့ ကြွက်သားတွေထဲကိုလေတွေဝင်ရောက်နေတဲ့ လက္ခဏာဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။

    သူဟာဆေးရုံမှာ ၇ ရက်နေခဲ့ရပြီး နာကျင်မှုနဲ့ရောင်ရမ်းမှုတွေ သက်သာတဲ့အထိ အစာကို ပိုက်နဲ့သွင်းခဲ့ရပြီး ပဋိဇီဝပိုးသတ်ဆေးတွေ သွင်းခဲ့ရပါတယ်။

    ဆရာဝန်တွေရဲ့ အကြံပြုချက်က ဘာဖြစ်မလဲ။ “နှာချေတာကိုအောင့်မထားပါနဲ့။”

    “နှာခေါင်းဝနဲ့ပါးစပ်ကို ပိတ်ညှစ်ပြီး နှာချေတာကိုအောင့်လိုက်တာက အန္တရာယ်များတဲ့အပြုအမူဖြစ်လို့ မလုပ်သင့်ပါဘူး။ ဒီလိုလုပ်ရင်နောက်ဆက်တွဲပြဿနာတွေအများကြီးရှိတယ်။ ဥပမာpseudomediastinum (အဆုတ်နှစ်ခုကြားက ရင်ခေါင်းထဲမှာလေတွေပိတ်မိနေတာ)၊ perforated eardrum(နားစည်ပေါက်ခြင်း) အပြင် ဦးနှောက်သွေးကြောပေါက်ပြဲခြင်းအထိဖြစ်စေနိုင်တယ်။” လို့ အင်္ဂလန်နိုင်ငံUniversity Hospitals of Leicester NHS Trust မှ သုတေသီတွေကပြောပါတယ်။

    နားစည်ပေါက်တယ်ဆိုရင်လည်း ပိုပြင်းထန်ရင် နားအတွင်းပိုင်းကနုနယ်တဲ့တည်ဆောက်ပုံတွေပေါက်ပြဲကုန်တဲ့အခါ အကြားအာရုံဆုံးရှုံးတဲ့အထိဖြစ်လာနိုင်ပါတယ်။ နှာချေတာကိုအောင့်လိုက်တဲ့အခါဖြစ်လာတဲ့ဖိအားကြောင့် မျက်စိ၊ နှာခေါင်း၊ နားစည်တို့မှာရှိတဲ့သွေးကြောငယ်လေးတွေပေါက်သွားစေနိုင်ပါသေးတယ်။

    ဘယ်လိုလုပ်ရမလဲ

    နှာချေချင်ရင်ချေလိုက်ပါ၊လေလည်မယ်ဆို လည်လိုက်ပါ။ ခန္ဓါကိုယ်ရဲ့အလိုအလျောက်တုံ့ပြန်မှုတွေ၊ လုပ်ဆောင်ချက်တွေကို ပိတ်ပင်တားဆီးလို့မရပါဘူး။ အန္တရာယ်မလွယ်ပါနဲ့ ဆိုတဲ့ လူကြီးသူမတွေရဲ့စကားထဲမှာ ဆီးကိုအောင့်ထားတာ၊ ဝမ်းကိုအောင့်တာအပြင်လေလည်တာ၊ နှာချေတာတွေကိုပါ ဆိုလိုတာဖြစ်နိုင်ပါတယ်။

    နှာချေချင်သလိုဖြစ်နေတဲ့အချိန်၊ နှာမချေခင်မှာတော့ အာရုံခံစနစ်ကိုနှိုးဆွတဲ့နည်းတွေနဲ့ ကာကွယ်လို့ရပါတယ်။ ဥပမာ နှာခေါင်းကနေလေပြင်းပြင်းမှုတ်ထုတ်တာ၊ နှာခေါင်းနဲ့ပါးစပ်ကြားကနေရာလေးကို ဖိတာ၊ ဒါမှမဟုတ် နှာခေါင်းပွတ်တာ မျိုး လုပ်လို့ရပါတယ်။

    မနေနိုင်လို့နှာချေတယ်ဆိုရင် တစ်ရှူး၊ လက်ကိုင်ပုဝါ သို့မဟုတ် လက်နဲ့ ဖုံးအုပ်ပြီးချေလို့ရသလို လက်မအားရင်တောင် (ဘတ်စ်ကားပေါ် သို့မဟုတ် လက်ထဲပစ္စည်းတွေကိုင်ထားရင်) တံတောင်ဆစ်နဲ့ကာပြီး နှာချေလို့ရပါတယ်။အောင့်လိုက်စရာမလိုပါဘူး။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement