backup og meta

တုပ်ကွေးအတွက် သဘာဝကုထုံးများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးအတွက် သဘာဝကုထုံးများ

    တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများစွာ ရှိပါတယ်။ တုပ်ကွေးဖြစ်ပွားချိန်မှာ ရောဂါဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ တုပ်ကွေးအတွက် သဘာဝကုထုံးများ ဖြစ်ပါတယ်။

    တုပ်ကွေးအတွက် သဘာဝကုထုံးများ

    တုပ်ကွေးအတွက် သဘာဝကုထုံးများ ကတော့

  • ရေ သို့မဟုတ် အရည်များများသောက်ပါ
  • တုပ်ကွေးဖြစ်ပွားနေချိန်မှာ ရိုးရိုးရေ ဒါမှမဟုတ် အရည်များများ သောက်ဖို့လိုပါတယ်။ ရေများများသောက်ရင် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။

    တုပ်ကွေးဖြစ်နေချိန်မှာ ပုံမှန်စားသောက်ခြင်း မပြုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ဖျားခြင်း၊ ဝမ်းပျက်ခြင်း စတာတွေကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။

    ရေဓာတ်ပြည့်ဝအောင် အောက်ပါအရည်တွေ သောက်သုံးနိုင်ပါတယ်။

    -ရေ

    -အုန်းရည်

    -ဓာတ်ဆားရည်

    – စွပ်ပြုတ်

    -အရည်ရွှမ်းသော အသီးအနှံများ

    ဆီးပုံမှန်သွားခြင်း၊ ဆီးအရောင်ကြည်ခြင်း ဒါမှမဟုတ် အဝါရောင်ဖျော့ဖျော့ရှိခြင်း စတာတွေဟာ ရေဓာတ် ပြည့်ဝတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဆီးအရောင်ရင့်နေရင်တော့ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နေနိုင်ပါတယ်။

    • စွပ်ပြုတ်ပူပူနွေးနွေးသောက်ပါ

    ကြက်စွပ်ပြုတ် ဒါမှမဟုတ် အမဲရိုးကို စွပ်ပြုတ်ကို ပူပူနွေးနွေးသောက်ခြင်းဟာ အရည်ဓာတ် ပြည့်ဝစေတဲ့အပြင် အားလည်းဖြစ်စေပါတယ်။ နှာပိတ်ခြင်းကို သက်သာစေပါတယ်။ ပရိုတိန်းအပြင် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေလည်း ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အရည်ပဲ မသောက်ပဲ အသားဖတ်တွေကိုပါ စားမှ ပရိုတိန်းဓာတ် အပြည့်အဝ ရမှာ ဖြစ်ပါတယ်။

    တုပ်ကွေးမိနေချိန်မှာ အနားယူဖို့ ပိုမိုလိုအပ်ပါတယ်။ အိပ်စက်ခြင်းဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။ ကိုယ်ခန္ဓာကနေ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ရာမှာလည်း အထောက်အကူ ပြုပါတယ်။

    • ဇင့်သုံးစွဲပါ

    ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်အတွက် အလွန်အရေးကြီးပါတယ်။ သင့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးဖြူဥတွေကနေ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ပါဝင်ကူညီပေးပါတယ်။ သုတေသနတွေအရ ဇင့်ဓာတ်ဟာ အအေးမိတုပ်ကွေး လက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်တဲ့အပြင် ရောဂါပိုးတွေ ပွားများခြင်းကို ဟန့်တားပေးနိုင်ပါတယ်။

    ဇင့်ဓာတ်ပါတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    – အသား

    – ကမာကောင်

    – ပဲနီလေး

    – ကုလားပဲ

    – ပဲကြီး

    – အခွံမာသီး

    – အစေ့အဆန်များ

    – နို့ထွက်ပစ္စည်းများ

    – ဥအမျိုးမျိုး

    • ဆားရည်ဖြင့် အာလုပ်ကျင်းပါ

    ဆားကို ရေနွေးနွေးမှာဖျော်ပြီး အာလုပ်ကျင်းပေးခြင်းဟာ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ ချွဲသလိပ်တွေကိုလည်း ကင်းရှင်းစေပါတယ်။ ဆားရည်ကို ဘယ်လိုဖျော်စပ်သင့်တယ်ဆိုတာ အောက်မှာဖော်ပြထားပါတယ်။

    ၁။ ရေကို ဆူအောင်ကျိုချက်ပါ။ အနည်းငယ် အအေးခံပါ။ ရေ ၈ အောင်စလောက်မှာ ဆားကို ဇွန်းဝက်လောက်ထည့်ပါ။

    ၂။ အနည်းငယ်နွေးပြီး ခံတွင်းက ခံနိုင်တဲ့ အပူချိန်လောက်ရောက်ရင် လည်ချောင်းနောက်ပိုင်းလောက် ရောက်အောင် အာလုတ်ကျင်းပေးပါ။ ဆယ်စက္ကန့်ကနေ စက္ကန့်သုံးဆယ်လောက် ငုံထားပေးပါ။

    ၃။ ထွေးထုတ်ပြီးရင် ၃-၄ကြိမ်လောက် ထပ်ငုံပါ။ ဆားရည်ကို မျိုမချပါနဲ့။

    • ဆေးဘက်ဝင်အပင်များကို လက်ဖက်ခြောက်လုပ်သောက်ပါ။

    ဆေးဘက်ဝင်အပင်တွေမှာ သဘာဝအလျောက် ဗိုင်းရပ်စ်ဆန့်ကျင်တဲ့၊ ဘက်တီးရီးယား နှိမ်နင်းနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဥပမာ ကြယ်ပွင့်ပုံစံလေးတွေရှိတဲ့ နာနတ်ပွင့်ကနေ တုပ်ကွေးပျောက်ဆေး oseltamivir ကို ထုတ်လုပ်ထားပါတယ်။ Oseltamivir phosphate ကို Tamiflu လို့ လူသိများပြီး တုပ်ကွေးဖြစ်ရင် မြန်မြန်သက်သာအောင်၊ တုပ်ကွေးကို ကာကွယ်နိုင်အောင် သောက်သုံးကြပါတယ်။ တခြား ဆေးဘက်ဝင်အပင်တွေနဲ့ အရွက်တွေကနေလည်း ရောဂါပိုးသေစေတဲ့၊ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

    ရေနွေးကနေ ထွက်လာတဲ့ ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းဟာ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အဆုတ် စတာတွေကို ရှင်းလင်းစေပါတယ်။ ချွဲသလိပ်များကို ပျော်စေပါတယ်။ ပူနွေးပြီး စိုစွတ်တဲ့ ရေနွေးငွေ့ဟာ နှာခေါင်းတွင်းနဲ့ အဆုတ်တွင်းမှာ ရောင်ရမ်းမှုတွေကို လျော့ကျသက်သာစေပါတယ်။

    ဒါပေမယ့် ရေနွေးငွေ့ကို ရှူရာမှာ ပွက်ပွက်ဆူနေတဲ့ ရေမဖြစ်စေဖို့ သတိပြုရပါမယ်။ အပူမဟပ်စေဖို့ ဖြစ်ပါတယ်။ မရှူရှိုက်ခင်မှာ အပူချိန်ကို သိရှိဖို့ လိုပါတယ်။ ဆေးအဆီတချို့ကိုထည့်ပြီး ရှူရှိုက်ပေးရင် ပိုကောင်းပါတယ်။

    • အစာကြေလွယ်မယ့် အစာတွေပဲစားပါ

    ဗိုက်ပါမကောင်းဘူးဆိုရင် အစားကို တကြိမ်စီမှာ နည်းနည်းပဲစားပါ။ ဗိုက်ပြည့်အောင် မစားပါနဲ့။ အပူအစပ် မစားပါနဲ့။ အထူးသဖြင့် ပျို့အန်ချိန်၊ ဗိုက်အောင့်ချိန်၊ ဝမ်းပျက်ချိန်တွေမှာ သတိထားရပါမယ်။ တုပ်ကွေးမိပြီး နေမကောင်းဖြစ်ချိန်မှာ အစာကြေလွယ်ပြီး အားဖြစ်စေမယ့် အစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – ကွေကာအုပ်

    – ဆန်ပြုတ်

    – စွပ်ပြုတ်

    – အာလူးပြုတ်

    – ကြက်သားပြုတ်

    – ဓာတ်ဆားကြွယ်ဝသော ဖျော်ရည်များ

    ဗိုက်မကောင်းချိန်မှာ မစားသုံးသင့်သော အစားအစာများကတော့

    – ဒိန်ခဲ

    – ကဖိန်း

    – အပူအစပ်များ

    – ကြော်ထားသော စားစရာများ

    – အဆီများသော စားစရာများ

    – အရက် စတာတွေ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    07/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement