အအေးမိတာက ဘယ်လောက်ကြာတတ်လဲ။
အအေးမိတဲ့လက္ခဏာတွေကို ပုံမှန်အားဖြင့်က သီတင်းပတ် တစ်ပတ်လောက်ကြာတဲ့အထိခံစားရနိုင်ပါတယ်။ အိမ်မှာပဲနေပြီး ပြည့်ပြည့်ဝဝအနားယူမယ်။ အာဟာရပြည့်ဝအောင်စားသုံးပေးမယ်၊ ရေဓါတ်ပြည့်ဝအောင် သောက်သုံးမယ်ဆိုရင် သက်သာသွားမှာအသေအချာပါ။ ဒါပေမယ့်သီတင်းပတ် တစ်ပတ်ကြာတဲ့အထိမှ အဖျားက သက်သာမလာဘူးဆိုရင်တော့ ဘက်တီးရီးယားတစ်မျိုးမျိုး ကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ပဋိဇီဝဆေးတစ်မျိုးမျိုးသောက်သုံးဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။
တုပ်ကွေးဖြစ်ရင် ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ်။
တုပ်ကွေးက ပုံမှန်အားဖြင့်တော့ အအေးမိတာထက် ပိုပြင်းထန်တတ်ပါတယ်။ရောဂါတိုးတက်လာတဲ့ပုံစံကလည်း ပိုပြီးမြန်ဆန်တတ်ပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ လည်ချောင်းနာမယ်၊ အဖျားတက်မယ်၊ခေါင်းကိုက်မယ်၊ ကြွက်သားတွေနာကျင်မယ်၊ နှာခေါင်းပိတ်မယ်၊ချောင်းဆိုးမယ်။ပြင်းထန်တဲ့ တုပ်ကွေးပိုးကူးစက်ခံရတာမျိုးဆိုရင်အော့အန်တာနဲ့ဝမ်းသွားတာတွေလည်းဖြစ်နိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုမလဲ။
သာမန်ဖျားနာတာလောက်ကပြည့်ပြည့်ဝဝလေးအနားယူမယ်၊ အာဟာရပြည့်ဝအောင်စားသုံးမယ်၊ သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူလိုက်မယ်ဆိုရင် သက်သာသွားတတ်ပေမယ့် အဖျားကတော်တော်ကြာတဲ့အထိမှ မသက်သာဘူးဆိုရင်တော့ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။
အသက်ရှုရခက်ပြီး ရင်ဘတ်ထဲကအောင့်နေမယ်
အအေးမိဖျားနာတာက အသက်ရှုရခက်စေတာမျိုး၊ ရင်ဘတ်ထဲကအောင့်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ဝေဒနာနဲ့ အဆုတ်ရောင်ရောဂါတွေကိုခံစားနေရတာကြောင့်ပါ။ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
အဖျားက အချိန်ကြာတဲ့အထိ မသက်သာလာဘူး
အဖျားကတော်တော်ကြာတဲ့အထိ မသက်သာဘူးဆိုရင် ဗိုင်းရပ်စ်တစ်မျိုးမျိုးကူးစက်ခံရတာကြောင့်ပါ။ ဒီလိုအနေအထားမျိုးက ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့ လိုပါလိမ့်မယ်။
အစားအစာတွေမျိုချရခက်လာမယ်
ဒါက ပုံမှန်တော့မဟုတ်ပါဘူး။ လည်ချောင်းနာနေတာကြောင့် စားရသောက်ရတာ နည်းနည်းအခက်အခဲရှိနိုင်ပေမယ့် ပုံမှန်ထက်နာကျင်လာပြီး အစားအစာတွေကိုပါ မျိုချရခက်လာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်ခံထားရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။
ချောင်းဆိုးတာရှည်မယ်
ချောင်းဆိုးတာက တစ်ပတ်၊ နှစ်ပတ်ကျော်တဲ့အထိကြာမြင့်နေပြီး သက်သာလာတာမျိုးမရှိဘူးဆိုရင် ကြက်ညှာချောင်းဆိုးဖြစ်နေတာဖြစ်နိုင်ပါတယ်။ချောင်းဆိုးအရမ်းတာရှည်တာက အဖျားကြောင့်ဆိုတာထက်ရောဂါပိုးတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်တာပါ။ ဒါကြောင့် တတ်ကျွမ်းနားလည်သူနဲ့ပြသကြည့်ဖို့ပြောပါရစေ။
နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာကတော်တော်နဲ့မသက်သာဘူး
အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာနဲ့ခေါင်းကိုက်တာက အဖျားကျသွားချိန်မှာသက်သာသွားတတ်ပြီးတော်တော်နဲ့ မသက်သာဘူးဆိုရင်တော့နောက်ထပ်ကုသမှုတွေခံယူဖို့လိုအပ်နေတာဖြစ်ပြီး နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသဖို့လိုအပ်ပါမယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။